မြန်မာ့ရာဘာကဏ္ဍကို ဖြစ်ထွန်းစေခြင်း | WWF

What would you like to search for?

မြန်မာ့ရာဘာကဏ္ဍကို ဖြစ်ထွန်းစေခြင်း

သစ်ရိပ် ကျိုးတိုးကျဲတဲနဲ့ ကွက်တိကွက်ကြား နေရောင်အောက်မှာ ဒီဇင်ဘာရဲ့ နေက ပူလွန်းနေပါတယ်။ မြန်မာနိုင်ငံမှာ ဆောင်းရာသီဆိုပေမယ့် ခြေချင်းဝတ်မှာ ခြင်တွေက အုံခဲနေတာပါပဲ။

ကျွန်တော်တို့က ရာဘာပင်တန်း အထပ်ထပ်တွေရဲ့ ကြားမှာ ရပ်နေပါတယ်။ ကျွန်တော်တို့ မြင်ရသလောက်တော့ အဖြူအပြောက်ပြောက်နဲ့ ရှည်မြောမြော ပင်စည်တွေက စီရရီ ဖြောင့်တန်းနေပါတယ်။ အပင်တိုင်းမှာ အုန်းခွံကို ဝါယာကြိုး အပိုင်းအစလေးနဲ့ ချည်ထားပါတယ်။ အထက်ပိုင်းမှာတော့ အကိုင်းအခက်မရှိတဲ့ ပင်စည်ကို သေသေသပ်သပ် လက်မဝက်နီးပါး နက်တဲ့ လမ်းကြောင်းဖြစ်အောင် အစေးလှီးဓားနဲ့ ထွင်းထားပါတယ်။ လမ်းကြောင်း အားလုံးကို ၄၅ ဒီဂရီ ထောင့်ချိုးထားပြီး အုန်းခွံခွက်ဆီကို ထောင့်မှန်လမ်းကြောင်းအတိုင်း စီးဝင်စေပါတယ်။ စေးပျစ်ပျစ် အဖြူရောင်အရည် တစ်စက်ချင်းစီက အုန်းခွံခွက်ထဲကို ဖြည်းဖြည်းချင်း ကျဆင်းနေပါတော့တယ်။ ဒီရာဘာစေးက ကုန်ကြမ်းအဆင့်ပဲ ရှိပါသေးတယ်။

ပြဿနာရဲ့ အရင်းခံ

မြန်မာနဲ့ ထိုင်း နယ်စပ်ကြားမှာ ခွလျှက်တည်ရှိနေတဲ့ ကျယ်ပြောတဲ့ တောင်တန်းများရှိရာ ဒေါန-တနင်္သာရီ တောအုပ်ရဲ့ တနင်္သာရီဒေသမှာ တွေ့ရတဲ့ ရာဘာစိုက်ပျိုးခြံတွေထဲက တစ်ခုကို ကျွန်တော်တို့ လေ့လာနေတာပါ။ အစုအကွက်လိုက် ရာဘာစိုက်ခင်းတွေက လက်ရာမပျက် စိမ်းလန်းစိုပြည်နေတဲ့ သစ်တောတွေကို ခြောက်လှန့်နေတယ် ဆိုတာကိုတော့ မသိကျိုးကျွန်ပြုဖို့ ခက်လှပါတယ်။

ဒီဒေသက ကျားတွေနဲ့ အာရှဆင်တွေ အပါအဝင် ရှားပါးပြီး မျိုးသုဉ်းလုနီး မျိုးစိတ်တွေ အတော်များများ ပါ၀င်တဲ့ အံ့သြဖွယ်ရာ ဇီဝမျိုးစုံမျိုးကွဲ မြောက်များစွာရဲ့ နေအိမ် ဖြစ်ပါတယ်။ ဒါ့အပြင် ရာဘာစိုက်ပျိုးရေးကို အဓိကဝင်ငွေအဖြစ် မှီခိုနေရတဲ့ ကျေးလက်ဒေသက တိုင်းရင်းသား အတော်များများရဲ့ အိမ်လည်း ဖြစ်ပါတယ်။ တနင်္သာရီဒေသက မြန်မာ့ ရာဘာထုတ်လုပ်မှုရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး ထွက်ရှိရာ ဖြစ်ပေမယ့် ရာဘာစိုက်ပျိုးမြေ တိုးချဲ့မှုက ဆက်လက် မြင့်တက်နေပြီး အဲ့ဒီ စိုက်ပျိုးရေး ကုန်ပစ္စည်းတွေက သစ်တောပြုန်းတီးဖို့ကို အန္တရာယ်ကြီးစွာ အားပေးနေပါတယ်။

