စတင်ခြင်းနှင့် ခရီးလမ်းတစ်လျှောက် မမေမိုးဝါနှင့် တွေ့ဆုံခြင်း | WWF

What would you like to search for?

စတင်ခြင်းနှင့် ခရီးလမ်းတစ်လျှောက် မမေမိုးဝါနှင့် တွေ့ဆုံခြင်း

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ WWF ရဲ့ ပထမဆုံး ရုံးဖွင့်လှစ်ချိန်မှာ မမေမိုးဝါဟာ ပထမဆုံး ဝန်ထမ်းတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းမှုမှာ မမေက ကျွန်မတို့ကို အရှိန်အဟုန်နဲ့ တိုးတက်နေပြီး အမြဲအလုပ်များနေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကြီး မွေးဖွား ပေါ်ပေါက်လာပုံနဲ့ အဆင့်ဆင့် ပြောင်းလဲ ဖြစ်တည်လာပုံကို သိမြင်နိုင်ဖို့ မျှဝေ ပေးခဲ့ပါတယ်။

WWF က မြန်မာနိုင်ငံကို ပထမဆုံးဝင်လာတဲ့ အချိန်မှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလဲ။

၂၀၁၃ မှာ ပထမဆုံး စတင်ခဲ့အချိန်က အစ်မတို့ သုံးဖက်သုံးတန်က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပထမဆုံး တွေ့ကြုံရတာက အစ်မတို့က မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံမတင်ရသေးတဲ့ အခြေအနေပါ။ အဲဒီအတွက်ကြောင့် အစ်မတို့မှာ တရားဝင် လုပ်လို့မရတဲ့ အရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဥပမာဆိုရင် ဝန်ထမ်းတွေ အများကြီး ခန့်ထားဖို့ မဖြစ်နိုင်သေးတာကြောင့် အစ်မတို့မှာ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ရှိပေမယ့် သူတို့ကို ကူညီဝိုင်းဝန်းမယ့် ပြည်တွင်းဝန်ထမ်းတွေ ရှိမနေခဲ့ပါဘူး။ WWF ရဲ့ ရာထူးနေရာတွေက ပညာရပ်ပိုင်းဆိုင်ရာ အထူးပြုလွန်းတာကြောင့် ဝန်ထမ်းသစ် ခန့်ထားနိုင်ဖို့ အချိန်အများကြီး ပေးရပါတယ်။ အစ်မတို့မှာ သဘာဝပတ်ဝန်းကျင် မူဝါဒဆိုင်ရာ မန်နေဂျာ တစ်ယောက်ရဖို့ တစ်နှစ်နီးပါးလောက် ရှာမရ ဖြစ်ခဲ့ပါတယ်။
ဒုတိယတစ်ချက်က နိုင်ငံက အကူးအပြောင်းကာလမှာ ဖြစ်နေပြီး ဒီမိုကရေစီစနစ်ကလည်း အခြေတည်ကာစ ဖြစ်နေတာပါ။ ဒါကြောင့် အစ်မတို့က ဒီအခြေအနေနဲ့ ကိုက်ညီမှုရှိတဲ့ နည်းလမ်းကို ရှာခဲ့ရပါတယ်။
တတိယအချက်ကတော့ ဘဏ္ဍာရေးဆိုင်ရာ ရှုပ်ထွေးမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ အလှူရှင်တွေဆီက ရန်ပုံငွေတွေကို မြန်မာနိုင်ငံကို လွှဲပို့ဖို့အတွက် စိန်ခေါ်မှုတွေ ရှိခဲ့တာကြောင့် စီမံကိန်းလုပ်ဖို့အတွက် ရန်ပုံငွေ ရယူရာမှာ ခက်ခဲခဲ့ပါတယ်။

အစိုးရအနေနဲ့ WWF က နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းထဲ ဝင်လာတဲ့အပေါ် ဘယ်လို တုန့်ပြန်မှုတွေရှိခဲ့လဲ။

အစိုးရမှာ သူတို့ရဲ့ စီမံကိန်းမဟာဗျူဟာ ရှိသလို အစ်မတို့ဘက်မှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့ မဟာဗျူဟာတွေ ရှိနေခဲ့တာပေါ့။ နှစ်ခုက မဆက်စပ်ဘဲ သီးခြားစီလို ဖြစ်နေတော့ အစ်မတို့က သူတို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ နည်းလမ်း ရှာခဲ့ရပါတယ်။ အစ်မတို့က ဦးတည်ချက် မျိုးစုံကို ကြိုးပမ်းခဲ့တာ ဆိုတော့ ဆွေးနွေးတာ ညှိနှိုင်းတာတွေ အများကြီး လုပ်ခဲ့ရပြီး နည်းနည်း ကြန့်ကြာတာတွေတော့ ဖြစ်ခဲ့တာပေါ့။ ကံကောင်းတာက WWF နဲ့ အလုပ်လုပ်တဲ့ ဝန်ကြီးဌာနတွေက တက်ကြွပြီး ပွင့်လင်းကြပါတယ်။

