သစ်တောပညာရှင်တစ်ဦးနှင့် ကြုံတုန်းဆုံခိုက် | WWF

What would you like to search for?

သစ်တောပညာရှင်တစ်ဦးနှင့် ကြုံတုန်းဆုံခိုက်

‌ကိုဇင်လင်းထွန်း၏ သစ်တောအရာရှိတစ်ဦးဘဝ

အရပ်မြင့်မြင့် အသားညိုညို၊ မျက်နှာထားတည်တည်နဲ့ နောက်ပြောင်တတ်သူကတော့ ကိုဇင်လင်းထွန်းပဲ ဖြစ်ပါတယ်။ သူက WWF-မြန်မာရဲ့ ထားဝယ်ရုံးမှာ အလုပ်လုပ်နေတဲ့ အစုအဖွဲ့ပိုင်သစ်တောတွေနဲ့ သစ်တော ပြန်လည်ထူထောင်ရေး ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ သူရဲ့ မွေးရပ်ဇာတိက မြန်မာပြည် အထက်ပိုင်းက ဖြစ်ပေမယ့်လည်း အခုတော့ မြန်မာပြည်ရဲ့ တောင်ဘက်ပိုင်းမှာ အလုပ် လာလုပ်နေသူပါ။ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကတော့ သူ့ကို “ဇင်” “ဆရာဇင်” “ကိုဇင်” လို့ အမျိုးမျိုး ခေါ်ကြပါတယ်။

သူအဓိက အလုပ်လုပ်နေရတဲ့ ဒေါန-တနင်္သာရီဒေသ ဟာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသလို သစ်တော ဖုံးလွှမ်းမှု ၈၀% ခန့် ကျန်ရှိနေသေးတဲ့ ဒေသတစ်ခုလည်း ဖြစ်နေပါတယ်။ သူ့အကြောင်းတွေနဲ့ အလုပ်တွေ အကြောင်းသိရအောင် မေးမြန်းကြည့်ရအောင်နော်။


ကိုဇင်၊ သစ်တောထိန်းသိမ်းရေးသမားတစ်ယောက်ဘယ်လိုဖြစ်လာလဲဆိုတာပြောပြပါဦး။

ကိုယ်ကလည်း သစ်တောသမားဆိုတော့ သစ်တောထိန်းသိမ်းရေး ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေမှာ ကိုယ်ပါဝင်နိုင်သလောက် ကြိုးစားပါဝင်တယ်ပေါ့နော်။ ကျွန်တော်က ငယ်ငယ်ထဲက သစ်ပင်တွေ၊ သစ်လုံးတွေကြားမှာ ကြီးပြင်းလာခဲ့ရတာ။ ကျွန်တော်က ချင်းတွင်းသားပေါ့လေ။ အဖေက သစ်လုပ်ငန်းဌာန ကဆိုတော့ သစ်လုံးတွေ ဆိုတာလည်း မမြင်ချင်မှ အဆုံးပဲ။ ငယ်ငယ်ကတည်းက တောရိုင်းဆင်တွေလည်း မြင်ဖူးတွေ့ဖူးခဲ့တယ်။ ပြီးတော့လည်း ကျွန်တော်က သစ်တော တက္ကသိုလ်က ကျောင်းပြီးထားတာ။ နောက်ဆုံးနှစ်မှာ ကိုယ်စိတ်ဝင်စားတဲ့ လိုင်းကို ရွေး ရတယ်။ သစ်တော နဲ့ သစ်လုပ်ငန်း ဆိုပြီးတော့ (၂)ခုရှိတယ်။ တစ်ချို့ဆရာတွေက အကြံပေးတယ်။ သစ်ထုတ်လုပ်ရေးသွား ပါလား ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်က သစ်တောဖက်ကို ပဲရွေးခဲ့ တယ်။ ပြောရမယ်ဆို သစ်တော ထိန်းသိမ်းရေးပေါ့နော်။


