RP: ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ်ကို သဘာဝနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက်ရန်လို | WWF

RP: ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ်ကို သဘာဝနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက်ရန်လို



Posted on 18 January 2018
Road constructed in the forest.
© Min Zayar Oo / WWF-Myanmar
ရန်ကုန်၊ ဇန်နဝါရီ ၁၈။    WWF ၏ အစီရင်ခံစာ တစ်စောင်ဖြစ်သော “တရုတ်၏ မြန်မာနိုင်ငံတွင်း ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ်(BRI) ကို သဘာဝနှင့် သဟဇာတဖြစ်စေခြင်း”  အစီရင်ခံစာက BRI အနေဖြင့် မြန်မာနိုင်ငံအတွင်း ထူးခြားသည့် ဖွံ့ဖြိုးရေး အခွင့်အလမ်းများ ပေးစွမ်းနိုင်သလို သစ်တောများ၊ မြစ်များ၊ မြေလွှာများ၊ ဇီဝမျိုးကွဲများနှင့် ပင်လယ်များ အပါအဝင် မြန်မာ့ သဘာဝ အရင်းအနှီးနှင့် ပြည်သူတို့အပေါ် ကြီးမားသည့် စွန့်စားပေးဆပ်ရမှုလည်း ရှိမည်ဖြစ်ကြောင်း ထောက်ပြ ရေးသားထားသည်။

“လမ်းတွေကို ဂေဟစနစ်တွေ အစိတ်စိတ်အပိုင်းပိုင်းဖြစ်၊ သားငှက်တိရိစ္ဆာန်တွေ မျိုးသုဉ်းစေ သို့မဟုတ် BRI လမ်းစီမံကိန်းတွေက အကျိုးအမြတ်တွေအတွက် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ ကြီးမားတဲ့ အစားထိုး ပေးဆပ်ရမှာတွေ ရှိနေပါတယ်။ ပိုကောင်းတဲ့ စီစဉ်မှု၊ ပုံစံထုတ်မှုတွေနဲ့ဆိုရင် ဒီပေးဆပ်ရနိုင်ချေတွေကို ရှောင်လွှဲနိုင် သို့မဟုတ် လျှော့ချနိုင်ပါလိမ့်မယ်။” ဟု WWF-မြန်မာမှ အစိမ်းရောင် စီးပွားရေး အစီအစဉ်နှင့် မူဝါဒဆိုင်ရာ မန်နေဂျာ ဟန်နာ ဟယ်ဆင်ဂန်က ပြောကြားလိုက်သည်။

ရပ်ဝန်းတစ်ခု လမ်းမတစ်ခု အစီအစဉ် (BRI) သည် လူဦးရေ ၂၄ သန်းခန့် နေထိုင်ရာ ဧရာဝတီ မြစ်ဝှမ်းဒေသနှင့် ပတ်ဝန်းကျင် တောင်တန်းဒေသများရှိ နယ်မြေများကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ယင်းလူအများသည် သစ်တောများ၊ မြစ်ချောင်းများ၊ ကုန်းမြေများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပင်လယ်သမုဒ္ဒရာများ အပေါ်တွင် သန့်စင်သော သောက်သုံးရေနှင့် သဘာဝဘေးအန္တရာယ် လျှော့ချပေးမှုတို့ အပါအဝင် အကျိုးကျေးဇူး များစွာအတွက် မှီခိုနေကြရသည်။

“ဒီအစီရင်ခံစာက အဆိုပြုထားတဲ့ အရှေ့မှ အနောက်နှင့် မြောက်မှတောင် စင်္ကြံလမ်းမကြီး ၂ ခုအတွက် အခြေခံအဆောက်အအုံ ဆောက်လုပ်မှု ပုံစံက မြန်မာ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ နိုင်ငံရဲ့ သဘာဝအရင်းအနှီး ပိုင်ဆိုင်မှုတွေအပေါ် ဘယ်လို မှီခို သက်ရောက်မှုရှိတယ်ဆိုတာကို အဓိကထား ဖော်ပြထားပါတယ်” ဟု WWF-မြန်မာမှ အစိမ်းရောင် စီးပွားရေးဆိုင်ရာ အရာရှိ စိုင်းနေဝန်းမြင့်က ဆိုပါသည်။