မြန်မာနိုင်ငံကို WWF စဝင်လာတဲ့အခါမှာ တူညီတဲ့ပန်းတိုင်အတွက် လုပ်ဆောင်နေတဲ့ တစ်ခြား အဖွဲ့အစည်းတွေ ရှိခဲ့လား။ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ တည်ရှိမှုက WWF ရဲ့ ရည်မှန်းချက်တွေကိုရော လွှမ်းမိုးမှု ရှိခဲ့ပါလား။

WCS၊ FFI၊ Smithsonian တို့လို အဖွဲ့အစည်းတစ်ချို့နဲ့ တစ်ခြား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလေးတွေက ဒီနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းကို လုပ်ဆောင်နေနှင့်ပါပြီ။ WWF-မြန်မာ စဝင်လာတဲ့ အချိန်မှာ အစ်မတို့က တောရိုင်းတိရစ္ဆာန်၊ သစ်တော၊ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်နဲ့ ရေချိုအရင်းအမြစ်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို အဓိက အာရုံစိုက်ပါတယ်။ အစိုးရရဲ့ အကြံပေးမှုနဲ့ တစ်ခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လုပ်ငန်းတွေ ထပ်မနေအောင် လုပ်ဆောင်ခဲ့ပါတယ်။ အစ်မတို့ အတူတူ ပူးပေါင်းပြီး လုပ်ခဲ့ကြပါတယ်။ ဥပမာအားဖြင့် တစ်ခြားအဖွဲ့အစည်းတွေလုပ်နှင့်ပြီးသား ရှိလို့ အဏ္ဏဝါ ထိန်းသိမ်းရေး အစီအစဉ်ကို မထည့်သွင်းဖြစ်ခဲ့တာမျိုးတွေ ရှိပါတယ်။

WWF-မြန်မာက သူ့ရဲ့အစ ၂၀၁၃ ကနေ ဘယ်လို ပြောင်းလဲဖြစ်ပေါ်ခဲ့သလဲ။

အစ်မတို့ စလုပ်ခဲ့တဲ့အချိန်မှာ အစ်မက ပထမဆုံး ခန့်အပ်ခံရတဲ့ ဒေသခံ တစ်ယောက်ပေါ့။ အစ်မတို့က ထိန်းသိမ်းကာကွယ်ရေး မန်နေဂျာ၊ အကြံပေးနဲ့ အစ်မ အပါအဝင် ဝန်ထမ်း သုံးယောက်ပဲရှိတဲ့ အဖွဲ့လေးအဖြစ် စခဲ့တာပါ။ အစ်မတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေ စပြီး လည်ပတ်နိုင်ဖို့နဲ့ တရားဝင် အဖွဲ့အစည်းဖြစ်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ သတိပြုမိပါတယ်။ အစ်မတို့က အစိမ်းရောင် စီးပွားရေးလုပ်ငန်းကို ချည်းကပ်တဲ့ နည်းနဲ့ စခဲ့ပါတယ်။ သုံးယောက်ပဲရှိတဲ့ အဖွဲ့လေးကနေ လူအယောက် ၇၀ ကျော်ရှိတဲ့ အဖွဲ့ကြီး ဖြစ်လာတာ အပြောင်းအလဲကြီးပါပဲ။ အစ်မတို့ လုပ်ခဲ့တဲ့ စီမံကိန်းတွေမှာ ကြီးမားတဲ့ တိုးတက်မှုတွေက အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

၂၀၁၃ မှာ ရုံးကို စတည်ထောင်ချိန်ကနေ ဘာတွေက သိသာတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့လဲ။

သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အပြောင်းအလဲဖြစ်အောင် လုပ်ရတာက ရေရှည်လုပ်ရမယ့် လုပ်ငန်း ဖြစ်ပေမယ့် အထင်ရှားဆုံး တွေ့နိုင်တာကတော့ လူတွေရဲ့ သဘောထားတွေ ပြောင်းလဲလာတာပါပဲ။ စည်းရုံး လှုံ့ဆော်မှုတွေကတစ်ဆင့် အစ်မတို့က ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ တောရိုင်းတိရစ္ဆာန်၊ စွမ်းအင်နဲ့ တစ်ခြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးတဲ့ အချက်တွေကို ဗဟုသုတ ဖြန့်ဝေပေးခဲ့ပါတယ်။ အရင်တုန်းက လူတွေက သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်မှု နည်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက အပြစ်တော့လည်း မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ ဖြစ်နေတာကြောင့် လူတွေက အသက်မွေးဝမ်းကျောင်းနဲ့ ထမင်းစားပွဲမှာ စားစရာ ရှိဖို့ကိုပဲ အလေးထားမှာပါပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းက ဦးစားပေးအရာတစ်ခု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် စည်းရုံးလှုံ့ဆော်မှုတွေကတစ်ဆင့် ဒီတန်ဖိုးတွေရဲ့ အရေးကြီးမှုတွေကို လူတွေကြားမှာ မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ အစ်မတို့က လူတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် ထားတဲ့ အမြင် ပြောင်းလာတာကို သိသာတဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့ တွေ့မြင်ရပါတယ်။

WWF-မြန်မာမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံထဲမှာ ဘာကို အမှတ်တရ အဖြစ်ဆုံးလဲ။

အမှတ်တရ အဖြစ်ဆုံးကတော့ ၂၀၁၅ နိုဝင်ဘာလမှာ ရုံးစဖွင့်ခဲ့တဲ့အချိန်ပဲ။ အဲဒီအချိန်တုန်းက ဝန်ထမ်း ၆ ယောက် ၇ ယောက်ပဲ ရှိပြီး အဖွဲ့ကို မှတ်ပုံတင်ပြီးကာစ တရားဝင် အသိအမှတ်ပြုခံရပြီဆိုတဲ့ အချိန်ပေါ့။ အဲဒါကြောင့် အစိုးရဝန်ထမ်းတစ်ချို့ကို ဖိတ်ပြီး ဧည့်ခံပွဲလေး လုပ်ဖြစ်ခဲ့ပါတယ်။ အစ်မတို့က အဖွဲ့အစည်းအသစ် ဖြစ်တာကြောင့် လူအများကြီး လာမယ်လို့ မမျှော်လင့်ခဲ့ပေမယ့် သံအမတ်တွေနဲ့ အစိုးရအရာရှိတွေ အတော်များများ ရောက်လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ WWF ဆိုတာ အများ အသိအမှတ်ပြု လေးစားခံရတဲ့ အဖွဲ့အစည်းတစ်ခုပါလား ဆိုတာ ခံစားလိုက်ရပါတယ်။ အဲဒီနေ့က အစ်မတို့ အားလုံး အရမ်းပျော်ခဲ့ကြပါတယ်။
ဒုတိယတစ်ခုကတော့ တစ်ကယ့်ကို တွန်းအားဖြစ်စေပါတယ်။ “မိုမိုတို့အတွက် ရင်တွင်းစကားသံ” ဆိုတဲ့ လူထု အသိပညာပေးရေး လှုပ်ရှားမှုက ဆယ့်နှစ်လလုံး လှုပ်ရှားခဲ့ရတဲ့ လှုပ်ရှားမှုတစ်ခုပါ။ အစ်မတို့ အားလုံး အရမ်းကြိုးစားခဲ့ကြရပေမယ့် ပင်ပန်းတယ်လို့ မခံစားခဲ့ရပါဘူး။ အဖွဲ့သားတွေက အင်အားတောင့်တော့ ဒီလှုပ်ရှားမှုက အရမ်းအောင်မြင်ခဲ့ပါတယ်။ အစ်မတို့က အဲဒါကို လှုပ်ရှားမှုအကြီးကြီးတစ်ခု ဖြစ်ဖို့ စိတ်အားထက်သန်ခဲ့ပြီး ရည်မှန်းကြီးကြီးလည်း ထားခဲ့တာပါ။ ဒီအတွေ့အကြုံကနေ တစ်ခုခုလုပ်ချင်တဲ့ ပြင်းပြမှုရှိရင် လုပ်ကိုလုပ်နိုင်တယ်ဆိုတာ အစ်မတို့ သဘောပေါက်ခဲ့ကြပါတယ်။ အစ်မတို့က ခိုင်မာပြတ်သားဖို့နဲ့ ဆန်းသစ် တီထွင်နိုင်ဖို့ပဲ လိုတာပါ။

FROM THE FIELD