ကျွန်တော်အကြိုက်ဆုံးကတော့ သစ်တောလို့ ပြောလိုက်ရင် သစ်ပင်တစ်ခုတည်း မဟုတ်ဘူး။မြေ၊ရေ၊လေတွေပါမယ်။ တောတွေ တောင်တွေထဲကို သွားလုပ်ရတာ၊ ချောင်းတွေမှာရေချိုးရတာ။ သဘာဝတရားကြီးကို ထိတွေ့ခံစား နေရတာကိုက ကျွန်တော့်အတွက် ဆုလာဘ်ကြီးပဲ။

အားလုံးသိတဲ့အတိုင်း၊ သစ်တောတွေ ခုတ်လှဲခံနေရတဲ့ ကိစ္စက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ကို ဖြစ်ပျက်နေတာဆိုတော့ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ်ဆိုလည်း မမှားဘူး။ အဲတော့ မြန်မာမှာရော အဲဒီကိစ္စက ဘယ်လို အနေအထားမျိုးမှာ ရှိလဲဆိုတာ ပြောပြပေးပါ။


သစ်တောပြုန်းတီးမှုဆိုတာကတော့ မြန်မာ့သမိုင်းမှာအရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ် နေတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝကတည်းက သစ်တောတွေ ခုတ်နေတုန်းပဲ။ ကျောင်းပြီးရင် သစ်တောတွေ ရှိပါတော့မလားလို့တောင် စိုးရိမ်ခဲ့ရတာ။ ကျောင်းပြီးလို့ အလုပ်ထဲရောက်သွားတော့လည်း သစ်တွေက ထုတ်နေတုန်းပဲ။ အခုအချိန်ထိလည်း သဘာဝတောကျန်တွေက သစ်တွေထုတ်နေတုန်းပဲ။ တရားဝင် ထုတ်တာတွေ ရှိသလို တရားမဝင် ခိုးထုတ်တာတွေလည်း ရှိနေကြတုန်းပဲ။ သစ်တောတွေကို အခြားမြေအဖြစ် ပြောင်းလဲ အသုံးချနေတာတွေလည်း ရှိတုန်းပဲ။ သစ်တောတွေက ပြုန်းတီးမြဲပဲ။ ပြုန်းတီးနှုန်းတွေကလည်း အခုချိန်ထိမြင့်နေဆဲပဲ။

ဥပမာ အနေနဲ့ ကြည့်မယ်ဆိုရင် ပဲခူးရိုးမကြီးက တစ်ချိန်တုန်းက အလွန်ကောင်းတဲ့ ရွက်ကြွေတောကြီးလေ။ ကျွန်းပင်တွေရဲ့ မူလအစလို့တောင် ပြောကြတယ်။ အခု ပဲခူးရိုးမကြီးကို ဖြတ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းကြီးကို ဖောက်လိုက်တယ်။ လမ်းမကြီးဘေးက တောပြုန်းသွားတဲ့ နေရာတွေမှာ ကျွန်းပင်တွေ ပြန်စိုက်ထားတာတော့ တွေ့ရတယ်။ အရင်လို သဘာဝ ကျွန်းတောကြီး တစ်ခု ပြန်ဖြစ်လာဖို့ နှစ်ကာလ အတော်စောင့်ရဦးမယ်နဲ့ တူတယ်။

လူတွေသတိမထားမိတာက သစ်တောဆိုတာက မြေယာရှုခင်း တစ်ခုသက်သက် မဟုတ်ဘဲ ပြောင်းလဲတတ်တယ်ဆိုတာကို။ ပြောချင်တာက မြေအတန်းအစားတွေ ကျသွားပြီ၊ ရာသီဥတုတွေ ပုံမမှန်တော့ဘူး ။ ရောဂါပိုးမွှားတွေများလာပြီ။ အများကြီးပေါ့။ သဘာဝ တောကြီးဖြစ်ဖို့အတွက် အခက်အခဲတွေ အများကြီးပဲ။ ဒါတွေက သစ်တွေအများကြီးကို ခုတ်လှဲလိုက်တဲ့ အကျိုးဆက်တွေပါ။


