တောရိုင်းတိရစ္ဆာန် | WWF

What would you like to search for?

"တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်တာက
ကျွန်တော်တို့ လုပ်ငန်းရဲ့ အဓိက အသက် ဖြစ်ပါတယ်။"

တောရိုင်းတိရစ္ဆာန်

တောရိုင်းတိရစ္ဆာန်ဆိုင်ရာ အစီအစဉ်

လူ့ပယောဂက လွတ်တာဆိုလို့ ကမ္ဘာမြေပေါ်မှာ နေရာနည်းနည်းသာ ကျန်ပါတော့တယ်။ ၁၉၇၀ နှင့် ၂၀၁၂ အကြားမှာ ကမ္ဘာပေါ်က နို့တိုက်သတ္တဝါ၊ ကုန်းနေရေနေသတ္တဝါ၊ တွားသွားသတ္တဝါ၊ ငါးနဲ့ ငှက်မျိုးစိတ်တွေဟာ ၅၈% ထိ သိသိသာသာ လျော့နည်း ကျဆင်းသွားတာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီမျိုးစိတ်တိုင်းက သာယာချမ်းမြေ့တဲ့ ရှင်သန်ရာ ဘဝကွန်ရက်ရဲ့ အဓိက အခန်းကဏ္ဍမှာ ရှိနေပြီး သူတို့တွေအပါအဝင် ကျွန်တော်တို့အားလုံး မှီခိုနေထိုင်နိုင်မယ့် ဂေဟစနစ်တွေကို ဖွဲ့စည်းကြတာပါ။ ဒါက ကျွန်တော်တို့ တောရိုင်းတိရစ္ဆာန်တွေအပေါ်မှာ ဖြစ်စေတဲ့ ဘေးအန္တာရာယ်တွေက လူသားတွေအပေါ်မှာလည်း ပြန် ဂယက်ရိုက် စေနိုင်တယ်လို့ ဆိုလိုပါတယ်။

ကျားနဲ့ အာရှဆင်တွေလို အထင်ကရဖြစ်ပြီး မျိုးသုဉ်းမဲ့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေရဲ့ နေထိုင်ရာ၊ မြန်မာရဲ့ တောရိုင်းတိရစ္ဆာန်တွေက အလှည့်အပြောင်းမှာ ကြုံနေရပါပြီ။ တရားမဝင် ဖမ်းဆီးသတ်ဖြတ်နှုန်းက အဆိုးရွားဆုံးအဆင့်မှာရှိနေပြီး လမ်းဖောက်တာတွေ များပြားလာတာနဲ့ သစ်တောရှင်းလင်းတာတွေ လုပ်လာတာက မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ တော်တော်လေး အခက်တွေ့စေပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ဆောင်နေမှုများ

ကျွန်တော်တို့က တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံအတွင်းက ကျားနဲ့ အာရှဆင်တွေရဲ့ ကျန်ရှိတဲ့ ကောင်ရေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အဓိကထား လုပ်ဆောင်နေပါတယ်။ လွှမ်းခြုံသက်ရောက်မှုရှိတဲ့ မျိုးစိတ်တွေ ဖြစ်တာနဲ့အညီ သူတို့ကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ အဲဒီဒေသမှာ ပေါက်ရောက်နေတဲ့ တခြား သစ်ပင်ပန်းမန်တွေနဲ့ အတူရှိနေတဲ့ ဒေသရင်း တိရစ္ဆာန်တွေကိုပါ ကာကွယ်ရာ ရောက်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ထိန်းသိမ်းရေးဝန်ထမ်း ကောလိပ်ကို တည်ထောင်ပြီး တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး ရှေ့ဆောင် ထိန်းသိမ်းရေးဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန် တရားမဝင် ထုတ်ကုန်တွေ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေကြတာကို အဆုံးသတ်ဖို့ အပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို စောင့်ကြည့် လေ့လာဖို့နဲ့ ကာကွယ်စောင့်ရှောက်ဖို့အတွက်ပါ အစိုးရနဲ့အတူ လုပ်ဆောင်နေပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက် သဘာဝ အမွေအနှစ်တွေကို ကာကွယ် စောင့်ရှောက်ရာမှာ ဒါတွေက အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အံ့ဖွယ်ရှားပါး တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်က ကျွန်တော်တို့ အားလုံးရဲ့ ပခုံးအပေါ်မှာ ခိုင်မြဲစွာ မှီတည်နေပါပြီ။ တောရိုင်းတိရစ္ဆာန်တွေက ဒီနေရာမှာ ရှင်သန်နေတုန်းပါပဲ၊ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမှားတွေကနေ ဆင်ခြင်လေ့လာပြီး ဒီအကြောင်းအရာကို နောင်တ မဟုတ်ဘဲ မျှော်လင့်ချက် ဖြစ်လာအောင် ပြောင်းလဲဖို့ အခွင့်အလမ်း ရှိနေပါသေးတယ်။

