What would you like to search for?

သဘာဝစီမံကိန်းမှတဆင့် အစိမ်းရောင်ဘဏ္ဍာရေး
ရေရှည်တည်တံ့သော စက်မှုထုတ်လုပ်ရေးအရှိန်အဟုန်မြင့်လာစေရန် သဘာဝစိမ်းလန်းမှုဆိုင်ရာနည်းပညာများအတွက်
ဘဏ်ချေးငွေများကို လမ်းဖွင့်ဖော်ထုတ်ခြင်း
 
ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့။ ။ ရေရှည်တည်တံ့သော စက်မှုထုတ်လုပ်ရေးအတွက် အစိမ်းရောင်ဘဏ္ဍာရေး (Green Finance) ဖြစ်ပေါ်လာစေရန် မြန်မာနိုင်ငံ၏ ထိပ်သီးဘဏ်(၄)ခုနှင့်အတူ သဘာဝစီမံကိန်းနှင့် Saving Banks Foundation for International Cooperation(SBFIC)တို့မှ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၄င်းလက်မှတ်ရေးထိုးပွဲကို ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
 
အဆိုပါ နားလည်မှုစာချွန်လွှာသည် လာမည့်နောက်(၃)နှစ်ကာလတွင် ရေရှည်တည်တံ့သည့် စက်မှုထုတ်လုပ်ရေးအတွက် သဘာဝစိမ်းလန်းမှုဆိုင်ရာ အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းများအတွက် ချေးငွေများနှင့် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ တိုးတက်ဖွံ့ဖြိုးလာစေရန် ဘဏ်များအတွက် နည်းပညာဆိုင်ရာ အထောက်အပံ့များပံ့ပိုးသွားရန်ဖြစ်သည်။ ၄င်းအပြင် သဘာဝစိမ်းလန်းမှုဆိုင်ရာချေးငွေများအတွက် ဘဏ်များနှင့် အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းများ အကြား ချိတ်ဆက်မှုကို အဆင်ပြေချောမွေ့ စေရန်အတွက်လည်းဖြစ်သည်။
 
“သဘာဝ” စီမံကိန်းသည် ဥရောပသမဂ္ဂ၏ SWITCH-Asia Programmeမှ ရန်ပုံငွေပံ့ပိုးထားပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF)၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA)နှင့် Savings Banks Foundation for International Cooperation(SBFIC) တို့၏ ပူးပေါင်းဆောင်ရွက်မှု မှတဆင့် အသေးစားနှင့် အလတ်စားစီးပွားလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဘဏ်လုပ်ငန်းများ၏ စွမ်းရည်ကို မြင့်တင်ရန် နည်းပညာဆိုင်ရာအကူအညီများ ပံ့ပိုးသွားမည်ဖြစ်သည်။ 
 
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၏ ပူးပေါင်းဆောင်ရွက်ရေး ဌာနအကြီးအကဲ Johann Hesseက    
ဥရောပသမဂ္ဂအနေနဲ့ SWITCH-Asiaအစီအစဥ်ကို စိတ်ဝင်စားသောစားသုံးသူများ၊ စီပွားရေးလုပ်ငန်းများကို ကူညီပေးရန်နှင့် အာရှ-ပစိဖိတ်ဒေသရှိ အသင်းအဖွဲ့များကို ရေရှည်တည်တံ့သော အရွေ့တစ်ခုသို့ ပြောင်းလဲစေဖို့ ထောက်ပံပေးရန် စတင်မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာ့သဘာဝ အရင်းအမြစ်များကတော့ အတော်လေးမပျက်စီးသေးတဲ့ အနေအထားမှာရှိနေသေးပြီး ပလတ်စတစ်ညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းစေမှု တို့ရဲ့ ခြိမ်းခြောက်မှုကတော့ အတော်လေးတိုးလာနေပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ လိုအပ်တဲ့ သန့်စင်ထုတ်လုပ်မှုနှင့် ရေရှည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမှုတို့အတွက် လိုအပ်သော ရင်းမြစ်များကို ကမ်းလှမ်းသော မြန်မာနိုင်ငံရဲ့ အစိမ်းရောင်ဘဏ္ဍာရေးတိုးတက်မှုကို ထောက်ပံ့ပေးရတာကိုဂုဏ်ယူပါတယ်” လို့ပြောပါတယ်။
 
