What would you like to search for?

တောရိုင်းဆင်များကို ကယ်ဆယ်ခြင်း

ဧပြီလ (၂၀) ရက်နေ့တွင် စမစ်ဆိုနီယမ် ဇီဝဗေဒထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (SCBI) ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သူ ဦးအောင်မျိုးချစ်ဟာ မြန်မာနိုင်ငံ အရှေ့တောင်ဘက်ရှိ တနင်္သာရီဒေသမှာ ကျော့ကွင်းတစ်ခုမှာ ဖမ်းမိခံထားရတဲ့ သေလုဆဲ တောရိုင်းဆင် တစ်ကောင်ကို ဒေသခံတွေက တွေ့ရှိထားကြောင်း မြန်မာ့သစ်လုပ်ငန်းထံက ဖုန်းလက်ခံရရှိခဲ့ပါတယ်။

ဒီလို သတင်းကြားရတာဟာ ဦးအောင်မျိုးချစ်အတွက် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ်က ဆင်ကို ခြေရာခံ ရှာဖွေမရခဲ့ဘဲ တနင်္သာရီရဲ့ ကျယ်ပြန့်တဲ့ တောတွင်းမှာ လက်လွှတ် ထားခဲ့ရဖူးပါတယ်။ သူ့အနေနဲ့ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။

ဒီတစ်ခါတော့ ထူးခြားပါတယ်။ သတင်းပေးပို့လာတဲ့ ရွာသားတွေက ကျော့ကွင်းမိနေတဲ့ ဆင်ရိုင်းမှာ လည်ပတ်လို တစ်ခု ပါတယ်လို့ ဆိုကြပါတယ်။

ဒီဆင်ဟာ လူသားနှင့် ဆင်တို့ရဲ့ ပဋိပက္ခတွေကို ပြေလျော့စေဖို့နဲ့ တရားမဝင် အမဲလိုက်သတ်ဖြတ်ရေး တားဆီးမှုတို့ ပိုမိုကောင်းမွန်စွာ စီမံလုပ်ဆောင်နိုင်စေဖို့အတွက် တောရိုင်းဆင်တွေကို ခြေရာခံ စောင့်ကြည့်လေ့လာနိုင်ဖို့ ရည်ရွယ်တဲ့ SCBI နဲ့ WWF-မြန်မာ တို့ရဲ့ တောရိုင်းဆင် လည်ပတ် တပ်ဆင်ရေး ပူးပေါင်းအစီအစဉ်မှာ GPS ထည့်သွင်းထားတဲ့ လည်ပတ် တပ်ဆင်ပေးခံထားရတဲ့ ဆင်တစ်ကောင် ဖြစ်နေပါတယ်။


“ဆင်တွေ သစ်တောကို ဘယ်လိုအသုံးပြုနေသလဲ၊ ဘယ်နေရာမှာ၊ ဘယ်အချိန်အတွင်း၊ ဘာလုပ်နေကြလဲ ဆိုတာတွေကို ကျွန်တော်တို့ သိရဖို့ အရေးတကြီးလိုပါတယ်။ သူတို့ ဘယ်နေရာမှာလဲ ဆိုတာကို မသိရင် ကျွန်တော်တို့ သူတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။” လို့ WWF-မြန်မာရဲ့ ဌာနေ ညွှန်ကြားရေးမှူး ခရစ္စတီးဝီလျံက ပြောပါတယ်။

ဒီလည်ပတ် ကျေးဇူးနဲ့ ဆင်ကို ခြေရာခံမိခဲ့ပြီး ခြေရာကောက် ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့နဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးတို့ကို စေလွှတ်ခဲ့ပေမယ့် ဒီအဖွဲ့ရောက်သွားချိန်မှာ ဆင်ရဲ့ ဒဏ်ရာက အလွန်နက်တာကြောင့် တိရစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာဇော်မှာ တစ်ဦးတည်း ဆောင်ရွက်ဖို့ မလွယ်ကူလှလို့ နောက်ထပ် ဆရာဝန် နှစ်ဦးကို ထပ်မံ စေလွှတ်ခဲ့ရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဟာ နောက်ဆုံးမှာတော့ ဆင်ကို ကျော့ကွင်းက လွှတ်ပေးလိုက်နိုင်ရုံသာမက ဒဏ်ရာများကိုလည်း ကုသပေးခဲ့နိုင်ပါတယ်။ ရက်အတော်ကြာအောင် ဒဏ်ရာမကျက်ခဲ့ပေမယ့် တဖြည်းဖြည်း လုံးဝ သက်သာလာခဲ့ပါတယ်။ အဖွဲ့ကလည်း GPS လည်ပတ်ကတဆင့် သူ့ရဲ့ လှုပ်ရှားသွားလာမှုများကို မျက်ခြေမပြတ် စောင့်ကြည့် စောင့်ရှောက်ပေးခဲ့ကြပါတယ်။

ဒီဇာတ်လမ်းမှာ အဆုံးသတ် လှပခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ တနင်္သာရီဒေသတွင်းမှာ တောရိုင်းတိရစ္ဆာန်တွေ ဖမ်းဆီးဖို့ ကျော့ကွင်းထောင်ချောက် အသုံးပြုတဲ့ စိုးရိမ်ဖွယ်ရာ အလားအလာသစ် တစ်ရပ် ကြီးထွားလာမှုကို မီးမှောင်းထိုးပြနေပါတယ်။ ဒီနည်းစနစ်ကို နိုင်ငံရဲ့ တခြားဒေသတွေမှာ တွင်တွင်ကျယ်ကျယ် သုံးကြပေမယ့်လည်း တနင်္သာရီဒေသမှာတော့ ယခုအချိန်အထိ မတွင်ကျယ်သေးပါ။ ကျား၊ ဝက်ဝံနဲ့ တခြား ကြောင်မျိုးနွယ်ဝင်တွေ အပါအဝင် မြန်မာ့ အဖိုးတန်၊ မျိုးသုဉ်းပျောက်ကွယ်လု မျိုးစိတ်တွေရဲ့ ကျက်စားရာ ဒေသအနှံ့မှာ ဆိုးဝါးတဲ့ ဒီလို အလေ့အထ ပျံ့နှံ့လာမှာကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပိုမိုလိုအပ်ပါတယ်။

ဒီ တောဆင် လည်ပတ်တပ်ဆင်ရေး အစီအစဉ်က သူ့ရဲ့တန်ဖိုးကို လက်တွေ့ ပြသခဲ့ပါပြီ။ ဒီအစီအစဉ်သာ မရှိရင် မြန်မာနိုင်ငံအတွက် တောရိုင်းဆင် နောက်ထပ်တစ်ကောင် ဆုံးရှုံးခဲ့ရမယ့် အခြေအနေပါပဲ။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဆင်အရေခွံ ရောင်းဝယ်ဖောက်ကားမှု ကြီးထွားလာမှုကြောင့် နောက်ထပ် ဆင်ပေါင်းများစွာကို လည်ပတ်တပ်ဆင်ပြီး ကာကွယ်စောင့်ရှောက်ရင်း ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့က ကျွန်တော်တို့အတွက် လွန်စွာ အရေးကြီးပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့ကို ပိုမို သဘောပေါက်နားလည်စေဖို့ ဗီဒီယိုဖိုင်ကို ကြည့်ရှုနိုင်ပါတယ်။

ဂေဟရုပ်စုံ