ဆိုကြပါတော့ သစ်တောပြုန်းတီးမှုဆိုတာက ကူးစက်ရောဂါတစ်ခုလို့ပဲ စဥ်းစားမယ်ဆိုရင် တစ်ခါစခုတ်လိုက်တာနဲ့ပဲ သူ့ရဲ့အကျိုးဆက်က ပျံ့ပြီးရင်း ပျံ့သွားမှာ။

ကြားရတဲ့ပုံအရဆိုရင် မြန်မာ့သစ်တောတွေကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့က စိန်ခေါ်မှုကြီးကြီး တစ်ခု ဆိုတော့ ဘယ်လိုအရာတွေက ကိုဇင်ကို ရှေ့ဆက်ဖို့ လှုံ့ဆော်ပေးတာပါလဲ။

သူများတွေက “သစ်တောတွေက မရှိတော့ဘူး။ မင်းတို့ ဘယ်တောကို သွားထိန်းမှာလဲ” မေးကြတယ်။ ကျွန်တော် ယုံကြည်တာကတော့ နောက်ကျတယ်ဆိုတာမရှိဘူး။ ဒီနေ့ကစ လည်း နောက်မကျသေးဘူး ဆိုတာကို ယုံကြည်တယ်။ ကျွန်တော်တို့ ဥပဒေတွေလိုအပ် တယ်။ ဒါမှလည်း သစ်တောတွေအားလုံးမဆုံးရှုံးရမှာ။ သတင်းကောင်းပြောရမယ်ဆိုရင် လူတော်တော်များများက သစ်တောထိန်းသိမ်းကာကွယ်ရေးတွေမှာ အတူတကွပေါင်းပြီး လုပ်ချင်ကြတဲ့ စိတ်ဆန္ဒတွေရှိကြတယ်။ အဲ့ဒီအထဲက အများစုကတော့ ဒေသခံတိုင်းရင်း သားတွေပေါ့။ သူတို့က သစ်တောပတ်ဝန်းကျင်မှာနေကြသလို သစ်တောတွေထဲမှာ နေကြတဲ့သူတွေလည်းဖြစ်တယ်။ အဲ့တာကြောင့် သစ်တောထိမ်းသိန်းရေးလုပ်ငန်းက သူတို့ရဲ့ အခွင့်အရေးသာမကဘူး ဂေဟစနစ်ကြီးကို ကာကွယ်ရမယ့် သူတို့ရဲ့ တာဝန်ဝတ္တရား ဆိုလည်းမမှားဘူး။ အားလုံး တက်ညီလက်ညီနဲ့ သစ်တောထိန်းသိမ်းရေး လုပ်ငန်းကို ဝိုင်းလုပ်နေကြတာ မြင်ရတာကိုက ကျွန်တော်အတွက်​တော့ အပျော်ဆုံးပဲ။

ဆရာဇင်အနေနဲ့ ဘယ်လိုလုပ်ငန်းတွေ လုပ်ရတယ်။ ဘယ်လိုတာဝန်တွေ ယူထား ရတယ်ဆို တာကို တိတိကျကျလေး ပြောပြပေးပါ။

ကျွန်တော်က ဒီမှာ အစုအဖွဲ့ပိုင်သစ်တောနဲ့ သစ်တောပြန်လည်ထူထောင်ရေး ကျွမ်းကျင်သူ ဆိုတော့ သိတဲ့အတိုင်းပဲ သစ်တောနဲ့ ပတ်သက်တဲ့ အလုပ်တွေတော့ အဓိက လုပ်ရတာပေါ့ဗျာ။ အဲ့တာတွေက ဘာတွေလဲဆိုတော့ ကျေးရွာ အစုအဖွဲ့ပိုင် သစ်တော/ ကျေးရွာပိုင် ဘုံသစ်တော လို့ ခေါ်တဲ့ Community Forest (CF) တွေ တည်ထောင် ဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်ရတာတွေ ရှိတယ်။ ပြီးတော့ သက်ဆိုင်ရာတွေ ဆီကနေ အသိအမှတ်ပြု လက်မှတ်ရရှိရေးတွေမှာ ကူညီပေးရတာတွေ ရှိတယ်။ ပြီးတော့ သက်ဆိုင်ရာ CF တွေရဲ့ စီမံခန့်ခွဲမှု အစီအစဉ်တွေ ပေါ်ထွက်လာနိုင်အောင် ကူညီ လုပ်ဆောင်ပေးရတဲ့ အပိုင်းတွေရှိပါတယ်။

