ရွှေတြိဂံ ဒေသတွင် သားငှက်ဆိုင်ရာ ဥပဒေ စိုးမိုးရေး အတွက် WWF-မြန်မာ မှ သင်တန်းပေး | WWF

ရွှေတြိဂံ ဒေသတွင် သားငှက်ဆိုင်ရာ ဥပဒေ စိုးမိုးရေး အတွက် WWF-မြန်မာ မှ သင်တန်းပေး



Posted on 12 September 2017
WWF-Myanmar Illegal Wildlife Trade Training in Tachileik, August 2017.
© WWF-Myanmar
မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး နှင့် သားငှက်ဆိုင်ရာ ဥပဒေ စိုးမိုးရေး မိတ်ဆက်သင်တန်း ကို တောရိုင်း တိရစ္ဆာန် တရားမဝင် ရောင်းဝယ်နေသည့် အချက်အချာဒေသ နှင့် တိရစ္ဆာန် ကုန်ကူးသည့် လမ်းကြောင်းပေါ်တွင် တည်ရှိရာ ရှမ်းပြည်နယ် အေ့ရှပိုင်း မှ ကျိုင်းတုံ နှင့် တာချီလိတ်မြို့များ၌ သစ်တောဦးစီးဌာန နှင့် WWF-မြန်မာ တို့ ပူးပေါင်း၍ သြဂုတ်လ ၂၁ မှ ၂၅ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု နှင့် တရားမဝင် ကုန်သွယ်မှု တို့ကို အမြစ်ပြတ် တိုက်ဖြတ်ရန် ကြိုးပမ်းမည့် အစိုးရ၏ အားထုတ်မှုများ တွင် ပူးပေါင်းပါဝင်သည့် အနေဖြင့် အစိုးရအဖွဲ့အစည်းများ၊ အရာရှိများ၏ စွမ်းဆောင်ရည် နှင့် အသိပညာများ တိုးတက်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ပြုလုပ်ရခြင်း ဖြစ်ပြီး၊ သစ်တာဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန တို့အပါအဝင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အစိုးရအရာရှိ ၅၁ဦး တက်ရောက်ခဲ့ကြသည်။

“မဲခေါင်ဒေသ တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်တဲ့ နေရာမှာ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုက အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်”ဟု တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးလွင်က ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်ခြင်း ဈေးကွက်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး၊ အာရှတိုက်၏ သားငှက်တိရစ္ဆာန် ကုန်သွယ်မှုအတွက်လည်း လမ်းဆုံလမ်းခွ တစ်ခု ဖြစ်နေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အေ့ရှမြောက်ပိုင်းရှိ တောရိုင်း တိရစ္ဆာန် တရားမဝင် ရောင်းဝယ်နေသည့် အချက်အချာဒေသ နှင့် တိရစ္ဆာန် ကုန်ကူးသည့် လမ်းကြောင်းပေါ်ရှိ ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရ အရာရှိများကို WWF-မြန်မာ မှ သင်တန်းပေးခဲ့ခြင်း ဖြစ်ပြီး၊ အဆိုပါ သင်တန်းသည် ကျိုင်းတုံ နှင့် တာချီလိတ်မြို့ တို့တွင် သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး နှင့် သားငှက်ဆိုင်ရာ ဥပဒေ စိုးမိုးရေး ကဏ္ဍနှင့်ပတ်သက်၍ ပထမဆုံး ပြုလုပ်သည့် သင်တန်း ဖြစ်သည်။

WWF-မြန်မာ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ သားငှက် တိရစ္ဆာန် ထွက်ကုန်များကို ပြောင်ပြောင်တင်းတင်း ရောင်းချနေသည့် အဓိကဈေးကွက်များ ပိတ်သိမ်းနိုင်ရေး အတွက် သာမက သားငှက်ဆိုင်ရာ ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ ကို ပါ သင်တန်းကာလအတွင်း ရှင်းလင်းပို့ချခဲ့သည်။

“ဒီသင်တန်းကို လာတက်တော့မှ CITIES ဆိုတာ ဘာလဲလို့ သေသေချာချာ သိရတယ်။ ဌာနအသီးသီးရဲ့ လုပ်ငန်းတွေကိုလဲ လေ့လာခွင့်ရတဲ့အတွက် တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေလည်း အသိပညာရတယ်လို့ ယူဆပါတယ်” ဟု တာချီလိတ်ခရိုင် ဒုတိယဥပဒေအရာရှိ ဦးမိုးသူအောင် ကပြောသည်။

မြန်မာနိုင်ငံသည် အေ့ရှတောင် အာရှဒေသတွင်း၌ တန်ဖိိုးမြင့် မျိုးစိတ်များအပြင် ဝက်ဝံ နှင့် အခြား တောရိုင်းကြောင်ကြီးမျိုးများ၊ သင်းခွေချပ် နှင့် လိပ်များ ရှင်သန်ပေါက်ဖွားနိုင်သေးသည့် နိုင်ငံအနည်းငယ်အနက် တစ်ခု အပါအဝင် ဖြစ်သော်လည်း တရားမဝင် အမဲလိုက် ဖမ်းဆီးမှု နှင့် ကုန်သွယ်ရောင်းချမှုများကြောင့် လက်ကျန်သားငှက် တိရစ္ဆာန်များ သည် အထူးစိုးရိမ်ဖွယ် အနေအထားတွင် ရှိနေသည်။

“နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေ ကို သစ်တောဌာန တစ်ခုတည်းနဲ့ တားဆီး ကာကွယ်လို့ မရနိုင်ပါဘူး။ အန်ဂျီအိုတွေ က ငွေကြေး စိုက်ထုတ်ပြီး တောရိုင်း တိရစ္ဆာန်တွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီး ကာကွယ်ရေး နဲ့ ပတ်သက်ပြီး သင်တန်းလုပ်ပေးတာ အများကြီး ဝမ်းသာစရာ ကောင်းပါတယ်” ဟု မိုင်းယောင်းမြို့မှ တောအုပ် ဦးကျော်အောင်အောင် ကပြောသည်။

WWF အနေဖြင့် မြန်မာနိုင်ငံ အေ့ရှမြောက်ပိုင်းရှိ တောရိုင်းတိရိစ္ဆာန် တရားမဝင် ဈေးကွက်များကို ကိုင်တွယ်ရန်အတွက် အစိုးရအား အထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်၍ ဒေသတွင်း စီမံကိန်း တစ်ခုကို ဆောင်ရွက်နေပါသည်။

WWF-မြန်မာ အနေဖြင့် ကျိုင်းတုံ နှင့် တာချီလိတ်မြို့များမှ အစိုးရ အရာရှိများအား သားငှက်ဆိုင်ရာ ဥပဒေ စိုးမိုးရေး နှင့် ပတ်သက်သည့် ဗဟုသုတ နှင့် ကျွမ်းကျင်မှုများ မြှင့်တင်ပေးရန် ယခုနှစ် ဒီဇင်ဘာလတွင် နောက်ဆက်တွဲ အထူးပြု သင်တန်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်ပါသည်။
WWF-Myanmar Illegal Wildlife Trade Training in Tachileik, August 2017.
© WWF-Myanmar Enlarge