What would you like to search for?

စားသောက်ကုန်လုပ်ငန်းနှင့် ညစ်ညမ်းစေမှု ပိုနည်းသည့်ထုတ်လုပ်မှု

သဘာဝနှင့် သဟဇာတဖြစ်သည့် စွမ်းအင်နှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို အလေးပေးသော စီမံကိန်းဖြစ်သည့် “သဘာဝ”၏ မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍရဲ့ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ပထမဦးဆုံး နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ်လ ၃၁ရက်နေ့တွင် ကျင်းပခဲ့ ပါတယ်။ ဤစီမံကိန်းကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ဦးဆောင်၍ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများဆိုင်ရာ ငွေစုဘဏ်များ ဖောင်ဒေးရှင်း (SBFIC) တို့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

အသေးစားနှင့် အလတ်စား လုပ်ငန်း ၄၁ ခုမှ ပညာရှင် ၉၀ ကျော် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) အဆောက်အအုံတွင် ကျင်းပခဲ့ပါသည်။

လက်ရှိ တိုးတက်နေဆဲကာလတွင် မြန်မာနိုင်ငံဟာ စက်မှုကဏ္ဍ တိုးတက်မှုကို သိသိသာသာ ကြုံတွေ့ခံစား နေရတာ ဖြစ်ပါတယ်။ အဲ့ဒီ တိုးတက်မှုက နိုင်ငံ၏ သဘာဝရင်းမြစ်များကို ထိန်းသိမ်းပြီး ဖြစ်ပျက်နေဆဲ လုပ်ငန်းစဥ်များမှ အကျိုးကျေးဇူးများကို ရေရှည်တည်တံ့စွာ မျှဝေ၍ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်လျှင် အထူးသတိထားသည့် ချဥ်းကပ်ပုံစံကို ထိန်းထားနိုင်ရန် အရေးကြီးပါသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သော ဤအလုပ်ရုံဆွေးနွေးပွဲကတော့ မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍရဲ့ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှုနှင့် ပတ်သတ်သော အခြေခံစည်းမျဥ်းများနှင့် အလေ့အကျင့်များကို သင်ယူစေခဲ့ပါတယ်။ ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု (Cleaner production - CP) ဆိုသည်မှာ ဘက်စုံ ထိရောက် အကျိုးရှိမှုအား တိုးတက်စေပြီး၊ လူသားနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်စေမှုနှင့် ဘေးဖြစ်စေမှုများ လျှော့ချနိုင်ရန် လုပ်ငန်းစဥ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်တားဆီးရေး ကိစ္စရပ်များ အားလုံး ပေါင်းစပ်ပါဝင်သော မဟာ ဗျူဟာတစ်ရပ်ကို စဥ်ဆက်မပြတ် ကျင့်သုံးခြင်း ဖြစ်သည်ဟု UNEP ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ဆိုထားသည်။ အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာ ကျန်းမာရေးနှင့် လုံခြုံမှု၊ ကုန်ပစ္စည်းဆိုင်ရာ ဂုဏ်သိက္ခာရှိမှု၊ ရင်းမြစ်လုံလောက်မှု ၊ ငွေကြေးဆိုင်ရာ သက်သာချွေတာမှုနှင့် စည်းမျဥ်းစည်းကမ်း ပိုင်းဆိုင်ရာ အသုံးချမှု စသည့် အကျိုးကျေးဇူးများကို သေချာစေမှုတို့ကို မီးမောင်းထိုးပြထားသည့် နမူနာပုံစံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများ ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု (CP) ကို သုံးပြီး အောင်မြင်မှုများကို စီမံကိန်း၏ ညစ်ညမ်းစေမှု ပိုနည်းသောထုတ်လုပ်မှု အရာရှိ ဒေါက်တာမူမူဌေးက သရုပ်ပြခဲ့ပါတယ်။

