သဘာဝမဆန်သော လမ်းမကြီးများ | WWF

What would you like to search for?

သဘာဝမဆန်သော
လမ်းမကြီးများ

လမ်းမများနှင့် ဂေဟစနစ်ကြားက ဆက်နွယ်မှု


မြန်မာနိုင်ငံမှာ အမြန်လမ်းမကြီးရယ်လို့ တစ်ခုသာ ရှိပါသေးတယ်။ အားလုံးသိကြတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ၃၃၆ မိုင်ကျော် ရှည်လျားတဲ့ ကွန်ကရစ်လမ်းမကြီး ဖြစ်ပြီး စီးပွားရေးမြို့တော် ရန်ကုန် ကနေ မြို့တော် နေပြည်တော်ကို ဖြတ်သန်းပြီး ကုန်သွယ်ရေးလမ်းဆုံဖြစ်တဲ့ မန္တလေးအထိ ဆက်သွယ် ဖောက် လုပ်ထားတာ ဖြစ်ပါတယ်။
ဒီလမ်းမကြီးဟာ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်ရေးမှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေပေမယ့် ဖောက်လုပ်ခဲ့တဲ့ လမ်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု များစွာရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က စတင် ဖောက်လုပ်ခဲ့တဲ့ ဒီလမ်းမကြီးဟာ တစ်ချိန်က သစ်တော ထူထပ် ကောင်းမွန်ခဲ့တဲ့ ပဲခူးရိုးမကြီးကို ခုတ်ထွင်ရှင်းလင်းပြီး ဖောက်လုပ်ထားတာပါ။ အခုတော့ ဒီလမ်းမကြီးရဲ့ ဘေးဘယ်ညာ တစ်ဖက်စီမှာတော့ ပြန်လည်စိုက်ပျိုးထားတဲ့ သစ်ပင်ငယ်တွေသာ တွေ့ရပြီး ဟာလာဟင်းလင်း မြေမျက်နှာပြင် အနေအထားကိုသာ အများဆုံး တွေ့နိုင်ပါတော့တယ်။ နွေနေပူပူမှာ လမ်းမကြီးပေါ် မောင်းနှင်သွားတဲ့ အဝေးပြေးကားရဲ့ ပြတင်းပေါက်က ငေးကြည့်လိုက်ရင် တစ်ချိန်က ဒီနေရာတွေဟာ သစ်တောကြီးတွေဆိုတဲ့ စကားက ပုံပြင်ဆန်ဆန် ခံစားရပါလိမ့်မယ်။
© Min Zayar Oo/WWF Myanmar
© Min Zayar Oo/WWF Myanmar

“ဟိုးအရင်တုန်းကဆို ဒီပတ်ပတ်လည်က သစ်တောတွေက စိမ်းလန်းသလို၊ တောလည်း အင်မတန် နက်တယ်။ ဒီတောတွေကပဲ ရာသီဥတုကို ထိန်းထားပေးပြီး အရိပ်ကောင်းကောင်းလည်း ရတယ်။ တောရိုင်းတိရိစ္ဆာန်တွေရဲ့ အိမ်လည်းဖြစ်တယ်။ အခုတော့ ဒါတွေအားလုံး အတိတ်မှာ ကျန်ခဲ့ပါပြီ” လို့ ပဲခူးရိုးမအနီးမှာ နေထိုင်တဲ့ အသက် ၅၂နှစ်အရွယ် ဦးဝင်းညွှန့်က ဝမ်းနည်းစွာနဲ့ စကားဆိုလာပါတယ်။

အနာဂတ်သို့သွားရာ လမ်းမကြီး


သွေးတွေ သွေးလွှတ်ကြောအတွင်း စီးဆင်းသလိုမျိုးပါပဲ ကူးသန်းရောင်းဝယ်မှုဟာလည်း လမ်းမကြီးတွေကတဆင့် စီးဆင်းပါတယ်။ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍဟာ ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အခွင့်အလမ်းကောင်းတွေ ရရှိနိုင်ဖို့ အဓိက ကျပါတယ်။ တစ်နည်းပြောရရင် လမ်းမကြီးတွေက ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အရာတွေပါပဲ။

မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် လမ်းတံတား လိုအပ်ချက်များစွာ မြင့်မားနေသေးတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူတစ်ထောင်လျှင် လမ်းအရှည် ၂ ကီလိုမီတာ နှုန်းသာရှိပြီး ဒါဟာ အာဆီယံဒေသတွင်း ပျှမ်းမျှနှုန်း ဖြစ်တဲ့ လူတစ်ထောင်လျှင် ၁၁ ကီလိုမီတာထက် များစွာ နိမ့်နေပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံအစိုးရဟာ လာမယ့်နှစ်ပေါင်း (၂၀) အတွင်း လမ်းပေါင်း ၃၄၄၀ဝ ကီလိုမီတာခန့် တည်ဆောက်သွားဖို့ ရှိနေပါတယ်။ လမ်းမကြီးတွေဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတာ မှန်ပေမယ့် လမ်းဖောက်လုပ်မှုကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျစ်လျူရှုမထားသင့်ပါဘူး။ သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းရဲ့ အကျိုးဆက်ကလည်း နောက်ဆုံးတော့ လူနဲ့ တိရိစ္ဆာန်တွေကို လာထိခိုက်မှာပဲ ဖြစ်ပါတယ်။

လမ်းမကြီးများအကြောင်း ပြောကြရာဝယ် …….


မြေပုံတစ်ခုကို ကြည့်မယ်ဆိုရင် မြေပြင်ပေါ်က ပင့်ကူအိမ်လို ရှုတ်ယှက်ခတ်နေတဲ့ လမ်းမကြီးတွေကို အလွယ်တကူ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးဒေသတွေမှာ ပိုမိုမြင်တွေ့နိုင်ပါတယ်။ အလွယ်တကူ မမြင်နိုင်တာကတော့ တောရိုင်းတိရိစ္ဆာန်တွေ အစာရေစာ၊ နေစရာနဲ့ မိတ်ဖက် ရှာဖို့ တစ်နေရာက တစ်နေရာ ရွှေ့ပြောင်းသွားလာကြတဲ့ လမ်းကြောင်းကွန်ရက်တွေပါပဲ။ ဒါတွေကို “သဘာဝရဲ့ လမ်းမကြီးတွေ” အဖြစ် မြင်ကြည့်နိုင်ပါတယ်။ လူသားတွေ တည်ဆောက်လိုက်တဲ့ လမ်းမကြီးတွေက ဒီလို သဘာဝလမ်းမကြီးတွေကို အပိုင်းပိုင်း ပြတ်တောက်သွားစေပြီး တောရိုင်းတိရိစ္ဆာန်တွေ ရွှေ့ပြောင်းသွားလာမှုကို အတားအဆီး ဖြစ်စေပါတယ်။ ဒီနည်းအားဖြင့် အပင်မျိုးစေ့တွေရဲ့ ပျံနှံ့မှုကို ထိခိုက်စေတာ၊ တိရစ္ဆာန်မျိုးစိတ်တွေကို သီးခြား အုပ်စုငယ်လေးတွေအဖြစ် ကွဲပြားသွားစေတာနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ အမူအကျင့်ပုံစံကို ပြောင်းလဲသွားစေတာ စသဖြင့် ဟန်ချက်ညီနေတဲ့ ဂေဟစနစ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
လမ်းမကြီးတွေက ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပါတယ်။ ခရီးသွားတွေအတွက် လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ တည်းခိုခန်းတွေဟာ လမ်းမကြီးရဲ့ ဘေးဘယ်ညာတစ်ဖက်စီမှာ စည်ကားလာမှာ ဖြစ်သလို၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အဲဒီဝန်းကျင်မှာ အိမ်တွေဆောက်ပြီး ပြောင်းရွေ့နေထိုင် လာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ လမ်းမကြီး အနီးအနားမှာ ရွာတွေ၊ မြို့ငယ်လေးတွေ ဖြစ်လာကြမှာပါ။