အထူးအကြံပေးချက်မှတဆင့် ဘဏ်လုပ်ငန်းများသည် ရေရှည်တည်တံ့သော စက်မှုကုန်ထုတ်လုပ်ရေး၏ လိုအပ်ချက်များကို တုံ့ပြန်နိုင်ရန်အတွက် ၄င်းတို့၏ ငွေးရေးကြေးရေးဝန်ဆောင်မှုများနှင့် ချေးငွေလုပ်ငန်းစဉ်များကို လိုက်လျောညီထွေရှိစွာ ပြင်ဆင်နိုင်ရန် သင်ယူဆောင်ရွက်လာလိမ့်မည်။ ရေရှည်တည်တံ့သော စက်မှုကုန်ထုတ်လုပ်ရေးတွင် ရေဆိုးရေညစ်များ သန့်စင်ခြင်း၊ စွမ်းအင်ချွေတာသည့် ဘွိုင်လာများ၊ အလင်းရောင်ပေးခြင်းနှင့် အပူပေးခြင်းများ အပါအဝင် သဘာပတ်ဝန်းကျင်နှင့် ညီညွတ်စွာ လေအေးပေးခြင်းများနှင့် အအေးခန်းသိုလှောင်ခြင်းများ အစရှိသည့် နည်းပညာများနှင့် လုပ်ငန်းစဉ်များပါဝင်သည်။
 
“သဘာဝ”စီမံကိန်းမန်နေဂျာ(ယာယီ)ဖြစ်သူ Gaurav Guptaက “စက်ရုံပိုင်ရှင်တွေက ရေဆိုးရေညစ်သန့်စင်မှု၊ စွမ်းအင်အကျိုးရှိ ထိရောက်မှု(energy efficiency)နှင့် ပြည့်ဖြိုးမြဲစွမ်းအင်(renewable energy)အစရှိတဲ့ သဘာဝစိမ်းလန်းစိုပြေရေးဆိုင်ရာ နည်းပညာများကို လက်ခံလိုက်နာရန် ပိုမိုစိတ်ဝင်စားလာတာကို တွေ့မြင်နေရပေမယ့် အဲ့ဒီနည်းပညာတွေအတွက် ဖန်တီး ထားသော ချေးငွေတွေကို ရနိုင်မယ့် အခွင့်အလမ်းဟာ အဟန့်အတားတွေရှိနေတုန်းပဲဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
 
“သဘာဝ”စီမံကိန်း၏ အဓိကကဏ္ဍများမှတစ်ခုသည် မြန်မာနိုင်ငံတွင် အစိမ်းရောင်ဘဏ္ဍာရေး(Green Finance) ဖွံ့ဖြိုးလာစေရန် အထောက်အပံ့ပေးရန်ဖြစ်သည်။“သဘာဝ”စီမံကိန်းသည် မြန်မာနိုင်ငံမှ ဘဏ်လေးခုဖြစ်သော ဧရာဝတီတောင်သူလယ်သမား တိုးတက်ဖွံ့ဖြိုးရေးဘဏ်(Ayeyarwaddy Farmers Development Bank)၊ သမဝါယမဘဏ်(CB Bank)၊ မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)နှင့် မြန်မာနိုင်ငံသားများဘဏ်(MCB)တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
 
SBFICမှ အစိမ်းရောင်ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ပညာရှင်(Green Finance Expert) Ilan Wolkovက “ပြည်တွင်းဘဏ်များရဲ့ အစိမ်းရောင်ဘဏ္ဍာရေး(Green Finance) ကို အားဖြည့်ဆောင်ရွက်ခြင်းက အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းတွေရဲ့ သဘာဝစိမ်းလန်းမှုဆိုင်ရာ အသွင်ကူးပြောင်းခြင်းအတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ်ပြီးတော့ ဘဏ္ဍာရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရးလုပ်ငန်းများ၊ စီးပွားရေးနှင့် မြန်မာနိုင်ငံ လူဦးရေအတွက်ပါ အကျိုးများစွာရှိစေမှာ ဖြစ်တယ်”ဟု ပြောကြားသည်။
 
“သဘာဝ”စီမံကိန်းသည် SMART Myanmar ကဲ့သို့သော အခြား အစိမ်းရောင်ဘဏ္ဍာရေး(Green Finance) ကနဦးလှုပ်ရှားသူများနှင့်အတူ နီးကပ်စွာ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် အစိမ်းရောင်ဘဏ္ဍာရေး (Green Finance)စနစ်ကို အားဖြည့်ဆောင်ရွက် နိုင်စေရန်ဖြစ်သည်။ ပထမဦးဆုံးသော သဘာဝစိမ်းလန်းမှုဆိုင်ရာချေးငွေကို ၂၀၁၈ ခုနှစ် အကုန်ပိုင်းတွင် ထုတ်ပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။
 