အစုအဖွဲ့ပိုင်သစ်တောအကြောင်းရှင်းပြပေးလို့ရမလား။

အစုအဖွဲ့ပိုင်သစ်တောဆိုတဲ့အတိုင်းပဲ ဒီသစ်တောနဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တွေက ဒီရပ်ရွာလူထုကပဲ ကိုယ်တိုင် ချမှတ်ထားကြတာ။ ကျွန်တော်တို့ကတော့ ဘေးကနေပဲ ပံ့ပိုး ကူညီပေးရတာပေါ့။ အဓိကကတော့ ရွာသူရွာသားတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သူတို့ ဆုံးဖြတ်ချက် အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ သစ်တောတွေ မပြုန်းတီးအောင် သစ်တောတွေ ပြန်ပြီး ကောင်းလာအောင် လုပ်ဖို့ပါ။ ဒေသခံ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ သစ်တောတွေအပေါ် အများကြီး မှီခိုမှု ရှိနေတယ်။ အဲဒါကြောင့် သူတို့အနေနဲ့လည်း သစ်တော ထိန်းသိမ်းရေးလုပ်ငန်းတွေကို စိတ်ဝင်စားကြပါတယ်။


အစုအဖွဲ့ပိုင်သစ်တော ဆိုတာကတော့ ကာလရှည်ကြာ ရေရှည်တည်တံ့နိုင်တဲ့နည်းနဲ့ သစ်တောထဲက ထုတ်ယူသုံးစွဲတာတွေနဲ့ သစ်တော ထိန်းသိမ်းတာတွေကို လုပ်နိုင်ဖို့အတွက် ဒီသစ်တောတွေကို မှီခိုမှုအရှိဆုံးနဲ့ အသိဆုံးဖြစ်တဲ့ ရပ်ရွာလူထုကို အခွင့်အာဏာ ပေးအပ်ထားတာပဲ ဖြစ်ပါတယ်။

အဲ့ဒီတော့ ကိုဇင်က ကျေးရွာလူထုနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး သစ်တောတွေ ကာကွယ်ထိန်းသိမ်းတယ်ဆိုတော့ အဲဒီလုပ်ငန်းစဥ်လေးကို ပြောပြပေးပါလား။

သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဖို့ ဒီဒေသခံရပ်ရွာလူထုတွေနဲ့ ပူးပေါင်းလုပ် ဆောင်ရတာ လွယ်ပါတယ်။ သူတို့တွေက အခြားလူတွေထက် ပိုသိထားပြီးသားလေ။ သူတို့တွေရဲ့ စားဝတ်နေရေးက ဒီတောပေါ်မှာပဲ မှီခိုနေကြရတာလေ။ အဲဒါကြောင့်လည်း အခုလိုမျိုး သစ်တောတွေပြန်လည်ပြုစုပျိုးထောင်ဖို့ တကယ်ကို တက်တက်ကြွကြွ ပါဝင်လာ ကြတာပါ။ ကျွန်တော်တို့ အရင်ဆုံး ကျေးရွာမှာရှိတဲ့ စုဝေးလို့ရတဲ့နေရာမှာ အရင်ထိုင်ပြီးတော့ အစည်းအဝေး လုပ်ကြတယ်။ ရွာကသူတွေ ပြောပြတဲ့ အကြောင်းအရာတွေကို နားထောင်တယ်။ သူတို့တွေရဲ့ အမြင်သဘောထားတွေ၊ စိုးရိမ်မှုတွေ၊ သစ်တောတွေ ဘယ်လို ပြောင်းလဲ သွားလဲဆိုတဲ့ သူတို့ရဲ့ လေ့လာချက်တွေကို ပြန်လည် ဝေမျှပေးကြတယ်။ အဲဒါတွေ ပြီးရင်တော့ အစုအဖွဲ့ပိုင် သစ်တောလုပ်ဖို့ သူတို့ အဆင်ပြေမယ့် စဥ်းစားမိတဲ့ ဧရိယာတွေကို အဆိုပြုခိုင်းတယ်။

