What would you like to search for?

လွှတ်တော် အမတ်များ လက်တွေ့မြင်တွေ့ခဲ့ရတဲ့ သဘာဝရဲ့ တန်ဖိုးများ

“ဟာ...ဟိုမှာ ဆင်ကြီး ဆင်ကြီး”

မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ က သူ့ဘေးရှိ အခြား လွှတ်တော်ကိုယ်စားလှယ်တွေပါ မြင်တွေ့စေဖို့ တစ်နေရာကို လက်ညှိုးထိုးပြလိုက်ပါတယ်။ အဲဒီနေရာမှာ သက်လတ်ပိုင်းအရွယ် ဆင်တစ်ကောင် အေးအေးလူလူ အစာစားနေတာကို တွေ့လိုက်ရပါတယ်။

ဒေါ်သီရိရတနာ အပါအဝင် အမျိုးသားလွှတ်တော် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီဝင် (၁၅) ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဗဟိုကော်မတီ၀င် (၆) ဦး နဲ့ WWF-မြန်မာ ဝန်ထမ်းအချို့ဟာ ထိုင်းနိုင်ငံ အတွင်းရှိ အမျိုးသားဥယျာဉ်တွေမှာ အစိုးရ၊ ဒေသခံပြည်သူများ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ ပူးပေါင်းပြီး စီမံခန့်ခွဲနေမှုများ၊ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်း တွေကနေတစ်ဆင့် နိုင်ငံခြားဝင်ငွေ ရှာဖွေနေမှုများကို လေ့လာဖို့အတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။

ကွီဘူရီ အမျိုးသား ဥယျာဉ်ဟာ တောဆင်ရိုင်းတွေကို ကြည့်ရှုလိုသူတွေအကြား နာမည်ကြီးတဲ့ သဘာဝဥယျာဉ်တစ်ခု ဖြစ်ပြီး၊ ယခုခရီးစဉ်အတွင်း သွားရောက်မယ့် သဘာဝဥယျာဉ် (၃) ခုအနက် ပထမဆုံး တစ်ခုဖြစ်ပါတယ်။

တောရိုင်းတိရစ္ဆာန်တွေ သဘာဝအတိုင်း သွားလာလှုပ်ရှားနေတာ ကို ကြည့်ရှုဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ပါတီတာဝန်ရှိသူတွေ အလွန်စိတ်အားထက်သန်နေခဲ့ပါတယ်။

ရင်ခုန်စရာ တောတွင်း အတွေ့အကြုံတွေကို လိုချင်တဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေဟာ နှစ်စဉ် အရေအတွက် သန်းနဲ့ချီ ထိုင်းနိုင်ငံထဲ က သဘာဝဥယျာဉ်တွေကို လာရောက်လေ့လာနေကြပြီး၊ အဲ့ဒီလုပ်ငန်းတွေကနေတစ်ဆင့် ရရှိတဲ့ ဝင်ငွေတွေဟာ သဘာဝဥယျာဉ်တွေ နဲ့ ဥယျာဉ်တွေအတွင်း နေထိုင်ကျက်စားနေကြတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အလွန်ပင် အထောက်အကူ ပြုပေးနေပါတယ်။

၂၀၁၇ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းတွေအရ ထိုင်းနိုင်ငံရဲ့ သဘာဝဥယျာဉ်တွေ ကနေ ရရှိတဲ့ တစ်နှစ်ဝင်ငွေဟာ ဘတ်ငွေ ၂ ဒဿမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၇၅၀ ခန့်) အထိရှိခဲ့ပြီး၊ ထိုင်းနိုင်ငံရဲ့ အဓိကကျတဲ့ စီပွားရေးလုပ်ငန်း တစ်ခုအနေနဲ့လည်း ရပ်တည်နေပါတယ်။

ထိုင်းနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီတာဝန်ရှိသူတွေ ဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အမျိုးသားဥယျာဉ် (၃) ခုကို သွားရောက်လေ့လာခဲ့ကြပြီး၊ တောရိုင်းတိရစ္ဆာန်တွေ ကို ထိန်းသိမ်းထားတဲ့ နည်းစနစ်တွေ၊ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ ကို လက်တွေ့ကျကျ လေ့လာခဲ့ကြပါတယ်။


“ဒါမျိုးကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လုပ်လို့ရတာပေါ့။ ဒါပေမယ့် စီမံအုပ်ချုပ်မှု စနစ်ကောင်းတစ်ခုတော့ လိုအပ်တယ်။” လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံတို့ဟာ ရေမြေတောတောင် သဘာဝ၊ ရာသီဥတု နဲ့ ကျင်လည်ကျက်စားတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေ တူညီပါတယ်။ ဒါပေမယ့် တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ တစ်ဆင့် နိုင်ငံခြားငွေ ရှာဖွေရာမှာတော့ ကွာခြားမှုများစွာ ရှိနေပါတယ်။

