ကိုကျော်မိုးဦး၏ အတွေ့အကြုံ | WWF

ကိုကျော်မိုးဦး၏ အတွေ့အကြုံ



 rel=
ကိုကျော်မိုးဦးဟာ Asian Institute of Technology မှာ တက်ရောက် ပညာသင်ကြားနေတဲ့ EFN ပညာသင်ဆုရှင်တစ်ဦး ဖြစ်ပါတယ်။
© Kyaw Moe Oo
​မြန်မာသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲ အများဆုံး နေထိုင်ကြသော တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင်များအနက် အချို့ တည်ရှိရာ နိုင်ငံဖြစ်ပါသည်။ သို့ရာတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကမ္ဘာပေါ်တွင် ဒုတိယအဆိုးဆုံး ခံစားနေရသည့် နိုင်ငံလည်း ဖြစ်သည့်အလျောက် ကိုင်တွယ် ဖြေရှင်းရန်အတွက် အဆင့်မြင့် ကျွမ်းကျင်မှုများနှင့် အသိပညာများ လိုအပ်ချက်များ လိုအပ်ပြီး ယခင်ကထက် ပိုမို ရှုပ်ထွေးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရပါသည်။ သို့ရာတွင် အဆင့်မြင့်ပညာရေး အခွင့်အလမ်းများ လက်လှမ်းမီနိုင်ရေးမှာ မြန်မာနိုင်ငံတွင် အကန့်အသတ်ဖြင့် ရှိနေသေးသောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် စိတ်အားထက်သန်သူများအနေဖြင့် ၎င်းတို့၏ အသိပညာ၊ အတတ်ပညာ စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရန် အတားအဆီးတစ်ခု ဖြစ်နေပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ထိန်းသိမ်းရာတွင် အလွန်အရေးပါကြောင်းကို WWF အနေဖြင့် ကောင်းစွာ သိရှိနားလည်ပါသည်။ WWF ၏ Education for Nature (EFN) အစီအစဉ်မှ အနာဂတ်တွင် ထွန်းတောက်လာမည့် ခေါင်းဆောင်များအား သဘာဝပတ်ဝန်းကျင် ထိ်န်းသိမ်းရေးနယ်ပယ်နှင့် သက်ဆိုင်သော အဆင့်မြင့် ဘွဲ့များကို ရယူနိုင်ပြီး အမိမြေတွင် သုတေသနလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် ပညာသင်ဆုများ ထောက်ပံ့ပေးနေပါသည်။ 

EFN ပညာသင်ဆုများသည် Asian Institute of Technology (AIT) တွင် ရေသတ္တဝါမွေးမြူခြင်းနှင့် ရေနေ သယံဇာတများ စီမံခန့်ခွဲခြင်းဆိုင်ရာ ဘွဲ့လွန်သင်တန်း တက်ရောက်နေသော ကိုကျော်မိုးဦး ကဲ့သို့ အနာဂတ် သဘာဝပတ်ဝန်းကျင်ထိ်န်းသိမ်းရေး ခေါင်းဆောင်များကို ထောက်ပံ့ပေးနေပါသည်။ 
“Aquaculture ကို ကျွန်တော်အမြဲတမ်း လေ့လာချင်ခဲ့တာပါ။ EFN ပညာသင်ဆုသာ မရခဲ့ရင် ကျွန်တော် ပြည်ပမှာ ပညာသွားသင်နိုင်မှာမဟုတ်ပါဘူး။ ဒီပညာသင်ဆုကြောင့်သာ ကျွန်တော်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို တက်ရောက်သင်ကြားနိုင်ခဲ့တာပါ။” ဟု ကိုကျော်မိုးဦးက ပြောပါသည်။

ကိုကျော်မိုးဦးသည် ပညာသင်ယူပြီးလျှင် မြန်မာနိုင်ငံသို့ပြန်လာပြီး ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရင်း သင်ယူလေ့လာခဲ့သော Aquaculture ဗဟုသုတများကို မျှဝေရန် ရည်ရွယ်ထားပါသည်။ 

“ဒီရေတောတွေဟာ အခြားတောတွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ပိုမိုစုပ်ယူနိုင်တဲ့ အတွက်ကြောင့် ဒီရေတောတွေကို ထိန်းသိမ်းတာဟာ ရာသီဥတုပြောင်းလဲမှုကို လျှော့ချတဲ့နေရာမှာ အလွန် အရေးပါပါတယ်။ ကမ်းရိုးတန်းဒေသနေ ပြည်သူတွေဟာ ရေသတ္တဝါမွေးမြူရေးနဲ့ဆိုင်တဲ့ အဆင့်မြင့် နည်းပညာတွေကို ထိတွေ့ခွင့်မရတာကြောင့် ဒီရေတောတွေကို ထိခိုက်စေနိုင်တဲ့ မိရိုးဖလာနည်းလမ်းတွေ သုံးပြီး ဆက်လက်လုပ်ကိုင် နေကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီရေတောတွေနဲ့ သဟဇာတ ဖြစ်မယ့် ရေသတ္တဝါမွေးမြူရေး နည်းပညာတွေကို မိတ်ဆက်ပေးပြီး ဒေသခံတွေရဲ့ လူနေမှုဘဝကို ကူညီပြောင်းလဲပေးချင်ပါတယ်။” ဟု ကိုကျော်မိုးဦးက ပြောပြပါသည်။

ကိုကျော်မိုးဦးကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများအား ပိုမိုမြင့်မားသော ပညာရေး အခွင့်အလမ်းများ ကူညီ ဖော်ထုတ်ပေးခြင်းအားဖြင့် EFN သည် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ အများဆုံးဒေသများကို ကာကွယ်ထိန်းသိမ်းပေးမည့် နောင်လာမည့် မျိုးဆက်သစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးခေါင်းဆောင်များကို ပျိုးထောင်ပေးနေပါသည်။ 

EFN ပညာသင်ဆုများအကြောင်းကို ပိုမိုသိရှိရန် ဤနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

Aquaculture ကို ကျွန်တော်အမြဲတမ်း လေ့လာချင်ခဲ့တာပါ။ EFN ပညာသင်ဆုသာ မရခဲ့ရင် ကျွန်တော် ပြည်ပမှာ ပညာသွားသင်နိုင်မှာမဟုတ်ပါဘူး။ ဒီပညာသင်ဆုကြောင့်သာ ကျွန်တော်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို တက်ရောက်သင်ကြားနိုင်ခဲ့တာပါ။

ကျော်မိုးဦး၊ EFN ပညာသင်ဆုရှင်