အဲဒီနောက်မှာ ဒီရပ်ရွာလူထုကို သူတို့လိုအပ်တဲ့ ကိရိယာတွေ ထောက်ပံ့ပေးတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် သစ်တောဧရိယာတွေကို ဘယ်လို တိုင်းတာရမလဲဆိုတဲ့ နည်းလမ်းတွေကို အားလုံးကို ပြပေးတယ်။ အဲဒီမှာဆိုရင် GPS အသုံးပြုနည်းလိုမျိုး နည်းနည်း နည်းပညာဆန်တဲ့ ဟာတွေလည်း ပါတယ်။ အဲဒီအဆင့်တွေ ပြီးပြီဆိုရင် အစုအဖွဲ့ပိုင်သစ်တော ကော်မတီထဲမှာပါတဲ့ သူတွေကို နယ်မြေကို စီမံခန့်ခွဲနိုင်ဖို့ စည်းမျဥ်းစည်းကမ်း ရေးဆွဲခြင်း လုပ်ငန်းတွေမှာ ကူညီပေးတယ်။ ပြီးတော့ သစ်တောစီမံ အုပ်ချုပ်မှုအစီအစဥ်နဲ့ သစ်တောပြန်လည်ပြုစုပျိုးထောင်ရေးအစီအစဥ်တွေ ရေးဆွဲ အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးပါတယ်။

အဲဒါတွေ အားလုံးပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့တွေ ပြန်သွားပြီး အခြေအနေတွေ ဘယ်လိုဖြစ်နေပြီလဲ ဆိုတာတွေ ကြည့်တယ်။ သစ်တောအရည်အသွေး ဆန်းစစ်တဲ့ နေရာတွေမှာလည်း ကူညီပေးတယ်။

ဟုတ်ကဲ့ပါ။ ဒါဆိုရင် ကိုဇင့် အလုပ်က သူတို့ရဲ့ အနာဂတ်အတွက် ရေရှည်တည်တံ့တဲ့ သစ်တောတွေဖြစ်ဖို့ ဒေသခံတွေကို ကူညီရတာဆိုတော့ ကိုယ်ပါဝင်ရတဲ့ စီမံကိန်းမှာ အခြား ဘယ်လိုမျိုး အကျိုးရလာဒ်တွေရော ရှိလဲ။