ဒီလို တိုးတက်မှုတွေက စီးပွားရေးအခွင့်အလမ်းအတွက် ကောင်းတာမှန်ပေမယ့် သစ်တောပြုန်းတီးမှုကို ဖြစ်စေပြီး ကျန်နေသေးတဲ့ သစ်တောတွေကိုလည်း အကာအကွယ်မဲ့သွားစေတာမို့ သဘာဝပတ်ဝန်းကျင်အတွက်တော့ မကောင်းလှပါဘူး။ အမေဇုန်တောကြီးကို ဥပမာအနေနဲ့ ကြည့်ရင် နယ်မြေတွင်း သစ်တောပြုန်းတီးမှုတွေရဲ့ သုံးပုံနှစ်ပုံဟာ လမ်း ဖြတ်သန်း ဖောက်လုပ်ခဲ့တဲ့ နေရာရဲ့ ၅၀ ကီလိုမီတာအတွင်းမှာ ဖြစ်နေတာကို တွေ့ကြရမှာပါ။

ရွေးချယ်ရခက်သည့် အပေးအယူများ


လမ်းမကြီးတွေအတွက် ပျက်စီးစေလိုက်ရတဲ့ သဘာဝတရားက ပတ်ဝန်းကျင် အသိုက်အဝန်းအတွက် အရေးပါလှပါတယ်။ သစ်တောတွေက လေကောင်းလေသန့်၊ သန့်စင်တဲ့ ရေနဲ့ မြေဆီဩဇာ ကြွယ်ဝမှုကို ပေးသလို သဘာဝဘေးအန္တရာယ်တွေကနေလည်း ကာကွယ်ပေးပါတယ်။ ဒီလို အသက်တမျှ အရေးပါတဲ့ ဂေဟစနစ်တွေဟာ လမ်းမကြီး ဖောက်လုပ်ဖို့ ဖျက်ဆီးလိုက်မိပြီဆိုရင် ယာဉ်တိုက်မှုတွေထက် အများကြီး ပိုဆိုးတဲ့ အန္တရာယ်တွေကို တွေ့ကြုံရနိုင်ပါတယ်။ သစ်တောဧရိယာတွေကို ဖြတ်သန်းပြီး လမ်းမကြီးတွေ ဖောက်လုပ်တဲ့အခါ တည်ရှိ နေတဲ့ သစ်တောတွေကို ရှင်းလင်းဖယ်ရှားရတာကြောင့် သစ်တောပြုန်းတီးမှု ဖြစ်ပေါ်လာရပြီး အဲဒီသစ်တောအတွင်း နေထိုင်ကြတဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ကျက်စားဒေသများ ပျက်ဆီးစေနိုင်သလို ၎င်းတို့ ကူးသန်းသွားလာရာ နယ်မြေများ အကွဲကွဲအပြားပြား ဖြစ်သွားနိုင်စေပါတယ်။ ဒါ့အပြင် ရေဝေရေလဲဒေသများ ထိခိုက်ဆုံးရှုံးရပါက မြေဆီလွှာ တိုက်စားခံရခြင်းကြောင့် မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လာစေနိုင်ကာ အနီးဝန်းကျင်ရှိ ဒေသခံများနှင့် တောရိုင်းတိရစ္ဆာန်များကိုသာမက လမ်းမကြီးရဲ့ ရေရှည် တည်တံ့နိုင်မှုအပေါ်ပါ ဆိုးကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံလို မိုးရာသီရှည်လျားကာ ရေကြီးမှုဖြစ်ပေါ်တတ်တာကြောင့် မြေဆီလွှာတိုက်စားခံရပြီး မြေပြိုမှု အန္တရာယ်ကိုဖြစ်ပေါ်စေနိုင်သော အလားအလာနှုန်းမြင့်မားလျက်ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ရေတိုအဆင်ပြေမှုဟာ ရေရှည်အတွက် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်စေနိုင်ပါတယ်။