အဆင့်ပိုမြင့်သော လုပ်ငန်းစဥ်နှင့် ကနဦး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၀၀ မျှ လိုအပ်သော ညစ်ညမ်းစေမှု နည်းသော အလေ့အကျင့်များ၏ ကျေးဇူးကြောင့် ရေသုံးစွဲမှု လျှော့ချနိုင်ခဲ့ပြီး တစ်နှစ်အတွင်းမှာပင် ကန်ဒေါ်လာ ၆၆၀၀ ချွေတာနိုင်ခဲ့သော သီရိလင်္ကာနိုင်ငံရှိ အုန်းသီး အခြောက်ခံ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအကြောင်းကို သူမက ဆက်လက်၍ မျှဝေခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ ရေဆိုးပမာဏ ထက်ဝက် လျှော့ချနိုင်ခဲ့ပြီး ထပ်ဆောင်းအနေနဲ့ ရုပ်ကြွင်းလောင်စာအစား အုန်းသီးခွံကို အသုံးပြုခဲ့ခြင်းကြောင့် ကနဦး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၄၅၀ နှင့်အတူ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၆၅၀၀၀ ချွေတာနိုင်ခဲ့ပါတယ်။ ဒီနည်းလမ်းက ကုမ္ပဏီကို ပထမ တစ်နှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန် ၉၀၀ လျှော့ချနိုင်စေခဲ့ပြီး တစ်လအတွင်း အရင်း ပြန်ကျေစေခဲ့သည်။
မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးစိန်သောင်းဦးက စက်မှုလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုများနှင့် ဆိုင်သော မြန်မာ့ပတ်ဝန်းကျင်ဆိုင်ရာ လမ်းညွှန်ချက်များကို ရှင်းပြခဲ့ပါတယ်။ ၂၀၁၂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ ၂၀၁၄ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဥ်းစည်းကမ်းများနှင့်၂၀၁၅ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး လမ်းညွှန်ချက်များနှင့် အကျိုးသက်ရောက်မှု ဆန်းစစ်ချက် တို့ကိုလည်း ထုတ်လုပ်သူများအား ရှင်းလင်း တင်ပြခဲ့ပါတယ်။ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဥ်များ နှင့်ဆိုင်သော အယူအဆနှင့် လုပ်ငန်းစဥ်များကိုလည်း ဖော်ပြခဲ့သည်။ ဒါ့အပြင် ယာယီ စက်မှုလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နစ်နာမှုများနှင့် ဥပဒေဆိုင်ရာ ပြဿနာများ ခံစားနေရသော တိုင်ကြားမှု မရှိသော ကုမ္ပဏီများအပေါ် လူမှုရေးဆိုင်ရာ တိုင်ကြားမှုများ နမူနာများကိုလည်း ဆက်လက် ရှင်းပြခဲ့သည်။

UNIDO မှ စွမ်းအင်ထိရောက်စွာသုံးဆွဲရေးဆိုင်ရာ ပညာရှင် ဦးသန်းဦး နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ပေါမောက္ခ ဒေါ်လတ်လတ်ထွန်းတို့ကလည်း စွမ်းအင်ထိရောက် အကျိုးရှိစွာ သုံးဆွဲရေးနှင့် စွန့်ပစ်ရေဆိုးများ စီမံမှု စသော စီမံကိန်း၏ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ဖွယ် ဧရိယာများကို ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဦးသန်းဦးသည် တက်ရောက်သူများကို စွမ်းအင်စီမံမှုစနစ်နှင့် စွမ်းအင်စနစ်ကို ဘယ်လို စနစ်ကျကျ အသုံးချနိုင်မလဲ ဆိုသည်နှင့် ပတ်သတ်သော အယူအဆနှင့် အလေ့အကျင့်များကို မိတ်ဆက်ပေးခဲ့ပါတယ်။ ပေါမောက္ခ ဒေါ်လတ်လတ်ထွန်းက စွန့်ပစ်ရေဆိုးများအား သန့်စင်၍ စွန့်ပစ်မှု နည်းအမျိုးမျိုး အကြောင်းနှင့် ၎င်းတို့၏ အသေးစိတ် အကြောင်းအရာများနှင့် သတ်မှတ်ချက်များကို အဆင့်ဆင့်တွင် မည်သို့ ထည့်သွင်း ရမည်ကိုပါ ထည့်သွင်း ရှင်းပြခဲ့သည်။

ပေါမောက္ခ ဒေါ်လတ်လတ်ထွန်း ရှင်းပြခဲ့သော စွန့်ပစ်ရေဆိုးများအား သန့်စင်၍ စွန့်ပစ်မှုနည်းများသည် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF)နှင့် မိတ်ဖွဲ့ဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများတွင် ၂၀၁၆ ခုနှစ်ထဲက ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ စွန့်ပစ်ရေဆိုးများအား သန့်စင်၍ စွန့်ပစ်မှု နည်းပညာကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF) ၏ အကူအညီဖြင့် ရယူခဲ့ပြီးနောက် စားသောက်ကုန်နှင့် အဖျော်ယမကာကုမ္ပဏီ ၄ ခုကို အဆိုပါ နည်းပညာကိုရယူစေပြီး ပြန်လည်အသုံးပြုရာတွင် အကူအညီ ပေးခဲ့ပါတယ်။

ပါဝင်တက်ရောက်သော အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ အများစုအတွက်ကတော့ ဒီအလုပ်ရုံ ဆွေးနွေးပွဲက အယူအဆများသည် အသစ်ဖြစ်နေပြီး လက်တွေ့ အကောင်အထည်ဖော်မှု အတွက်ကတော့ ပိုရှုပ်ထွေးပြီး အကုန်အကျ ပိုများစေတယ်လို့ ထင်စေတာကတော့ အမှန်ပါပဲ။ အထူးသဖြင့် မိရိုးဖလာ နည်းလမ်း သုံးပြီး လည်ပတ်တဲ့ လုပ်ငန်းငယ်လေးတွေ အတွက်ပေါ့။ သို့သော် အကုန်အကျ မရှိ သို့မဟုတ် အကုန်အကျ နည်းပြီး ရိုးရှင်းသော နည်းလမ်းတွေနဲ့ အချိန်တိုအတွင်း အထွက်နှုံးတိုးစေတဲ့နည်းတွေပါဝင်တဲ့ ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု နည်းလမ်းတွေလည်း ရှိပါတယ်။

