PR: ကမ္ဘာ့ ရေရှည်အကျိုးရှိသော ရာဘာထုတ်လုပ်မှု ကဏ္ဍတွင် မြန်မာမှ ဦးဆောင်နိုင်ရေး | WWF

PR: ကမ္ဘာ့ ရေရှည်အကျိုးရှိသော ရာဘာထုတ်လုပ်မှု ကဏ္ဍတွင် မြန်မာမှ ဦးဆောင်နိုင်ရေး



Posted on 28 November 2017
Rubber Production
Rubber Production
© Chit Ko Lynn / WWF-Myanmar
ရန်ကုန်၊ နိုဝင်ဘာ ၂၇။ ရာဘာအား ရေရှည်အကျိုးရှိသောနည်းလမ်းဖြင့် ထုတ်လုပ်ရေး ပြိုင်ပွဲတွင် မြန်မာနိုင်ငံ အား ေ့ရှရောက်စေမည့် စီမံကိန်း တစ်ခုအား ယခုလတွင် စတင်ခဲ့သည်။ ရာဘာထုတ်လုပ်မှု နည်းစနစ်များကို အဆင့်မြှင့်တင်ခြင်အားဖြင့် မြန်မာနိုင်ငံအား ရာဘာကို ရေရှည်အကျိုးရှိသည့် နည်းလမ်းဖြင့် ထုတ်လုပ်သော ကမ္ဘာ့ အဆင့်တစ်နိုင်ငံ အဖြစ် ရပ်တည်နိုင်ရန် ပူးပေါင်းဆောင်ရွက်သူများ က ရည်ရွယ်၍ အဆိုပါ စီမံကိန်း ကို တနင်္သာရီ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီး ရာဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်း နှင့် WWF တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
 
“မြန်မာနိုင်ငံမှာက ရာဘာစိုက် တောင်သူတွေက ဝယ်လိုအား အကန့်အသတ်ရှိတာကြောင့် အရည်အသွေးမြင့်တဲ့ ရာဘာတွေကို မထုတ်လုပ်ကြသလို ရာဘာ အရည်အသွေး နိမ့်တာကြောင့် နိုင်ငံတကာက ဝယ်လိုအားနည်းတယ်ဆိုတဲ့ ဝိရောဓိအခြေအနေ ဖြစ်နေပါတယ်။ အခု ကျွန်တော်တို့ရဲ့ စီမံကိန်း က ရေရှည်အကျိုးရှိတဲ့ အရည်အသွေးမြင့် ရာဘာတွေကို စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ သာမက မြန်မာနိုင်ငံကို သစ်တောပြုန်းတီးမှု မရှိတဲ့ ရာဘာစိုက်ပျိုး ထုတ်လုပ်သူ နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာ ကုမ္ပဏီတွေ က ရှုမြင်လာနိုင်ဖို့ အတွက်ပါ ရည်ရွယ်ပါတယ်” ဟု WWF-မြန်မာမှ သဘာဝသဟဇာတ စိုက်ပျိုးရေး အရာရှိ ဦးသန်းမြင့်ဆွေ ကပြောသည်။
 
လက်ရှိအချိန်တွင် ကမ္ဘာ့ထိပ်တန်း ရာဘာဝယ်ယူသူများဟာ သစ်တောပြုန်းတီးမှု မရှိသော ရာဘာစိုက်ပျိုးမှုမှ ရရှိလာသည့် ရာဘာများ ကို ဝယ်ယူမှု ပိုမိုများပြားလာနေသည်။ တာယာထုတ်လုပ်သည့် ထိပ်တန်း ကုမ္ပဏီကြီး ၅ ခုအနက် ၂ ခု ဖြစ်သည့် Michelin နှင့် Pirelli တို့က ၄င်းတို့ ထုတ်လုပ်သည့် တာယာများအတွက် အသုံးပြုသည့် ရာဘာများကို ရေရှည်အကျိုးရှိသည့် စိုက်ပျိုးမှုပုံစံမှ ရယူ အသုံးပြုမည် ဖြစ်ကြောင်း ကတိကဝတ် ပြုထားကြပြီး ဖြစ်ကာ အခြား ကုမ္ပဏီများ မှာလည်း မကြာမီ အလားတူ ဆောင်ရွက်ဖွယ်ရှိနေသည်။
 