ကမ္ဘာ့ နိုင်ငံအများအပြားဟာ လမ်းမကြီးများ တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော၊ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေကြပါတယ်။ အောင်မြင်ခဲ့တဲ့ ဥပမာအချို့ကို ကြည့်မယ်ဆိုရင်တော့ ယခင်က ဥရောပ၊ မြောက်အမေရိက၊ သြစတျေးလျ တို့မှာသာ တွေ့နိုင်ပေမယ့် ယခုအခါတွင် ဖွံ့ဖြိုးဆဲနိင်ငံများဖြစ်တဲ့ အိန္ဒိယ၊ နီပေါ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၌ပင် သဘာဝနှင့် သဟဇာတဖြစ်တဲ့ နည်းလမ်းတွေနဲ့ လမ်းမကြီးတွေ ဖောက်လုပ်လာကြတာကို မြင်တွေ့လာရပါတယ်။ ထိခိုက်သက်ရောက်စေမှု ‘လုံးဝ’ မရှိတဲ့ လမ်းမရယ်လို့ မရှိနိုင်ပေမယ့်လည်း ထိခိုက်မှု အနည်းဆုံး နည်းလမ်းတွေတော့ ရှိပါတယ်။

သဘာဝနှင့် သဟဇာတဖြစ်သော လမ်းမကြီးများ


သဘာဝနှင့် သဟဇာတဖြစ်သော လမ်းမကြီး ဆိုတာကတော့ လမ်းဖောက်လုပ်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရေးတို့အပြင် သဘာဝ ပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်မှု မရှိအောင် (သို့) ထိခိုက်နိုင်မှု အနည်းဆုံးဖြစ်အောင် စီမံ ဖောက်လုပ်ထားတဲ့ လမ်းမကြီးမျိုးကို ဆိုလိုပါတယ်။ ဒါပေမယ့် အခြေခံအဆောက်အအုံ စီမံကိန်းတွေက တစ်ခုနဲ့ တစ်ခု တစ်ထပ်တည်း ဆင်တူဖို့ မဖြစ်နိုင်ပါဘူး။ သဘာဝနဲ့ သဟဇာတဖြစ်တဲ့ လမ်းမဖြစ်ဖို့အတွက် ရှုထောင့်ပေါင်းစုံက ထည့်သွင်းစဥ်းစား ကြိုတင်ရေးဆွဲ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လမ်းဖောက်လုပ်ခြင်း မစတင်မီကတည်းက တိကျခိုင်မာမှုရှိပြီး သိပ္ပံနည်းကျတဲ့ အချက်အလက်တွေနဲ့ လူမှုရေးဆိုင်ရာ ဆက်စပ်ပတ်သက်မှု အထောက်အထားတွေကို ကောက်ခံရယူ အခြေခံ တွက်ချက်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ကမ္ဘာမြေအတွက် အမှန်တကယ်လိုအပ်တာက သဘာဝပတ်ဝန်းကျင်အပေါ် လမ်းတွေရဲ့ ထိခိုက်သက်ရောက်မှုကို လျှော့ချရုံ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် အရည်အသွေးကို ပိုမိုကောင်းမွန်လာအောင်ပါ ဖန်တီးပေးနိုင်တဲ့ ဆန်းသစ်တီထွင်သော ဒီဇိုင်းပုံစံဖြစ်ပါတယ်။ ဒီအတွက် စံနမူနာ နည်းလမ်းကောင်းတွေကလည်း ရှိနေနှင့်ပြီး ဖြစ်ပါတယ်။

