What would you like to search for?

စီမံကိန်းဆိုင်ရာ တိုင်ကြားမှုများ ဖြေရှင်းခြင်း

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) အနေဖြင့် အဖွဲ့၏ လူမှုရေးဆိုင်ရာ မူဝါဒများနှင့် ဘေးဆီးရန်ကာများအား အကောင်အထည်ဖော်မှု ခိုင်မာစေခြင်းငှာ ဦးတည်၍ WWF ပံ့ပိုးမှုဖြင့် ဆောင်ရွက်သော ထိန်းသိမ်းရေး လုပ်ငန်းများ၏ သက်ရောက်မှုကို ခံစားခဲ့ရနိုင်သည့် ပတ်သက်ဆက်နွယ်သူများမှ တင်ပြလာသော စိုးရိမ်ပူပန်မှုများကို လက်ခံ ဖြေရှင်းပေးမည့် စနစ်တစ်ခုကို တည်ထောင်ခဲ့ပါသည်။ တိုင်ကြားမှုများအား မြန်ဆန် ထိရောက်စွာ အဖြေရှာခြင်းဖြင့် ပဋိပက္ခများ ဖြေရှင်းမှုအတွက် အထောက်အကူဖြစ်စေပြီး နှစ်ဦးနှစ်ဘက် နားလည်မှု ပိုရှိစေကာ တာဝန်ယူ တာဝန်ခိုင်မှု ပိုခိုင်မာ၍ ပူးပေါင်းစွမ်းဆောင်နိုင်မှုကို တိုးတက်စေနိုင်ပါသည်။ ဤလုပ်ငန်းစဉ်ကို WWF ၏ အများမြင်နိုင်သော အွန်လိုင်းစာမျက်နှာတွင် တင်ထားပြီး စီမံကိန်း ဒီဇိုင်းရေးဆွဲချိန် သို့မဟုတ် အခြား သင့်လျော်သည့် အချိန်များတွင် ပတ်သက်ဆက်နွယ်သူများထံ မျှဝေပေးပါမည်။

WWF ၏ ကွန်ရက်တွင်း လူမှုရေးရာ ဘေးဆီးရန်ကာနှင့် မူဝါဒများ

  • WWF ၏ ဌာနေတိုင်းရင်းသားများနှင့် ထိန်းသိမ်းရေး အခြေခံမူဆိုင်ရာ ကြေငြာချက်
  • WWF ၏ ဆင်းရဲမွဲတေမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ
  • WWF ၏ ကျား/မရေးရာ မူဝါဒ
  • ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ မူဘောင်
  • ဌာနေတိုင်းရင်းသားများ၊ မျိုးနွယ်စုများနှင့် ဒေသခံပြည်သူများ၏ အခွင့်အရေးများအား ကန့်သတ်ခြင်းနှင့် အလိုမတူဘဲ နေရပ်ရွှေ့ပြောင်းစေမှုနှင့် ပြန်လည်နေရာချထားပေးမှုအား တားမြစ်ခြင်းဆိုင်ရာ WWF ၏ လမ်းညွှန်ချက်များ
  • WWF ကွန်ရက်အတွင်း ဖော်ထုတ်ရေးသား ဖြန့်ဝေထားသည့် အခြား သက်ဆိုင်ရာ WWF မူဝါဒများနှင့် ဘေးဆီးရန်ကာများ

WWF ၏ လူမှုရေးရာ မူဝါဒများနှင့် ဘေးဆီးရန်ကာများကို WWF လူမှုရေးရာ မူဝါဒများ စာမျက်နှာတွင် ဖတ်ရှုနိုင်သည်။

