အနာဂတ်ခေါင်းဆောင်များအား စွမ်းရည်မြှင့်ပေးခြင်း | WWF

အနာဂတ်ခေါင်းဆောင်များအား စွမ်းရည်မြှင့်ပေးခြင်း



 rel=
ကိုအောင်ထွန်းဦး၊ EFN ပညာသင်ဆုရှင်
© Aung Tun Oo
ယနေ့ခေတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများသည် ယခင်ကထက် ပိုမို ရှုပ်ထွေးလာပြီး ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အတတ်ပညာပိုင်းနှင့် အသိပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများ လိုအပ်ပါသည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ဒုတိယ အဆိုးဆုံးခံနေရသော မြန်မာနိုင်ငံအနေဖြင့် ထိုကျွမ်းကျင်ပညာရှင်များကို အမှန်ပင်လိုအပ်ပါသည်။

သို့ရာတွင် နိုင်ငံအတွင်း အဆင့်မြင့်ပညာရေးကို ဆည်းပူးလေ့လာရန် အခွင့်အလမ်းများ နည်းပါးနေသေး၍ စိတ်အားထက်သန်သော သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းသူများအနေဖြင့် ထိုက်သင့်သော ကျွမ်းကျင်မှုများ ရရှိသင့်သလောက် မရရှိပေ။ အဆိုပါကျွမ်းကျင်မှုများရရှိနိုင်စေရန် WWF-မြန်မာ ၏ ပတ်ဝန်းကျင်ထိန်းသိမ်းသူများအတွက် ရန်ပုံငွေ အခွင့်အလမ်းများ အစီအစဉ် Education for Nature (EFN) Program က အလားအလာရှိသော ခေါင်းဆောင်များအတွက် နိုင်ငံတကာမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ဘွဲ့လွန်သင်တန်းများ တက်ရောက်နိ်ုင်ရန် ပညာသင်ဆုများ ထောက်ပံ့ပေးနေပါသည်။ 

EFN Fellowships သည် ကိုအောင်ထွန်းဦး ကဲ့သို့ အနာဂတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးဆောင်သူများကို ထောက်ပံ့ပေးနေပါသည်။ ကိုအောင်ထွန်းဦးသည် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်များကို ငယ်စဉ်ကပင် ကြုံတွေ့ခဲ့ရသူ ဖြစ်ပါသည်။ သူ၏ မိဘနှစ်ပါးမှာ လယ်သမားများဖြစ်ပြီး ရေရှားပါးခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ အမှန်တကယ် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ အလယ်ပိုင်း ခြောက်သွေ့ဒေသရှိ ကျေးရွာလေးတစ်ခုတွင် ကြီးပြင်းခဲ့ပါသည်။ 

“ကျွန်တော့်အဖေက သူ့လယ်မြေကို အမြဲဂရုစိုက်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ သီးနှံအထွက်နှုန်းက ပုံမှန် အနေအထားမှာ မရှိတော့ပါဘူး။ ကျွန်တော် သိတတ်တဲ့အရွယ်ကတည်းက စိုက်ခင်းတွေကို လောင်းဖို့ ရေ အလုံအလောက်မရှိလို့ အဖေက ကျွန်တော်တို့ဘယ်လို ရှင်သန်မလဲဆိုတာကို စိတ်ပူတတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးရေးကို အဓိက အားထားပြီး အသက်မွေးနေရတဲ့ သူတွေက ရာသီဥတုပြောင်းလဲမှုကြောင့် အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော့်အနေနဲ့ အဖေ့လိုမျိုး လယ်သမားတွေအတွက် ထိရောက်တဲ့ နည်းလမ်းတွေကို ကူညီရှာဖွေပေးချင်ပါတယ်” ဟု ကိုအောင်ထွန်းဦးက ပြောသည်။ 

EFN ပညာသင်ဆုဖြင့် ကိုအောင်ထွန်းဦးသည် ဘယ်လ်ဂျီယံနိုင်ငံ Ghent တက္ကသိုလ်တွင် စိုက်ပျိုးရေးနှင့် ရာသီဥတုပြောင်းလဲခြင်းဆိ်ုင်ရာ ပါရဂူဘွဲ့တက်ရောက်နေပါသည်။ ပညာဆည်းပူးပြီးချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံအတွင်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် စီမံဆောင်ရွက်ချက်များကို အစိုးရအား အကြံပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ ချမှတ်ရာတွင် ပါဝင်ကူညီရန် ရည်မှန်းထားပါသည်။ ထို့အပြင် သူ၏ အတွေ့အကြုံများကို အခြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုသူများအား ကထိကတစ်ဦး အနေဖြင့် ဝေမျှနိုင်မည်ဟုလည်း မျှော်လင့်ထားပါသည်။ 

“ဒီပညာသင်ဆုကို ချီးမြှင့်ပေးတာဟာ WWF က ကျွန်တော့်ကို ကူညီရုံသာမက မြန်မာနိုင်ငံရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက်ပါ အထောက်အကူပြုပါတယ်။ ကျွန်တော် သုတေသနစာတမ်း ပြီးတာနဲ့ မြန်မာနိ်ုင်ငံကို ပြန်လာမှာပါ။ ကျွန်တော်ရရှိခဲ့တဲ့ ဗဟုသုတတွေကို မျှဝေပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်သွားမှာပါ။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာသီဥတု ပြောင်းလဲခြင်းရဲ့ စိန်ခေါ်မှုတွေကို ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒီလို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ WWF က ကျွန်တော်တို့ကို ကူညီပေးနေတာ ဖြစ်ပါတယ်” ဟု ကိုအောင်ထွန်းဦးက ပြောသည်။ 

EFN Program သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသူများ အဆင့်မြင့် ပညာရေး အခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် ရရှိုလာသော အတွေ့အကြုံများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြန်လည် အသုံးချနိုင်ရန် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ကမ္ဘာတဝှမ်းရှိ EFN မှ ပညာသင်ဆု ရရှိခဲ့သူများအနက် ၈၅ ရာခိုင်နှုန်းသည် ပညာသင်ယူမှု ပြီးဆုံးသည်နှင့် ယခင်ကထက် ပိုမိုမြင့်မားသော အလုပ် / ရာထူးများတွင် ဝင်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ထက်မြက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းဆောင်များကို မွေးထုတ်ပေးခြင်းအားဖြင့် WWF သည် လုံခြုံစိတ်ချပြီး ရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်နေခြင်းဖြစ်ပါသည်။ 

ဒီပညာသင်ဆုကို ချီးမြှင့်ပေးတာဟာ WWF က ကျွန်တော့်ကို ကူညီရုံသာမက မြန်မာနိုင်ငံရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက်ပါ အထောက်အကူပြုပါတယ်။ ကျွန်တော် သုတေသနစာတမ်း ပြီးတာနဲ့ မြန်မာနိ်ုင်ငံကို ပြန်လာမှာပါ။ ကျွန်တော်ရရှိခဲ့တဲ့ ဗဟုသုတတွေကို မျှဝေပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်သွားမှာပါ။

အောင်ထွန်းဦး၊ EFN ပညာသင်ဆုရှင်