“ကျွန်တော်တို့ အခုလေ့လာခဲ့တဲ့ သဘာဝဥယျာဉ်တွေကြားထဲမှာ အဝေးပြေးကားလမ်းမကြီး တစ်ခု ဖြတ်ဖောက်ထားတာ ရှိတယ်။ အဲ့ဒီလမ်းမကြီးကြောင့် တောရိုင်းတိရစ္ဆာန်စင်္ကြံ ပြတ်တောက်သွားမှာ စိုးရိမ်တဲ့အတွက် တောရိုင်းတိရစ္ဆာန်တွေအတွက် ဖြတ်ကူးလမ်းတွေကို အစိုးရက ဒေါ်လာသန်းချီ အကုန်အကျခံပြီး တည်ဆောက်ပေးထားတယ်။ သူတို့က တောရိုင်းတိရစ္ဆာန်တွေရဲ့ တန်ဖိုးကို သိသွားတော့ ငွေကုန်ကြေးကျ ခံရဲသွားပြီ” လို့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ နဲ့ သဘာဝကို အခြေခံတဲ့ စီပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အခွင့်အလမ်းများစွာရှိနေပေမယ့် အခြေခံအဆောက်အအုံတွေ အပါအဝင် အခြား လိုအပ်ချက်များစွာလည်း ရှိနေပါသေးတယ်။


“ကျွန်တော်တို့ ကြားဖူးနားဝ ရှိတဲ့ ဒီလို စီးပွားရေးလုပ်ငန်းမျိုးတွေကို မျက်ဝါးထင်ထင် တွေ့လာရတဲ့အခါမှာ ဒီလိုလုပ်ငန်းမျိုးတွေကို ကျွန်တော်တို့နိုင်ငံမှာလဲ ရှိစေချင်တယ်။ ဒါပေမယ့် အမှန်တစ်ကယ် အကောင်အထည်ပေါ်လာဖို့ဆိုရင်တော့ အစိုးရအနေနဲ့ တက်တက်ကြွကြွ ဦးဆောင်ကူညီပေးနိုင်ရင် ပိုပြီး အောင်မြင်မယ်လို့ ထင်ပါတယ်။” လို့ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

WWF-မြန်မာ အနေနဲ့ သဘာဝကို အခြေခံတဲ့ အလားတူ စီပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ အကောင်အထည်ပေါ်လာပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး လုပ်ငန်းတွေကို အထောက်အကူ ပေးးလာနိုင်စေဖို့ သက်ဆိုင်ရာ အစိုးရဌာနများ၊ မိတ်ဖက်အဖွဲ့အစည်များ နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။


“လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ပါတီတာဝန်ရှိသူတွေ ဟာ ဒီလိုလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်လိုတဲ့ စိတ်ဆန္ဒပြင်းပြတာကို တွေ့ရတာ ဝမ်းသာစရာပါ။ ဒီလိုလုပ်ငန်းတွေဖွံ့ဖြိုးလာရင် တောရိုင်းတိရစ္ဆာန် နဲ့ သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ ကနေတစ်ဆင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေအများအပြားကို ရှာဖွေပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကိုလည်း တန်ဖိုးထားပြီး ထိန်းသိမ်းကြဖို့ကိုလည်း တွန်းအားပေးရာ ရောက်ပါလိမ့်မယ်။” ဟု WWF-မြန်မာ ၏ မိတ်ဖက်ဖွဲ့ရေး ညွှန်ကြားရေးမှူး ဒေါ်မေမိုးဝါ ကပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ပါတီတာဝန်ရှိသူတွေ ဟာ သူတို့ရဲ့သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအတွင်း မှာ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ ကနေတစ်ဆင့် နိုင်ငံခြားဝင်ငွေရှာဖွေနိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အမျိုးသားဉယျာဉ်တွေ ကို စိတ်ကူးယဉ်ကြည့်နေကြပါတယ်။ တွေးကြည့်ရုံနဲ့တင် အခက်အခဲတွေကို သိမြင်လာပေမယ့် မဖြစ်နိုင်ဘူးဆိုပြီး လက်လျှော့ကြမယ့်ပုံတော့ မပေါ်ကြပါဘူး။

“ဒီလို လုပ်ငန်းတွေဟာ ကျွန်မတို့ လက်လှမ်းမမှီတဲ့ အရာမဟုတ်ဘူးဆိုတာ သိလာရတယ်။ ပြီးတော့ ကျွန်မတို့နိုင်ငံအတွက် နိုင်ငံခြားငွေရပေါက်ရလမ်းတွေကို လည်း မြင်လာရတယ်။ အစိုးရကိုရော သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူတွေကိုရော တိုက်တွန်းစရာတွေ အများကြီးရလာပါတယ်။ တူတူကြိုးစားကြရပါလိမ့်မယ်။” လို့ ဒေါ်သီရိရတနာ ကပြောပါတယ်။

MORE FROM THE FIELD