ဘယ်သူတွေ တိုင်ကြားနိုင်သလဲ

WWF ၏ စီမံကိန်း လုပ်ငန်း တစ်ခုခုအား ဒီဇိုင်းရေးဆွဲ သို့မဟုတ် အကောင်အထည်ဖော်ရာတွင် အဖွဲ့၏ ကွန်ရက်တွင်း လူမှုရေး မူဝါဒများနှင့် ဘေးဆီးရန်ကာများအား WWF ၏ အစိတ်အပိုင်း တစ်ခုခုက လိုက်နာရန် ပျက်ကွက်ခဲ့မှုကြောင့် မကောင်းသော သက်ရောက်မှုကို ခံစားရသည့် သို့မဟုတ် ခံစားရဖွယ်ရှိသည့် မည်သည့် အသိုက်အဝန်း သို့မဟုတ် (လူပုဂ္ဂိုလ် နှစ်ဦးထက်ပိုသော) အစုအဖွဲ့ မဆိုကို “ထိခိုက်ခံစားရသူ” အဖြစ် သတ်မှတ်သည်။ မည်သည့် ထိခိုက်ခံစားရသူမဆို တိုင်ကြားမှု ပြုလုပ်နိုင်သည်။ ထိခိုက်ခံစားရသူအား ကိုယ်စားပြု၍ တိုင်ကြားသူများသည် ၎င်းတို့အား ကိုယ်စားပြုပိုင်ခွင့် ရှိသူဖြစ်ကြောင့် ခိုင်လုံသည့် အထောက်အထား ပြနိုင်ရမည်။ ဤစီမံကိန်းဆိုင်ရာ တိုင်ကြားမှုများ ဖြေရှင်းခြင်း လုပ်ငန်းစဉ်သည် ယင်းပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆွေးနွေး အဖြေရှာမှုများ ပြုလုပ်ရန် ရည်ရွယ် တည်ထောင်ထားခြင်း ဖြစ်သည်။ လျှို့ဝှက်ထားရန် လိုအပ်မှုက တိုင်ကြားမှုများအား အဖြေရှာရာတွင် ကန့်သတ်မှု ဖြစ်စေနိုင်ဖွယ်ရာ ရှိပြီး ထိုသို့ လျှို့ဝှက်ထားရန် လိုအပ်မှုကြောင့် လုပ်ငန်းစဉ်ကို ကြန့်ကြာစေမှု ဖြစ်နေလျှင် တိုင်ကြားသူများအား အသိပေးသွားပါမည်။

တိုင်ကြားစာ ပေးပို့ခြင်း

WWF ၏ တိုင်ကြားမှုများ ဖြေရှင်းခြင်း လုပ်ငန်းစဉ်ကို WWF International ၏ အထွေထွေညွှန်ကြားရေးမှူးရုံးက ကိုင်တွယ် ဆောင်ရွက်ပါသည်။ တိုင်ကြားစာကို WWF International ၏ စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိထံ mm.complaint@wwf.org.mm မှတဆင့် လည်းကောင်း၊ စီမံကိန်း တိုင်ကြားမှုများ၊ ဌာနေညွှန်ကြားရေးမှူး၊ WWF-မြန်မာ၊ ၁၅/စီ၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ စာတိုက်မှတဆင့် လည်းကောင်း ပေးပို့နိုင်သည်။

တိုင်ကြားမှုများကို ထိခိုက်ခံစားရသူ၏ မိခင်ဘာသာစကားဖြင့် ရေးသားပေးပို့လိုက ပေးပို့နိုင်သည်။

တိုင်ကြားစာတွင် အောက်ပါ အချက်အလက်များ ပါဝင်သင့်သည်။
  • တိုင်ကြားသူ၏ အမည်နှင့် ဆက်သွယ်ရန် အချက်အလက်များ
  • တိုင်ကြားသူက တိုက်ရိုက်ပေးပို့ခြင်း မဟုတ်ပါက ထိခိုက်ခံစားရသူအား ကိုယ်စားပြုသူသည် ထိုသို့ ကိုယ်စားပြုပိုင်ခွင့် ရှိသူ ဖြစ်ကြောင်း အထောက်အထား
  • စိုးရိမ်မကင်း ဖြစ်မိသည့် စီမံကိန်း သို့မဟုတ် အစီအစဉ်အကြောင်း (ဒေသနှင့် နိုင်ငံ စသည်)
  • ယင်းက ဖြစ်ပေါ်စေသည့် သို့မဟုတ် ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည့် ဘေးအန္တရာယ်
  • သက်ဆိုင်သည့် လူမှုရေးရာ မူဝါဒ သို့မဟုတ် ပြဌာန်းချက် (သိပါက)
  • အခြား သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် စာရွက်စာတမ်းများ (ဥပမာ - ဖြစ်ပျက်ခဲ့သည့် နေ့စွဲ)
  • WWF နှင့် ဆက်သွယ်ခဲ့မှု အပါအဝင် ဤပြဿနာအား ဖြေရှင်းရန် တစ်စုံတစ်ရာ ဆောင်ရွက်ခဲ့မှု
  • အကြံပြုသည့် ဖြေရှင်းပုံနည်းလမ်း
  • လျှို့ဝှက်ထားပေးရန် လိုအပ်ခြင်း ရှိ မရှိ (အကြောင်းပြချက် ဖော်ပြလျှက်)

