သက်ရှိ ကမ္ဘာမြေ အစီရင်ခံစာ ၂၀၁၆ အကျဉ်းချုပ် | WWF

သက်ရှိ ကမ္ဘာမြေ အစီရင်ခံစာ ၂၀၁၆ အကျဉ်းချုပ်



Posted on 01 November 2016
Living Planet Report 2016 Summary
© WWF
၂၀ ရာစု အလယ်ပိုင်းမှ စ၍ လူသားထု၏ အရေအတွက်နှင့် အရွယ်အစားသည် အလွန်အင်မတန် ကြီးထွားလာခဲ့သည်။ ရလဒ်အနေဖြင့် သဘာဝတရားနှင့် ယင်းက လူသားတို့အတွက် ပေးသည့် ဝန်ဆောင်မှုများအပေါ် အန္တရာယ်ကြီးစွာ ကျရောက်လာခဲ့တော့သည်။ သိပ္ပံပညာရှင်များက ဟိုလိုဆင်း (Holocene) ဆိုသည့် ဘူမိခေတ်တစ်ခုမှသည့် နောက်ထပ် ဘူမိခေတ်တစ်ခုသို့ ပြောင်းလဲနေပြီဖြစ်ကြောင်း အကြံပြုကြပြီး ယင်းကို အန်သရိုပိုဆင်း (Anthropocene) ဟု မှည့်ခေါ်ကြသည်။ သက်ရှိဇီဝရုပ် အများအပြား၏ အနာဂတ်မှာ ယခုအခါ မရေမရာ ဖြစ်နေပါချေပါပြီ။ ကျောရိုးရှိတိရစ္ဆာန် မျိုးစိတ်များ၏ ဦးရေမှာ အများအပြား လျော့ကျခဲ့ပြီး ၁၉၇၀ နှင့် ၂၀၁၂ ခုနှစ်အကြားတွင် ၅၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ တိရစ္ဆာန်များ၏ အရေအတွက် လျော့နည်းကျဆင်းသွားခြင်း၏ ဘုံအရင်းခံအကျဆုံး ခြိမ်းခြောက်မှုမှာ ကျက်စားရာနယ်မြေများ ယုတ်လျော့ ဆုံးရှုံးရခြင်းပင် ဖြစ်သည်။ လူသားတို့သည်လည်း သဘာဝတရား၏ ယိုယွင်းလာသော အနေအထားကို တဖြည်းဖြည်း ပို၍ ခံစားလာကြရကာ အန်သရိုပိုဆင်း ခေတ်ကြီးတွင် မည်သည့် အရေးတယူ လုပ်ဆောင်မှုမျှ မရှိလျှင် ကမ္ဘာမြေကြီးကလည်း ကျွနု်ပ်တို့၏ ခေတ်ပေါ် လူမှုအသိုက်အဝန်းအတွက် သာတောင်သာယာ ရှိမှု အများကြီး လျော့ကျလာပေလိမ့်မည်။ လူသားတို့က ကမ္ဘာကြီးအား ၎င်းက ဘေးကင်းလုံခြုံစွာ ဖြည့်ဆည်းပေးနိုင်သည်ထက် လေးဆပို၍ ဖိအားပေး တောင်းဆို အသုံးပြုနေခဲ့ကြပြီး ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် လူသားထု၏ တစ်နှစ်တာ အသုံးပြုမှုအတွက် ကမ္ဘာ ၁.၆ လုံးစာ သဘာဝအရင်းအမြစ်နှင့် ဝန်ဆောင်မှုများကို လိုအပ်ခဲ့သည်။ သဘာဝတရားကို ယင်း၏ ပုံသဏ္ဍန်နှင့် လုပ်ဆောင်မှု မျိုးစုံ အနေအထားတွင် ထိန်းသိမ်းထားရန်နှင့် အကန့်အသတ်ရှိသော မြေကမ္ဘာပေါ်တွင် လူသားတို့အတွက် ဆီလျော်မျှတသည့် နေအိမ်တစ်ခု ဖန်တီးပေးနိုင်ရန်အတွက် ဖွံ့ဖြိုးရေး မဟာဗျူဟာများ၊ စီးပွားရေး ပုံစံထုတ်မှုများ၊ လုပ်ငန်းပုံစံများနှင့် ဘဝတွက်တာ ရွေးချယ်စရာများ ပြုလုပ်ရာ၌ ကျွနု်ပ်တို့တွင် ကမ္ဘာတစ်လုံးသာ ပိုင်ဆိုင်ပြီး ယင်း၏ သဘာဝအရင်းအနှီးများတွင် အကန့်အသတ် ရှိကြောင်း ထည့်သွင်း သတိပြုကြဖို့ လိုပါမည်။ လူသားနှင့် သဘာဝအကြား ဆက်နွယ်မှုကို အားလုံး သိရှိ နားလည်ကြခြင်းဖြင့် အန်သရိုပိုဆင်း ခေတ်ကြီးတွင် ဘဝအားလုံးကို ဖွံ့ဖြိုးစည်ပင်စေမည့် နက်နဲ သိမ်မွေ့သော အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်စေနိုင်ပါလိမ့်မည်။