ဒီနည်းလမ်းတွေကို ကျင့်သုံးရာမှာလည်း ဆောက်လုပ်ရေးကာလအတွင်း ပြုန်းတီးစေခဲ့တဲ့ သစ်တောတွေကို အစားထိုး ထေမိစေဖို့ သစ်ပင် အမြောက်အများ ပြန်စိုက်ပေးတာနဲ့ အနီးအနားက သစ်တောတွေကို ထိန်းသိမ်းပေးတာမျိုးလို အံ့ဩဖို့ကောင်းလောက်အောင် ရိုးရှင်းတဲ့ နည်းလမ်းတွေ ရှိသလို မြေဆီလွှာ တိုက်စားတာကို လျှော့ချပေးပြီး သဘာဝပေါက်ပင်တွေကို ကာကွယ်ပေးကာ အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးစေမှု မဖြစ်အောင် ကာကွယ်ပေးတဲ့ ကမ်းပါးယံ မြေထိန်းပေးတဲ့ ဇီဝအင်ဂျင်နီယာ အဆင့်မြင့်နည်းပညာတွေအထိ ပါဝင်ပါတယ်။

မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးချ ဖန်တီးပေးရင် တိရိစ္ဆာန်တွေကလည်း လမ်းမကြီးတွေနဲ့ လိုက်လျောညီထွေ ပြောင်းလဲ နေထိုင်နိုင်ကြပါတယ်။ လမ်းမကြီးရဲ့ အပေါ် သို့မဟုတ် အောက်ကနေ တိရစ္ဆာန် ဖြတ်ကူးလမ်းတွေ ဖန်တီးပေးခြင်းဖြင့် တိရစ္ဆာန်နဲ့ ကား မတော်တဆ ထိခိုက်မှုကို ထိထိရောက်ရောက် လျှော့ချပေးနိုင်သလို လမ်းရဲ့ တစ်ဖက်တစ်ချက်ကို ကူးလူးသွားလာနိုင်တာကြောင့် တိရစ္ဆာန်တွေ လှည့်လည် ရွှေ့ပြောင်း ကျက်စားမှု အလေ့အထကိုလည်း မပျက်မယွင်း ရှိစေနိုင်ပါတယ်။