တိုင်ကြားမှုအား သုံးသပ်ခြင်း

WWF International ၏ စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိအနေဖြင့် တိုင်ကြားစာ လက်ခံရရှိကြောင်း အသိပေး အကြောင်းပြန်ပြီး “အလုပ်ဖွင့်ရက် ၁၀ ရက်အတွင်း” တိုင်ကြားမှုကို ဖြေရှင်းပေးရန် လိုအပ်ချက်အပေါ် ဆန်းစစ်၍ အထက်ပါ သတ်မှတ်ချက်များနှင့်အညီ လက်ခံ ဖြေရှင်းပေးမည် မပေးမည်ကို အကြောင်းပြန်ပါလိမ့်မည်။

တိုင်ကြားမှုသည် ဖြေရှင်းပေးရန် လိုအပ်သည်ဟု သတ်မှတ်လျှင် စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိက သက်ဆိုင်ရာ WWF ရုံး သို့မဟုတ် အစီအစဉ်ကို အသိပေး အကြောင်းကြားပြီး ၎င်းတို့၏ တုံ့ပြန်ဖြေကြားမှုကို တောင်းခံပါမည်။ သက်ဆိုင်ရာ WWF ရုံး သို့မဟုတ် အစီအစဉ် အနေဖြင့် ယင်းတိုင်ကြားမှုကို မည်သို့ဖြေရှင်းပေးသွားမည်နှင့် အချိန်မည်မျှ ကြာနိုင်သည် ဆိုသည်ကို စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိထံ အလုပ်ဖွင့်ရက် ၁၀ ရက်အတွင်း အကြောင်းပြန်ပါမည်။ စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိက ထိခိုက်ခံစားရသူများထံ ယင်းအချက်အလက်ကို ပေးပို့ အသိပေးပါမည်။ သက်ဆိုင်ရာ ရုံး သို့မဟုတ် အစီအစဉ်အနေဖြင့် ထိုအချိန်မှစ၍ တိုင်ကြားလာသည့် ကိစ္စရပ်ကို အဖြေရှာမှုကို လိုအပ်ပါက (ဥပမာ - တိုင်ကြားလာသည့် ကိစ္စရပ်ကို စုံစမ်းမေးမြန်းခြင်း၊ ထိခိုက်ခံစားရသူများနှင့် အခြားဆိုင်ရာ အဖွဲ့များနှင့် ဆွေးနွေးခြင်း စသည်) ပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီမှု ရယူ၍ လုပ်ဆောင်သွားမည်။ ရလဒ်ပေါ် အခြေခံ၍ WWF ရုံး သို့မဟုတ် အစီအစဉ်က ဖော်ထုတ်ရရှိသည့် ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည့် လုပ်ငန်း အစီအစဉ်နှင့် အချိန်ဇယားတို့ကို သက်ဆိုင်သူများနှင့်အတူ ပူးပေါင်း လုပ်ဆောင်သွားမည်။ တိုင်ကြားလာမှု အကျဉ်း၊ ဖြေရှင်းဆောင်ရွက်ရမှု၊ ရသည့်အဖြေ၊ ဆက်လက်လုပ်ဆောင်ရန်နှင့် ဖြေရှင်းပြီးစီးရမည့် အချိန်ဇယားတို့ကို ရေးသားမှတ်တမ်းတင်၍ သက်ဆိုင်သူများအကြား သဘောတူထားသည့်အတိုင်း မျှဝေ အသိပေးပြီး စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိထံ လွှဲအပ်သွားမည်။ (လျှို့ဝှက်ထားပေးရန် တောင်းဆိုလာပါက စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိကသာ ထိခိုက်ခံစားရသူထံ ဆက်သွယ်မှု ပြုလုပ်မည် ဖြစ်သည်။) WWF International အနေဖြင့် လိုအပ်ပါက ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ ရယူခြင်း အပါအဝင် နားလည်အောင် လေ့လာမှု၊ ဆန်းစစ်မှုနှင့် အဖြေရှာမှုများတွင် လိုအပ်သလို ပံ့ပိုးကူညီမှု ပြုလုပ်ပါမည်။