ရှိတာပေါ့။ အခုကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ဒေသကြီးမှာက အကောင်းပကတိအတိုင်း ကျန်နေသေးတဲ့ သစ်တောနယ်မြေတွေရှိတယ်။ အဲ့တာကြောင့်လည်း ဇီဝမျိုးစုံမျိုးကွဲတွေ အမြောက်အမြားတွေ့နိုင်တယ်။ မျိုးသုဉ်းလု ရှားပါးတိရိစ္ဆာန်တွေကိုလည်း တွေ့နိုင်တယ်။ ကျွန်တော်တို့ကလည်း သူတို့ရဲ့ နေရပ်တွေမပျောက်ပျက်အောင် ကာကွယ်ပေးတာ တွေမှာကူညီပေးတယ်။ အခု သစ်တောပြုန်းတီးနေတဲ့ နေရာတွေကိုလည်း CF တွေ လုပ်ခြင်းအားဖြင့် ဒေသခံတွေ ကိုယ်တိုင် သူတို့ပတ်ဝန်းကျင်က သစ်တောတွေကို ပြန်ပြီးထိမ်းသိန်းလာနိုင်မယ်။ ပြီးတော့ သစ်တောတွေပြန်ပြီး ကောင်းလာအောင်လည်း လုပ်ဆောင်လာနိုင်မယ် လို့ယုံကြည်ပါတယ်။ အဲ့တာဆိုရင် ပျက်စီးနေတဲ့ဂေဟ စနစ်တွေလည်း ပြန်ကောင်းလာမယ်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲတာတွေကို လည်း လျှော့ချနိုင်မယ်။ ဒါဟာလည်း တစ်ကမ္ဘာလုံးလုပ်ဆောင်နေတဲ့ လုပ်ငန်းစဥ်ထဲမှာ အခုလိုမျိုးကျေးရွာလူထုကပါ ပါဝင်အားဖြည့်တဲ့သဘောသက်ရောက်ပါတယ်။

စီမံကိန်းအသေးလေးတွေကနေ ကြီးမားတဲ့အောင်မြင်မူကို ရမှာဆိုတော့ အရမ်းကောင်း ပါတယ်။

ကိုဇင်အနေနဲ့ သစ်တောသမားတစ်ယောက်ရဲ့ အိပ်မက်ကဘာများဖြစ်မလဲ။

ကျွန်တော့်အိပ်မက်လား။ မြန်မာ့သစ်တောတွေ တော်တော်ကြီးပျက်စီး နေရာကနေပြီးတော့ ပြန်ပြီးတော့ ဖြည်းဖြည်းချင်း သစ်တောဖုံးလွှမ်းနိုင်မှု ပမာဏတွေ တက်လာတာမျိုး၊ သူ့အရပ်ဒေသအလိုက် သစ်တောတွေကို ပြည်သူရယ်၊ အစိုးရရယ်နဲ့ စနစ်တကျ စီမံခန့်ခွဲနေပြီဆိုတာမျိုးအထိ ဖြစ်စေချင်တာပေါ့နော်။ ဖြစ်လာနိုင်မယ်လို့လည်း ယုံကြည်တယ်။


ဘာလို့လဲဆိုတော့ သစ်တောတွေပြုန်းတီးခြင်းရဲ့ ဒုက္ခတွေက အားလုံးမြင်တွေ့နေကြရပြီဆိုတော့ သစ်တောထိန်းသိမ်းတဲ့ဖက်ကို ဦးတည်လာကြမယ်လို့ မျှော်လင့်ထားပါတယ်။ လွယ်တော့မလွယ်ပေမယ့် အချိန်ယူပြီး ကြိုးစားကြရမှာပေါ့။

အခုပြောသွားတာတွေက အတော်ကို လေးနက်ပြီး စိတ်ဝင်စားဖို့လည်း သိပ်ကောင်းပါတယ်။ ဒီအင်တာဗျူးကို ကိုဇင်ကြုံတွေ့ခဲ့ရဖူးတဲ့ ရယ်စရာ အဖြစ်အပျက်တစ်ခုလောက် ပြောပြပြီး နိဂုံးချုပ်လိုက်ရအောင်။