စီမံကိန်းနှင့်ပတ်သက်၍သော်လည်းကောင်း၊ သန့်စင်ထုတ်လုပ်မှုအကြောင်းကို သော်လည်းကောင်း အသေးစိတ်အချက်အလက်များ ထပ်မံ သိရှိလိုပါက “သဘာဝ”၏ စီမံကိန်းအရာရှိ ဖြစ်သူ မမေဇော်ထက် ထံသို့ mayzay.htet@wwfgreatermekong.org သို့မဟုတ် +၉၅ ၉၉၇၀၉၅၄၅၈၇ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။
 
“သဘာဝ” စီမံကိန်းအကြောင်း
ယခု စီမံကိန်း၏အမည် "သဘာဝ"သည် စက်မှုလုပ်ငန်းများမှ အသုံးပြုနေသည့် သဘာဝနှင့် အရင်းအမြစ်များ အပေါ်တွင် ခိုင်မာသည့်ကတိကဝတ်ပြု၍ လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြသနေသည်။ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် လုပ်ငန်းလည်ပတ်မှု နည်းလမ်းမျိုးကို လိုက်နာကျင့်သုံး သွားမည်ဆိုသော  ကတိကဝတ်ကို ရည်ညွှန်းသည်။ 
၄င်းကို ၂၀၁၈ ခုနှစ်၊ မေလတွင် စတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF)၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA)နှင့် Savings Banks Foundation for International Cooperation(SBFIC)တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။၄င်းသည် မြန်မာနိုင်ငံ၏စားသောက်ကုန်လုပ်ငန်းများတွင် သန့်စင်ထုတ်လုပ်မှုကို အားပေးတိုက်တွန်းလျှက်ရှိသည်။ “သဘာဝ”စီမံကိန်းသည် လေးနှစ်စီမံကိန်း ဖြစ်ပြီး  ဥရောပသမဂ္ဂ၏ SWITCH-Asia Programmeမှ ရန်ပုံငွေ ထောက်ပံ့ထားသည်။
WWF အကြောင်း
WWF ဆိုသည်မှာ ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့ သားငှက် တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)
SBFIC အကြောင်း
Savings Banks Foundation for International Cooperation(SBFIC)သည် ဒေသအဆင့်၊ နိုင်ငံအဆင့်တွင် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်နေသည့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်မှုကို ရှေးရှုသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အထောက်အပံ့များပေးလျှက်ရှိသည်။ဒေသအလိုက် ငွေရေးကြေးရေးစနစ်များကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် SBFICသည် ဒေသခံပြည်သူများနှင့် ကုမ္ပဏီများအတွက် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများကို ပေးစွမ်းနိုင်သည်သာမက အလုပ်အကိုင်နှင့် ဝင်ငွေများကိုပါ ဖန်တီးပေးသည်။
 
၄င်းထောက်ပံ့ဆောင်ရွက်ချက်ကို Germany’s Sparkassen(Savings Banks)၏ နည်းလမ်းနှင့် ရည်ရွယ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ထားခြင်းဖြစ်သည်။ ထို့အပြင် ၄င်းသည် သက်ဆိုင်ရာ ငွေရေးကြေးရေး ကဏ္ဍအပေါ် တည်ငြိမ်မှု ဖြစ်ပေါ်စေသည့်အလျှောက် ရလဒ်အနေဖြ င့်သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ်လည်း တည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။ ပြီးခဲ့သော ကာလများတွင် Germany’s Sparkassen(Savings Banks)သည် အကြီးမားဆုံးသော ငွေရေးကြေးရေးလုပ်ငန်း အစုစည်းအနေဖြင့် ဂျာမနီနိုင်ငံ၏ စီးပွားရေးကဏ္ဍအဆင့် အားလုံးရှိ သဘာဝပတ်ဝန်းကျင် စိမ်းလန်းဖွံ့ဖြိုးရေးကို ဦးတည်ခြင်းအတွက် ကြိုတင်စီမံထားသည့် အစိမ်းရောင်ဘဏ္ဍာရေ:ဖြေရှင်းမှုများ (Green Financing Solutions)နှင့် ဂျာမန် လူ့အဖွဲ့အစည်း အပါအဝင် မည်သည့် အဖွဲ့အစည်း၊ ကုမ္ပဏီမျိုးကိုမဆို တက်ကြွသည့် အားပေးတိုက်တွန်းမှုများနှင့် အတူအရေးပါခဲ့သည်။ ၎င်းအောင်မြင်မှုများသည် SBFICကို ၄င်း၏ စီးပွားဖက်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အဓိကကျသည့် အောင်မြင်မှုသော့ချက်ဖြစ်သည်။
MORE FROM THE FIELD