စောင့်ကြည့်လေ့လာခြင်း

သဘောတူညီထားသည့် လုပ်ငန်းအစီအစဉ်များတွင် တိုင်ကြားလာမှုအား ဖြေရှင်းဆောင်ရွက်မှုအား လုပ်ငန်းစဉ် ပုံမှန် စောင့်ကြည့်လေ့လာမှုအတွက် အချိန်ဇယားသတ်မှတ် ထည့်သွင်းရမည်။ လုပ်ငန်းဆောင်ရွက်မှု ပြီးသည်အထိ အချိန်အပိုင်းအခြားအလိုက် စစ်ဆေးမှုများအား စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိက သက်ဆိုင်သူများနှင့် ဆိုင်ရာ ပညာရှင် အကြံပေးများအား စုစည်း၍ ဖုန်းခေါ်ဆိုမှုများ၊ အစည်းအဝေးများ သို့မဟုတ် အခြားဆက်သွယ်မှုနည်းလမ်းများ စီစဉ်ပြုလုပ်ပေးကာ စောင့်ကြည့်လေ့လာမှုကို ညှိနှိုင်းလုပ်ဆောင်ပေးပါမည်။ WWF အနေဖြင့် ဤ တိုင်ကြားမှုများ ဖြေရှင်းသည့် လုပ်ငန်းစဉ်၏ ထိရောက်မှုကို နှစ်စဉ် သုံးသပ်၍ ပိုကောင်းအောင် မြှင့်တင်ပေးရန် လိုအပ်မှုများကို ရှာဖွေ ဖော်ထုတ်သွားမည်။

ဤလုပ်ငန်းစဉ်ကို လိုက်နာကြောင်း သေချာစေခြင်း

WWF International အနေဖြင့် စီမံကိန်း တိုင်ကြားမှုများဆိုင်ရာ အရာရှိမှတဆင့် ရုံးခွဲများအား ဤလုပ်ငန်းစဉ်နှင့် ယင်းကို လိုက်နာရန် ၎င်းတို့တွင် တာဝန်ရှိမှုကို သိရှိ သဘောပေါက်စေရန် လုပ်ဆောင်သွားမည်။

လက်တုံ့ပြန်မှု ကင်းဝေးရေး

အပြုသဘော စေတနာအလျှောက် စိုးရိမ်မှုများအား သတင်းပေးပို့လာသူများအပေါ် မည်သို့သော လက်တုံ့ပြန်မှုကိုမျှ လုံးဝ ခွင့်ပြု သည်းခံသွားမည် မဟုတ်ပါ။ ထိုသို့ လက်တုံ့ပြန်မှုတွင် ပါဝင်ပတ်သက်သည့် မည်သည့် WWF ဝန်ထမ်းကိုမဆို တာဝန်မှ ရပ်စဲခံရနိုင်မှု အပါအဝင် ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်။ အသိပေး တိုင်ကြားလာသူများအား လက်တုံ့ပြန် ခံရမှုမှာ အကာအကွယ် ပေးနိုင်ရန် WWF အနေဖြင့် ဘက်ပေါင်းစုံမှ အစွမ်းကုန် ဆောင်ရွက်သွားပါမည်။ WWF ဝန်ထမ်း တစ်ဦးဦးက သံသယဖြစ်ဖွယ် လုပ်ဆောင်ခဲ့မှုအား သတင်းပေးပို့ခဲ့ပြီးနောက် လက်တုံ့ပြန်မှု တစ်ခုခုနှင့် ရင်ဆိုင်နေရသည် သို့မဟုတ် ရင်ဆိုင်ရဖွယ် ရှိသည်ဟု ယူဆပါက အထက်ပါ အလားတူ လမ်းကြောင်းမှပင် ချက်ခြင်း အသိပေး တိုင်ကြားသင့်ပါသည်။