သဘာဝအရင်းအနှီးဟု ခေါ်ဆိုသည့် အပင်များ၊ သတ္တဝါများ၊ လေ၊ ရေ၊ မြေဆီလွှာနှင့် သတ္တုတွင်းထွက်များက လူတို့ကို အကျိုးကျေးဇူး များစွာ ပေးပါသည်။ ယင်းအကျိုးကျေးဇူးများတွင် သန့်စင်သည့် လေ၊ ရေ၊ အစားအစာ၊ စွမ်းအင်၊ အမိုးအကာ၊ ဆေးဝါးတို့သာမက အပန်းဖြေမှု၊ ရာသီဥတု ထိန်းညှိမှု၊ ဝတ်မှုံကူးခြင်းနှင့် ရေကြီးရေလျှံခြင်းမှ ကာကွယ်ပေးမှုတို့လည်း ပါဝင်ပါသည်။

“လမ်းတွေနဲ့ တခြား စီမံကိန်းတွေကို အစီအစဉ် ရေးဆွဲ ပုံစံထုတ်ကြတဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ အချက်အလက်တွေကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ မကောင်းတဲ့ သက်ရောက်မှုတွေကို ကြိုတင် ရှောင်ရှားတာက စီမံကိန်း ပြီးကာနီး အဆင့်ကျမှ သက်ရောက်မှုတွေ လျှော့ချဖို့ လုပ်ဆောင်တာထက် စီးပွားရေးအရ စရိတ် အများကြီး သက်သာပါတယ်။” ဟု စိုင်းနေဝန်းမြင့်က ထပ်ဆင့် ပြောကြားလိုက်သည်။

အစီရင်ခံစာက အောက်ပါ အချက်များကို အကြံပြု တိုက်တွန်းထားပါသည်။

BRI အနေဖြင့် တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် “အစိမ်းရောင် ရပ်ဝန်းနှင့် လမ်းမများဆိုင်ရာ လမ်းညွှန်ချက်”၊ နိုင်ငံတကာ ရေရှည်တည်တံ့အကျိုးရှိရေး စံနှုန်းများ သို့မဟုတ် ပြည်တွင်း၌ ရေးဆွဲထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့အကျိုးရှိသော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ စံနှုန်းများကို အခြေခံသည့် ရေရှည်တည်တံ့အကျိုးရှိရေး စံသတ်မှတ်ချက်ကို လိုက်နာကြောင်း သေချာစေရန်။

ဥပမာ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများတို့ဆိုင်ရာ ဘေးဖြစ်နိုင်ချေများအား ပိုမို နားလည်စေရန် ဆန်းစစ်လေ့လာမှု ပိုမိုပြုလုပ်ပြီး ယင်းတို့မှ ရသည့် အချက်အလက်များကို လမ်းဖောက်လုပ်ရေး အစီအစဉ်နှင့် ပုံစံထုတ်မှုများတွင် သာမက အရည်အသွေးမြင့် ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လေ့လာချက်များနှင့် သဘာဝပတ်ဝန်းကျင် စီမံမှု အစီအစဉ်တို့တွင်ပါ ထည့်သွင်း အသုံးပြုသွားရန်၊

လမ်း နေရာချထားမှုနှင့် စီစဉ်ဆောင်ရွက်မှုတွင် ကုန်ကျစရိတ် အမျိုးမျိုးကို အသေးစိတ် သုံးသပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ မကောင်းသော သက်ရောက်မှုများကို ရှောင်ရှားရန်၊

BRI ဒီဇိုင်းပုံစံကို ကြားခံဇုံများ သတ်မှတ်ခြင်း၊ ကုန်းစောင်းများအား အပင် ပြန်စိုက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန် ဖြတ်သန်းရာ လမ်းများ ထည့်သွင်းခြင်း စသဖြင့် သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ ပိုမို ရရှိအောင် ပြင်ဆင်ဆောင်ရွက်သွားရန်၊

လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မကောင်းသော သက်ရောက်မှုများကို ရှောင်ရှားပြီး မြန်မာနိုင်ငံအတွက် BRI ၏ အကျိုးပြုမှုကို အမြင့်ဆုံး ရရှိနိုင်ရန်အတွက် စီမံကိန်း အစီအစဉ် ရေးဆွဲမှု အဆင့်တိုင်းတွင် မြန်မာ့ လူမှုအဖွဲ့အစည်းများကို ပါဝင်ခွင့်ပြုရန်၊
                                                    ----- ပြီး -----

အစီရင်ခံစာကို ဤနေရာတွင် ရယူနိုင်ပါသည်။

WWF ဆိုသည်မှာ                         
                                                  
ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်း အများအပြား သည် တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ကရင် ပြည်နယ်တို့ ကို အဓိက အာရုံစိုက်သည်။ WWF ၏ အခြား ဆောင်ရွက်နေမှုများ ကို သိနိုင်ရန် http://www.wwf.org.mm တွင် လေ့လာနိုင်ပါသည်။

WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့ သားငှက်တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)
 
Road constructed in the forest.
© Min Zayar Oo / WWF-Myanmar Enlarge