“မြန်မာ့ ရာဘာစိုက်ခင်းတွေက အဲ့လောက်ကြီး မအောင်မြင်ပါဘူး။ အိန္ဒိယနိုင်ငံမှာ တစ်ဟက်တာကို ၂၀၀၀ ကီလို ပျှမ်းမျှ ရိတ်သိမ်းရတာနဲ့ယှဉ်ရင် ဒီမှာက တစ်ဟက်တာကို ၆၅၀ ကီလို နီးပါးပဲ ထုတ်လုပ်နိုင်တာက နည်းလွန်းပါတယ်။ နောက်ဆုံးရလဒ် ဖြစ်တဲ့ ရာဘာ အစေးပြားတွေကလည်း အရည်အသွေး အရမ်းကို နိမ့််တာကြောင့် စျေးကွက်ပေါ်မှာလည်းစျေး ကောင်းရအောင် မဆွဲဆောင်နိုင်ပါဘူး” လို့ WWF-မြန်မာက သဘာဝသဟဇာတ စီးပွားရေး အစီအစဉ် မန်နေဂျာ ဂေါရုဖ်ဂုပ်တားက ပြောပါတယ်။

ဒီလိုအရည်အသွေးနဲ့ အထွက်နှုန်း နိမ့်တာရဲ့ ဂယက်ရိုက်ခက်မှုက လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် နှစ်ခုစလုံးနဲ့ သက်ဆိုင်ပါတယ်။ မတည်ငြိမ်တဲ့ စျေးကွက်နဲ့ ခန့်မှန်းရခက်တဲ့ အထွက်နှုန်းရဲ့ ဒုက္ခသည်တွေ ဖြစ်တဲ့ ရော်ဘာစိုက်ပျိုးသူတွေဟာ သီဟိုဋ္ဌ်နဲ့ ကွမ်းသီးလိုမျိုး သစ်မဟုတ်တဲ့ တခြား သစ်တောထွက်ကုန်တွေ ထုတ်လုပ်မှုကို နယ်ပယ်သစ် တိုးချဲ့လာကြပါတယ်။ အသစ်တစ်ဖန် စတင်လုပ်ကိုင်တဲ့ စိုက်ပျိုးရေးတွေက လယ်သမားတွေ အတွက်ကော သူတို့ရဲ့ နေထိုင်ရာ ဒေသအတွက်ပါ ကြီးစွာသော သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

လုပ်ငန်း ချဲ့ထွင်မှုထက် အထွက်နှုန်း တိုးတက်ရန် အားပေးခြင်း

WWF က ရာဘာပြဿနာ အခက်အခဲကို ဖြေရှင်းဖို့ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ရော နိုင်ငံတော်အဆင့်မှာပါ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

“ကျွန်တော်တို့က တောင်သူတွေရဲ့ စားဝတ်နေရေး တိုးတက်ကောင်းမွန်လာဖို့နဲ့ တစ်ချိန်တည်းမှာပဲ အထွက်နှုန်းကောင်းတဲ့ အပင်တွေကို စိုက်ပျိုးဖို့နဲ့ အရည်အသွေးကောင်းတဲ့ ရာဘာစေး ထုတ်လုပ်ဖို့ နည်းလမ်းတွေကို ပြသပေးပြီး သစ်တောကို ကြီးကြပ်ထိန်းသိမ်းသူတွေဖြစ်လာအောင် ကူညီပေးနေပါတယ်။ ဒါတွေအပြင် ကျွန်တော်တို့က နည်းပညာပံ့ပိုးပေးမှုနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဈေးကွက်ဆီကို ချိတ်ဆက်နိုင်အောင် ထောက်ပံ့ပေးတာတွေလည်း လုပ်နေပါတယ်။” လို့ ဂေါရုဖ်က ရှင်းပြပါတယ်။

အခုအချိန်အထိတော့ မြေပြင်အခြေအနေမှာ သင်ခန်းစာတွေကို လှိုက်လှိုက်လှဲလှဲ လက်ခံ သင်ယူနေကြပါတယ်။ သုံးရက်ကြာသင်တန်း ပေးပြီးနောက်မှာတော့ တောင်သူတွေဟာ သူတို့ရဲ့ အထွက်နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်လာတာကို တွေ့ရပါတယ်။


“သတင်းစကားက ပျံ့တာ မြန်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ ရာဘာ အထွက်နှုန်း တိုးအောင် ဘယ်လို လုပ်ရမလဲဆိုတာ အကြံဉာဏ်တွေ၊ လမ်းညွှန်မှုတွေ တောင်းတဲ့ တောင်သူတွေ ပိုပိုများလာပါပြီ။” ဟု သူက ပြုံးပြီး ထပ်ပြောပါတယ်။