ထားဝယ်လမ်းမကြီး


ထားဝယ် အထူးစီးပွားရေးဇုန်ကနေ ထိုင်း-မြန်မာနယ်စပ် ထီးခီးအထိ နှစ်လမ်းသွား လမ်းမကြီး တစ်ခုကို ထိုင်းနိုင်ငံ အစိုးရရဲ့ ချေးငွေနဲ့ ယခုအစိုးရလက်ထက်အတွင်း အကောင်အထည်ဖော် ဖောက်လုပ်သွားမှာ ဖြစ်တယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။ ၁၃၈ ကီလိုမီတာ အရှည်ရှိတဲ့ ဒီလမ်းမကြီးဟာ အာရှမှာ တစ်ဆက်တစ်စပ်တည်း ကျန်ရှိနေသေးတဲ့ အကြီးမားဆုံးသော သစ်တောနယ်မြေများအနက် တစ်ခုဖြစ်သည့် ဒေါန-တနင်္သာရီဒေသကို ဖြတ်ကာ ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဒေသဟာ ထူးခြားရှားပါးတဲ့ တိရိစ္ဆာန်တွေ၊ အကောင်းအတိုင်းရှိနေသေးတဲ့ သစ်တောတွေနဲ့ ဌာနေတိုင်းရင်းသားများ မှီခိုနေထိုင်ရာ ဖြစ်ပါတယ်။ ဒါ့အပြင် နို့တိုက်သတ္တဝါ မျိုးစိတ် ၁၆၈ မျိုး၊ ငှက်မျိုးစိတ် ၅၆၈ မျိုးသာမက တွားသွားသတ္တဝါများ၊ ကုန်းနေရေနေ သတ္တဝါများ ၊ အင်းဆက်ပိုးမွှားများ၊ ငါးများနှင့် အပင်မျိုးစိတ် ထောင်ပေါင်း များစွာ တည်ရှိနေသော နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ ထိုနည်းတူ လူထောင်ပေါင်းများစွာရဲ့ မှီတင်းနေထိုင်ရာလည်း ဖြစ်ပါတယ်။ ဒေါန-တနင်္သာရီဒေသဟာ သန့်ရှင်းလတ်ဆတ်တဲ့ ရေနဲ့ လေ ကဲ့သို့သော ဂေဟစနစ်ကောင်းတွေကို သူ့ရဲ့ အနီးပတ်ဝန်းကျင်အတွက်သာ မကဘဲ ရန်ကုန်လို ဘန်ကောက်လို မြို့ကြီးတွေက သက်ရှိတွေအတွက်ပါ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
WWF-မြန်မာရဲ့ ထိန်းသိမ်းရေးအစီအစဉ် ညွှန်ကြားရေးမှူး Nick Cox က “ဒီလမ်းမကြီးက တနင်္သာရီဒေသအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြည်းပေးမယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းကိုပဲ အာရုံစိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ စီးပွားရေး အကျိုးအမြတ် တစ်ခုပဲ မြင်ခဲ့ရင် တစ်ဖက်က အဖိုးမဖြတ်နိုင်တဲ့ သစ်တောနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ဆုံးရှုံးလိုက်ရနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သင့်တင့်လျောက်ပတ်တဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ဘေးဖြစ်နိုင်ချေ လျှော့ချမှုတွေ မလုပ်ရင် ကမ္ဘာ့ပတ်ဝန်းကျင်အတွက် အရေးပါတဲ့ မျိုးစိတ်တွေနဲ့ ဂေဟစနစ်တွေအပေါ် အန္တရာယ် ကျရောက်စေနိုင်ပါတယ်။ လက်ရှိအချိန်မှာ ထားဝယ်လမ်းမကြီး စီမံကိန်းဟာ ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းတွေ အားနည်းနေတာ မှန်ပေမယ့် ပြန်ပြင်လို့ မရတော့တဲ့ အမှားမျိုးတော့ မဟုတ်ပါဘူး။ လမ်း ဖောက်လုပ်မှုလုပ်ငန်းက အစောပိုင်း အဆင့်မှာပဲ ရှိသေးတာမို့ အခုအချိန်မှာ သင့်လျော်တဲ့ ထိန်းသိမ်းလုပ်ဆောင်မှု နည်းလမ်းတွေကို အသုံးပြုကြဖို့ စဉ်းစားသင့်ပါတယ်။

“မြန်မာနိုင်ငံ အနေနဲ့ ပြည်သူတွေအတွက် ရေရှည် အကျိုးရှိပြီး တောရိုင်းတိရိစ္ဆာန်တွေကိုလည်း ထိခိုက်မှုမရှိစေတဲ့ လမ်းမကြီးတွေ ဖောက်လုပ်တဲ့ အခန်းကဏ္ဍမှာ ဦးဆောင်နိုင်မယ်လို့ ယုံ ကြည်ပါတယ်”

ထားဝယ်လမ်းမကြီးဆိုတာက မြန်မာနိုင်ငံရဲ့ လမ်းစီမံကိန်းတွေထဲက တစ်ခုမျှသာ ဖြစ်ပြီး တခြား အလားတူ စီမံကိန်းတွေ လုပ်ဆောင်ကြရဦးမှာပါ။ ဒီလမ်းမကြီး ဖောက်လုပ်မှုအတွက် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာ့အနာဂတ် အခြေခံ အဆောက်အအုံတွေရဲ့ သဘာဝနဲ့ သဟဇာတ ဖြစ်မှု မဖြစ်မှုအတွက် မှတ်တိုင်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ မြန်မာ့ အံ့ချီးမကုန်တဲ့ သဘာဝ အမွေအနှစ်တွေ ရှင်ကျန်ပြီး အနာဂတ်မှာ သာယာစည်ပင်နိုင်ဖို့က ဒီနေ့အချိန်အခါမှာ ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်မှုအပေါ် မူတည်နေပါတယ်။

MORE FROM THE FIELD