စီမံကိန်းအဖွဲ့ မိတ်ဆက်

နီကိုလတ်(စ်)ကော့
နီကိုလတ်(စ်)ကော့
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ညွှန်ကြားရေးမှူး

ဘာတွေ လုပ်သလဲ

ကျွန်တော်ကတော့ မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန်၊ သစ်တောနဲ့ မြစ်တွေ ထိန်းသိမ်း စောင့်ရှောက်တာက တကယ့်အရေးပါတဲ့ ကိစ္စတစ်ရပ်အဖြစ် WWF ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို လမ်းညွှန် လှုံ့ဆော်ပေးရတာပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

မြန်မာနိုင်ငံက သူ့အတွက်ကော သူ့လူမျိုးတွေအတွက်ပါ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ စီမံခန့်ခွဲပေးဖို့ လိုတဲ့ ကြွယ်ဝတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ထူးခြားတဲ့နေရာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေ လုပ်ခဲ့တဲ့ အမှားကို ကြုံခဲ့ပြီးတာကြောင့် မြန်မာနိုင်ငံမှာလည်း အလားတူ အမှားတွေ ထပ်မလုပ်အောင် ကျွန်တော်တို့က တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ။

ပိုင်စိုး
ပိုင်စိုး
အကြီးတန်း ထိန်းသိမ်းရေး ဇီဝဗေဒပညာရှင်

ဘာတွေ လုပ်သလဲ

“ကျွန်တော်ကတော့ တောရိုင်းတိရစ္ဆာန် စောင့်ကြည့်လေ့လာရေးနဲ့ အာရှဆင်တွေ အမဲလိုက်သတ်ဖြတ်ခံရမှု တားဆီးရေး လုပ်ငန်းတွေ လုပ်ပါတယ်။”

ဘာဖြစ်လို့ လုပ်တာလဲ

“မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာ အတော်များများရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာတွေ ကွယ်ပျောက်သွားတာကို တွေ့မြင်နေရတယ်။ အဲ့လိုကွယ်ပျောက်သွားတာတွေ ထပ်မဖြစ်ဖို့တားချင်တယ်။”

ဒေါက်တာရှိန်းသီဟစိုး
ဒေါက်တာရှိန်းသီဟစိုး
ဆင်ထိန်းသိမ်းရေး ညှိနှိုင်းရေးမှူး

ဘာတွေ လုပ်သလဲ

ကျွန်တော်ကတော့ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ အောက်မှာ ဥပဒေစိုးမိုးရေး လှုပ်ရှားမှုတွေကို ဦးဆောင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

ဆင်က မြန်မာနိုင်ငံမှာ အဖိုးတန်ဆုံး သတ္တဝါတွေထဲက တစ်မျိုး ဖြစ်ပါတယ်။ ဆင်တွေက လူသားတွေလိုပဲ ကိုယ်ချင်းစာစိတ်နှင့် စာနာနားလည်တတ်မှုတွေ ရှိတာကြောင့် သူတို့ကို ချစ်တယ်။ မြန်မာနိုင်ငံမှာ ဆင်တွေကို တန်ဖိုးထားကြပါတယ်။ အထူးသဖြင့် ဘာသာရေး ပွဲတော်တွေမှာပါ။ ဒီနေ့ခေတ်မှာတော့ သူတို့လေးတွေက တရားမဝင် အမဲလိုက်သတ်ဖြတ်မှု ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရပြီး ဈေးကွက်ဝယ်လိုအားကြောင့် မျိုးသုဉ်းတော့မယ့် အန္တရာယ်ရှိတဲ့ မျိုးစိတ် ဖြစ်လာပါပြီ။ သူတို့ကို အခုအချိန်မှာ ကာကွယ်စောင့်ရှောက်တဲ့ လုပ်ဆောင်မှုတွေ မလုပ်ရင် သူတို့တွေ တစ်သက်လုံး ပျောက်ကွယ်သွားတော့မှာပါ။ ကျွန်တော်တို့ရဲ့ အနာဂတ် သားစဉ်မြေးဆက်တွေအတွက် ဆင်တွေရဲ့ ဖြစ်တည်မှုကို ဆက်လက် ထိန်းသိမ်းထားဖို့ တရားမဝင် အမဲလိုက် သတ်ဖြတ်မှုကနေ ကာကွယ်ဖို့ အတတ်နိုင်ဆုံး ကျွန်တော် လုပ်ဆောင်သွားမှာပါ။