တစ်နိုင်ငံလုံး အနှံ့က ထောင်ပေါင်းများစွာသော ရာဘာခြံတွေကို သတင်းပျံ့နှံ့လာတာကြောင့် WWF-မြန်မာ အနေနဲ့ တစ်ဦးတည်း မလုပ်ဆောင်နိုင်တော့ပါဘူး။ ရေရှည် တည်တံ့ခိုင်မြဲတဲ့စနစ်ကို လုပ်ဆောင်တာကသာလျှင် ဒီက ရာဘာကုန်ထုတ်ကွင်းဆက် အောင်မြင်မှုရဲ့ အဓိကကျတဲ့ကဏ္ဍ ဖြစ်တာကြောင့် စိုက်ပျိုးရေးဦးစီးဌာနက အဖွဲ့များအနေနဲ့ လယ်သမားတွေကို လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပြီး ဘယ်လိုထိရောက်စွာ စိုက်ပျိုးမလဲ ဆိုတာကို ပညာပေးလုပ်ဆောင်သွားမှာပါ။


“ရာဘာဈေးနှုန်း ကျဆင်းလာမှုကြောင့် ရာဘာစိုက်ခင်းတွေ ချဲ့ထွင်လာတာနဲ့ တခြား သစ်တောပြုန်းတီးတာကို ပိုဆိုးစေတဲ့ လုပ်ရပ်တွေကို လျှော့ချနိုင်ဖို့က ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်ပါ။ သစ်တောပြုန်းတီးမှု လုံးဝမဖြစ်စေတဲ့ ရာဘာကုန်ထုတ်ကွင်းဆက် ဖြစ်ပေါ်လာဖို့ ကျွန်တော်တို့ မျှော်မှန်း ဆောင်ရွက်နေပါတယ်။" လို့ ဂေါရုဖ်က ပြောပါတယ်။

အခွင့်အလမ်းရဲ့ လမ်းစ

ကမ္ဘာ့ ရာဘာစျေးကွက်က ပြောင်းလဲနေပါပြီ။ Michelin နဲ့ General Motors တို့လို အရည်အသွေးမြင့်ပစ္စည်း ဝယ်သူတွေက အခုဆို သဘာဝနဲ့ သဟဇာတဖြစ်စွာ ထုတ်လုပ်တဲ့ ရာဘာအရင်းအမြစ်တွေကပဲ ဝယ်ယူဖို့ ကတိပြုခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ဒီလို ရာဘာရင်းမြစ်မျိုး မရှိသေးပါဘူး။ တချို့နိုင်ငံတွေက သစ်တောပြုန်းတီးမှု လုံးဝ မဖြစ်စေတဲ့ နည်းလမ်းကို လုပ်ဆောင်နေပေမယ့် ခြေရာခံ စစ်ဆေးနိုင်စွမ်း မရှိတာကြောင့် ရာဘာတွေ သဘာဝနဲ့ သဟဇာတဖြစ်စွာ ထုတ်လုပ်တာ ဟုတ် မဟုတ်ဆိုတာကို အတည်ပြုဖို့ မဖြစ်နိုင်သေးပါဘူး။ တည်နေရာ၊ စျေးနှုန်း အတက်အကျနဲ့ စိုက်ခင်း အရွယ်အစားနဲ့ သက်တမ်းလို လူမှုစီးပွားဆိုင်ရာ အညွှန်းကိုင်းတွေကို လက်ကိုင်စက်တွေ အသုံးပြု ခြေရာခံတဲ့ နည်းစနစ်နဲ့ မြန်မာနိုင်ငံက သိပ်မကြာခင်မှာ ကမ္ဘာ့ ပထမဦးဆုံး အပြည့်အဝ စိစစ်အတည်ပြုနိုင်တဲ့ သဘာဝသဟဇာတဖြစ်တဲ့ ရာဘာထုတ်လုပ်မှု ဖြစ်လာတော့မှာပါ။

မြန်မာ့ ရာဘာစိုက်ခင်းတွေက တစ်ချိန်တုန်းက သဘာဝနဲ့ လူသားတွေအတွက် အနည်းအကျဉ်းမျှသာ ကျန်တဲ့အထိ ဒေသရဲ့ မြေယာတွေကို ဖျက်ဆီး ပျက်သုဉ်းစေခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေဖြစ်တဲ့ လူသားတွေနဲ့ သဘာဝတရားအတွက်ပါ နှစ်ခုစလုံးအတွက် အကျိုးရလဒ်ကောင်း တွေကို ခံစားနိုင်စေဖို့အတွက် သဘာဝသဟဇာတဖြစ်တဲ့ ရာဘာ ရှာဖွေမှုမှာ အဓိကလုပ်ဆောင်သူဖြစ်လာဖို့ ကောင်းစွာ နေရာရနေပါပြီ။

WWF Today