မြန်မာနိုင်ငံ၏ ရာသီဥတုအနေအထားကြောင့် ပင်မ ရာဘာ စိုက်ပျိုးရေးနယ်မြေတစ်ခု ဖြစ်လာကာ စိုက်ခင်းများ ပို၍ပို၍ တိုးပွားလာနေသော်လည်း ထိပ်တန်း တည်ငြိမ်သည့် ဈေးကွက်သို့ မပေါက်ရောက်ခြင်း သို့မဟုတ် ရာဘာနှင့် ပတ်သက်၍ စုပေါင်းအားတစ်ရပ် မတည်ဆောက်နိုင်ခြင်းကြောင့် ရာဘာစိုက်ပျိုးသူများမှာ သီးခြားစီ ကွဲပြား လုပ်ကိုင်နေကြပြီး ကမ္ဘာ့ဈေးကွက် ရုတ်တရက် ဈေးကျဆင်းသည့်အခါ အသက်မွေးမှု လုပ်ငန်းကိုပါ ဆုံးရှုံးရတော့မည့် ဘေးနှင့် ရင်ဆိုင်နေကြရသည်။ ထို့အပြင် ရာဘာစိုက်ပျိုးမှု ချဲ့ထွင်လာခြင်းကြောင့် သစ်တောဧရိယာ၏ ကြီးမားသည့် အစိတ်အပိုင်းသည် ယခင်က ယင်းနေရာတွင် ကျက်စားခဲ့သည့် သားငှက်တိရစ္ဆာန်များနှင့် ယင်းနေရာမှ သစ်တောထွက် ပစ္စည်းများ အပေါ် မှီခိုနေရသည့် ဒေသခံများအား ထောက်ပံ့မှုများ ပြုလုပ်နိုင်ခြင်း မရှိတော့ပေ။
 
“တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးကို ပံ့ပိုးနိုင်မယ့် မြေယာစီမံခန့်ခွဲမှု အလေ့အထကို မတွေ့ရသလောက်ပါပဲ။ ဒီအချက်နဲ့ စိုက်ပျိုး သီးနှံနဲ့ မြေဆီအမျိုးအစား ကိုက်ညီမှု မရှိဘဲ ချဲ့ထွင် စိုက်ပျိုးလာတာတွေကို စောင့်ကြည့်စစ်ဆေးမှု အားနည်းတာကြောင့် သက်တမ်းရင့် သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းလိုက်တာတွေ ဖြစ်လာနိုင်ပြီး လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖန်တီးမိလာပါတယ်” ဟု WWF-မြန်မာ မှ ရေရှည်တည်တံ့သော စီးပွားရေး အစီအစဉ် မန်နေဂျာ မစ္စတာ ဂေါရုဖ် ဂုပ်တား ကပြောကြားခဲ့သည်။
 
အဆိုပါ စီမံကိန်းက ဆက်စပ်ပတ်သက်သူများအား ဆုံးဖြတ်ချက် ချမှတ်မှုများအတွက် ထည့်သွင်းစဉ်းစားဖွယ်များ ရရှိနိုင်ရန်နှင့် ထိန်းသိမ်းရေး တန်ဖိုးမြင့် ဧရိယာများအတွင်း စိုက်ပျိုးမြေ ချဲ့ထွင်မှု မရှိဘဲ ရာဘာနှင့် အခြားလူသုံးကုန်များအား ရေရှည်အကျိုးရှိစွာ စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်ပေးသည့် မူဝါဒများ ချမှတ်နိုင်ရေးအတွက် မျှော်မှန်းချက်နှင့် အုပ်ချုပ်ကြီးကြပ်ရေးအဖွဲ့ တစ်ခု ပေါ်ပေါက်လာရေးအတွက် တနင်္သာရီ တိုင်းဒေသကြီးအတွင်း မြေအသုံးချမှု ပုံစံရေးဆွဲခြင်း လုပ်ငန်းစဉ် တစ်ခုကို စတင် အကောင်အထည်ဖော်သွားပါမည်။
 
အဆိုပါ စီမံကိန်း မှတစ်ဆင့် ရာဘာသီးနှံ ရောနှောစိုက်ပျိုးခြင်း လုပ်ငန်းကို အသေးစားမှ အကြီးစားသို့ ပြောင်းလဲရန် စွမ်းဆောင်နိုင်မည် ဖြစ်ပြီး၊ သစ်တောပြုန်းတီးမှု မရှိသည့် ရေရှည်အကျိုးရှိသော စိုက်ပျိုး နည်းစနစ် ၏ အကျိုးကျေးဇူး ကို ဒေသခံ တောင်သူများ ရရှိစေရန် ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။
 
ထို့အပြင် ရေရှည်တည်တံ့သော ရာဘာအရင်းအမြစ်များ ကို ရယူသုံးစွဲမှုများပြားလာသည့် နိုင်ငံတကာ ကုမ္ပဏီများ ကို ဆွဲဆောင်ခြင်း အားဖြင့် ဈေးကွက်ခိုင်မာမှုရှိစေရေး ကိုလည်း အဆိုပါ စီမံကိန်းမှ တစ်ဆင့် ကူညီပေးနိုင်မည် ဖြစ်သည်။
 
                                                ------ ပြီး ------
WWF ဆိုသည်မှာ
 
ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက် တိရစ္ဆာန်နှင့် ဇီဝနယ်မြေများ ထိန်းသိမ်းရေး၊ အစိမ်းရောင်စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်ပါသည်။
 
WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့ သားငှက်တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)
Rubber Production
Rubber Production
© Chit Ko Lynn / WWF-Myanmar Enlarge