မာဂရက် ငြိမ်းငြိမ်းမြင့်
မာဂရက် ငြိမ်းငြိမ်းမြင့်
တောရိုင်းတိရစ္ဆာန်အစီအစဉ် ပံ့ပိုးရေး အရာရှိ

ဘာတွေ လုပ်သလဲ

ကျွန်မကတော့ မြန်မာနိုင်ငံက တိရစ္ဆာန်မျိုးစိတ်တွေ အထူးသဖြင့် ကျားနဲ့ အာရှဆင်တွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့ လုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်နေပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

တကယ်တမ်း လုပ်နေရတော့လည်း အရမ်းဝမ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်မှုမှာ ကျွန်မပါဝင်နိုင်တဲ့အတွက်လည်း အလွန် ဂုဏ်ယူမိပါတယ်။ အလုပ်ကြောင့် သဘာဝတရားနဲ့ ပိုရင်းနှီးစေပြီး နေ့စဉ်နေ့တိုင်းမှာ အသစ်အသစ်သော စိန်ခေါ်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာ တွေကြောင့် ထူးခြားနေပါတယ်။

ဇင်မာဟိန်း
ဇင်မာဟိန်း
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ

ဘာတွေ လုပ်သလဲ

တောရိုင်းတိရစ္ဆာန်တွေ စောင့်ကြည့်လေ့လာတာ၊ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်တာနဲ့ ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေ လုပ်ပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

ကမ္ဘာမြေကြီးအတွက် အပြောင်းအလဲတွေ ပြုလုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ခံစားရလို့ပါ။ ဒါမှသာ ကမ္ဘာကြီးက တောရိုင်းတိရစ္ဆာန်တွေနဲ့ လူသားတွေအတွက် ပိုကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။

ကျော်ဇေယျာအောင်
ကျော်ဇေယျာအောင်
မြေပြင်အချက်အလက်နှင့် GIS အရာရှိ

ဘာတွေ လုပ်သလဲ

ကျွန်တော်ကတော့ ထိန်းသိမ်းရေး ဦးစားပေးဒေသရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကိုရော လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြှင့်တင်ရေးအတွက်ကိုပါ ပံ့ပိုးပေးရပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

ကျွန်တော်က အကြောင်းအရာ ကဏ္ဍအလိုက် မြေပုံ ရေးဆွဲတာအပြင် မြေပြင်အချက်အလက်တွေ စီမံခန့်ခွဲတာနဲ့ သစ်တောဖုံးလွှမ်းမှုဆိုင်ရာ ဂြိုလ်တုဓာတ်ပုံတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာ အတွေ့အကြုံ အများကြီး ရှိပါတယ်။ ဒီအရည်အချင်းတွေကို ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ လုပ်ဆောင်တဲ့ နယ်ပယ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရစေဖို့ မြေပုံတွေ ပံ့ပိုးပေးဖို့နဲ့ ကျွန်တော်သိတဲ့ အသိပညာတွေကို မျှဝေပေးနိုင်ဖို့ လူမှုအဖွဲ့အစည်းတွေမှာ သူတို့ရဲ့ စွမ်းရည်တွေ တိုးတက်အောင် လေ့ကျင့်ပေးပြီး မြေပြင်အချက်အလက်ဆိုင်ရာ နည်းပညာတွေ စီမံခန့်ခွဲတဲ့နေရာမှာ ပိုပြီးတော့ အကျိုးရှိအောင် လုပ်ဆောင်ပေးဖို့ ဆန္ဒရှိလို့ပါ။

အရင်းအမြစ်များ