ဒေါန-တနင်္သာရီ ဒေသ | WWF

ဒေါန-တနင်္သာရီ ဒေသ



 rel=
© Peter Cutter / WWF Greater Mekong
WWF အနေဖြင့် ဒေါန-တနင်္သာရီဒေသအား သားငှက်တိရစ္ဆာန်များအတွက် ကျက်စားရာနယ်မြေများအား တဆက်တစပ်တည်း ကာကွယ်ပေးထားသည့် မပျက်မယွင်းသေးသော ဂေဟစနစ်တစ်ခုအဖြစ် ဒေသခံ လူမှုအဖွဲ့အစည်းအတွက်သာမက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွက်ပါ အဖိုးမဖြတ်နိုင်သည့် ဂေဟစနစ် ဝန်ဆောင်မှုများ မပျောက်မပျက် ထိန်းသိမ်းထားရန် ကြိုးပမ်းရွက်ဆောင်လျှက် ရှိပါသည်။
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံကြား တဆက်တစပ်တည်း တည်ရှိသော ၆၃၂၃၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ဒေါန-တနင်္သာရီဒေသကို ဒေါနနှင့် တနင်္သာရီ တောင်တန်းများက ပုံဖော် သတ်မှတ်ပေးထားသည်။ ယင်းတောင်တန်းများသည် ဒေသတွင်း အဓိက မြစ်များနှင့် ရေဝေရေလဲ စနစ်များ ဖြစ်သည့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီမြစ်နှင့် ထိုင်းနိုင်ငံ မဲခလောင်၊ ကျောက်ဖယား၊ ဖတ်ချာဘူရီနှင့် အနောက်ဘက် အောက်ပိုင်း ရေဝေရေလဲဒေသတို့အတွက် အခြေပြုရာ ဖြစ်သည်။ ဤဒေသတွင် ရှေးခေတ် လူ့ယဉ်ကျေးမှုများ ထွန်းကား ပျက်သုဉ်းခဲ့ကြပြီး ရာစုနှစ်ပေါင်းများစွာ ထွန်းကား စည်ပင်ခဲ့ကြသည့် တိုင်းရင်းသား မျိုးနွယ်စု အများအပြား မှီတင်းနေထိုင်ကြသည်။

ဤဒေသ၏ မြန်မာနိုင်ငံဘက်အခြမ်းသည် မိုးရေ အမြောက်အများ ရရှိပြီး အင်ဒို-မြန်မာ ဇီဝမျိုးကွဲများ စုဝေးရာ ဒေသအတွင်း အကြီးဆုံးသော မြေနိမ့်ပိုင်း အမြဲစိမ်းသစ်တောများကို အထောက်အကူပြုသည်။ ထိုင်းနိုင်ငံဘက်အခြမ်းတွင်မူ ပို၍ ခြောက်သွေ့ပြီး အမြဲစိမ်းတောနှင့် ရွက်ပြတ်တောများ ဖွဲ့စပ် ပေါက်ရောက်ကြသည်။ ဒေါန-တနင်္သာရီဒေသတွင် အရှေ့တောင်အာရှ၏ အကြီးဆုံးသော သဘာဝနယ်မြေများ ကွန်ယက်ကြီးတစ်ခု တည်ရှိပြီး ယင်းတွင် ထိုင်းနိုင်ငံမှ တဆက်တစပ်တည်း ရှိသော အနောက်ပိုင်း သစ်တောနယ်မြေနှင့် ကန်ခရာချန် သစ်တောနယ်မြေတို့ ပါဝင်သည်။

နာမည်ကျော် မျိုးစိတ်များ

ဒေါန-တနင်္သာရီဒေသတွင် အံ့ဩလောက်အောင်ပင် သားငှက်တိရစ္ဆာန် အမျိုးစုံစွာ နေထိုင် ကျက်စားကြပြီး ကမ္ဘာ့အသေးဆုံး နို့တိုက်သတ္တဝါအဖြစ် ကျော်ကြားသော လင်းနို့မျိုးစိတ်တစ်ခုမှသည် အာရှဆင်များအထိ တွေ့ရှိနိုင်ပါသည်။ ယင်းသည် မဟာမဲခေါင်ဒေသအတွင်း ကျားကောင်ရေ အများဆုံး တွေ့ရှိရသော ဒေသဖြစ်ပြီး မျိုးသုဉ်ရန် အထူးစိုးရိမ်ရသည့် ထိုင်းမိကျောင်းမျိုးစိတ်တစ်ခုနှင့် ဂါနီတောင်ငုံးနှင့် မူလရစ်ဂျီတို့ကဲ့သို့သော ရှားပါးမျိုးရင်း တိရစ္ဆာန်များလည်း နေထိုင် ကျက်စားကြသည်။

ဖိအားများ

ဒေါန-တနင်္သာရီဒေသရှိ သစ်တောများသည် စိုက်ပျိုးမြေများ ချဲ့ထွင်မှုနှင့် သစ်ထုတ်လုပ်မှုများကြောင့် သစ်တောပြုန်းတီးခြင်း၊ သစ်တောများ အပိုင်းပိုင်းအစိတ်စိတ် ကွဲသွားခြင်း၊ ဝမ်းရေးအတွက် အမဲလိုက်ခြင်း၊ တရားမဝင် သားငှက်တိရစ္ဆာန် ရောင်းဝယ်မှုအတွက် စီးပွားဖြစ် အမဲလိုက်ခြင်း၊ သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများနှင့် တောရိုင်းတိရစ္ဆာန်များအား ရေရှည်အကျိုး မကြည့်ဘဲ ထုတ်ယူသုံးစွဲခြင်းနှင့် လမ်းမများ၊ ပိုက်လိုင်းများနှင့် ဆည်များကဲ့သို့သော အဓိက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ၏ ဖိအားများနှင့် ရင်ဆိုင်နေရသည်။