ရယ်စရာအဖြစ်အပျက်လား။ အင်း..... ၁၉၉၆ လောက်က ကျောင်းတွေပိတ်တုန်း ပုတ်ပြတ်လပေး အစိုးရဝန်ထမ်းဘဝမှာပေါ့။ ကျွန်တော့်အသက်က နှစ်ဆယ်ကျော်လောက် ရှိမှာပေါ့။ ကျွန်တော် ပျဉ်းမနားဖက်က သစ်တောစိုက်ခင်းတွေမှာ တာဝန်ကျတုန်းက ဆင်နဲ့ ဈေးဝယ် ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ရှိဖူးတယ်။ ဌာနက ဆင်တစ်ကောင်နဲ့ ထွန်စက်တစ်စီး ပေးထားတယ်။ သစ်တောဆင်ဆိုတော့ ဆင်ရဲ့ တင်ပါးမှာ ကြယ်အမှတ်ကြီးနဲ့လေ။ ဈေးသွားရင် ဆင်စီးပြီး သွားရတယ်။ ဆင်ဦးစီးလည်း ပါတယ်။ ကျွန်တော်ရယ် နှစ်ယောက် ဈေးသွားဝယ်ကြတယ်။ ဈေးထဲမှာ ဈေးဝယ်ထွက်နေတုန်းဆို ဆင်ရဲ့ နားရွက်ပေါက်လေးမှာ ကြိုးလေးချည်ပြီး သစ်ကိုင်းတစ်ခု နဲ့ တွဲချည်ပြီး ထားခဲ့ရတာ။ ကျွန်တော်တို့ ဈေးဝယ်နေတုန်းဆို သူက ဒီတိုင်းလေးပဲ ကျန်ခဲ့တာ။ တစ်ခါတော့ ကျွန်တော် တို့ တောထဲကနေ ဈေးဝယ်ထွက်ဖို့ အဲဒီဆင်နဲ့ပဲ ထွက်လာတော့ လမ်းမှာ ရွာကတက်လာတဲ့ မြင်းလှည်းက “တစ်ကလုတ်၊ တစ်ကလုတ်” နဲ့ နောက်ကလာတဲ့ အသံလည်း ကြားရော ဆင်က ပြေးပါလေရော။ မြန်မှမြန်ပဲ။ ဆင်ဦးစီးလည်း မနိုင်ဘူး။ ဒါနဲ့ လမ်းမှာ ညောင်ပင်ကြီးတစ်ပင်လည်း တွေ့ရော ဝင်သွားတာ။ ညောင်ပင်ကြီးကို ဖင်ပေးပြီးတော့ ခုနက မြင်းလှည်းကို ပြန်စောင့်တာ။ သစ်ပင်နဲ့ သေချာကာပြီးမှာ မြင်းကို ပြန်ကြည့်တာ။ ပြီးတော့ မြင်းလှည်းကျော်သွားမှ သူက နောက်က ပြန်လိုက်တာ။ အဲ့တုန်းက ပြုတ်ကျမလားဆိုပြီး ရင် တော်တော်ထိတ်သွားတာ။ သူက အပေါ်မှာ လူပါလား ဘာလား မသိတော့ဘူးလေ။ အဲဒါက ဘဝမှာ တစ်ကယ့်ကို အမှတ်တရပါပဲ။

ဒါကတော့ WWF-မြန်မာရဲ့ ထားဝယ်ရုံးခွဲက ခင်ဖို့ကောင်းပြီး ပျော်ပျော်နေတတ်တဲ့ သစ်တောအရာရှိကြီးရဲ့ နိစ္စဓူဝ အလုပ်တာဝန်တွေအကြောင်း တစ်စေ့တစ်စောင်း မေးမြန်းဖြစ်ခဲ့တာလေးပါပဲ။ အခုဆိုရင်တော့ သစ်တောအရာရှိ တစ်ယောက်ရဲ့ လုပ်ငန်း တာဝန်တွေ၊ အတွေ့အကြုံတွေ သိခွင့်ရခဲ့လို့ ဗဟုသုတတွေလည်း တိုးမယ်လို့ ထင်ပါတယ်။ နောင်မှာလည်း အလျင်းသင့်သလို ထိန်းသိမ်းရေးလုပ်ငန်းနယ်ပယ်ထဲက မတူညီတဲ့ တာဝန်အမျိုးမျိးကို ထမ်းဆောင်နေကြသူတွေနဲ့ တွေ့ဆုံပြီး ခုလို ဗဟုသုတလေးတွေ မျှဝေပေးသွားပါဦးမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

အခြား ဂေဟရုပ်စုံ ဆောင်းပါးများ