သက်ဆိုင်ရာ အကြောင်းအရာအတွက် စွမ်းအင်ချွေတာစေနိုင်တဲ့ နည်းလမ်းများကို သတ်မှတ်ခြင်းနဲ့ ­­­တွက်ချက်ခြင်း တို့ကို အလုပ်ရုံဆွေးနွေးပွဲရဲ့ အဖွဲ့လိုက် လေ့ကျင့်ခန်း လုပ်ရတဲ့အချိန်မှာ ပြုလုပ်ခဲ့ကြပါတယ်။ တက်ရောက် ပါဝင်ကြသူများကတော့ အဖွဲ့လိုက် လေ့ကျင့်ခန်း၊ အပြန်လှန်ဆွေးနွေးမှု၊ သိလိုရာ မေးမြန်းခြင်းနဲ့ ပိုနားလည်အောင် ကြိုးစားတာတွေကို တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ရလာဒ်အနေနဲ့ကတော့ သူတို့ထဲက သုံးပုံတစ်ပုံက အကယ်၍ ကိုယ်ပိုင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းတွေမှာ လက်ရှိ အသုံးပြုနေတဲ့ ရင်းမြစ်အသုံးပြုမှုနဲ့ ပိုအလုပ်ဖြစ်တဲ့ လုပ်ငန်းစဥ်တွေနဲ့ နည်းပညာများနဲ့ ယခုလိုမျိုး လှုပ်ရှားမှုကို ပြုလုပ်မယ်ဆိုရင် ပါဝင်မယ်လို့ စာရင်းပေးခဲ့ကြပါတယ်။

“သဘာဝ” ဆိုသည်မှာ ဥရောပသမဂ္ဂ၏ SWITCH-Asia အစီအစဥ်အောက်မှ ရန်ပုံငွေ ထောက်ပံ့ထားသော အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝနှင့် သဟဇာတဖြစ်သော သုံးစွဲမှုနှင့်ထုတ်လုပ်မှုကို အားပေးသော စီမံကိန်းတစ်ခု ဖြစ်သည်။

ဤ ၄ နှစ် စီမံကိန်းသည် မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍရဲ့ အသေးစားနှင့် အလတ်စား လုပ်ငန်းများအကြား ညစ်ညမ်းစေမှု ပို၍နည်းသော ထုတ်လုပ်မှုအကြောင်း အသိပညာမြှင့်တင်ပေးရန် ရည်ရွယ်ပါတယ်။ စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍသည် အကြီးဆုံး စက်မှုလုပ်ငန်းဖြစ်ပြီး ၎င်းတွင် ၆၀ ရာခိုင်နှုန်းသော ကုမ္ပဏီများ ပါဝင်ပါတယ်။ အဲ့ဒီထဲကမှ ၉၅ ရာခိုင်နှုန်းသော လုပ်ငန်းတွေဟာ စွန့်ပစ်ရေဆိုးကို စနစ်တကျ သန့်စင်တဲ့စနစ် မရှိပါဘူး။ မရည်ရွယ်ဘဲ ရေအရည်အသွေးကို ထိခိုက်စေတာတွေ၊ ဂေဟစနစ်ကို ထိန်းသိမ်းတာတွေနဲ့ ဘေးပတ်ဝန်းကျင်ကိုထိခိုက်စေတာတွေ စတဲ့ဆိုးကျိုးတွေပေါ့။ ဒါ့အပြင် နိုင်ငံအတွင်းမှာလည်း လူဦးရေရဲ့ ၃၇ ရာခိုင်နှုန်းမျှသာ လျှပ်စစ်မီးရရှိသေးပြီး စီးပွားရေးလုပ်ငန်းများမှာလည်း တစ်ပတ်လျှင် ဓာတ်အားပြတ်တောက်မှု အနည်းဆုံး သုံးကြိမ်မျှ တွေ့ကြုံနေရပြီး အဲ့ဒီအချက်တွေဟာလည်း စွမ်းအင်သုံးစွဲမှုကို အလေအလွင့် ဖြစ်စေပါတယ်။

ရင်းမြစ်များ၏ အသုံးကျမှုနှင့် စီမံမှုကို တိုးတက်စေခြင်းဖြင့် ညစ်ညမ်းစေမှု ပို၍နည်းသော ထုတ်လုပ်မှုကို သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေမှု လျော့စေပြီး လုပ်ငန်းဆောင်ရွက်မှုကို ပိုတိုးစေနိုင်ပါတယ်။ “သဘာဝ” စီမံကိန်းက စီးပွားရေးလုပ်ငန်းများ သူတို့နဲ့ သင့်တော်သော ရင်းမြစ်ခန့်ခွဲမှုအတွက် နည်းလမ်းများကို ပံ့ပိုးပြီး နိုင်ငံအတွင်းရှိ ငွေကြေးအဖွဲ့အစည်းများမှ “အစိမ်းရောင်ငွေကြေး” ရရှိစေရန် ပံ့ပိုးကူညီပေးသွားမှာပါ။