What would you like to search for?

စီးပွားရေးလုပ်ငန်းများရဲ့ကိုယ်တွေ့စွမ်းအင်ခြိုးခြံချွေတာမှု
စီးပွားရေးလုပ်ငန်းများရဲ့ကိုယ်တွေ့စွမ်းအင်ခြိုးခြံချွေတာမှုများပြန်လည်မျှဝေခြင်းများနဲ့ကျင်းပခဲ့သော"အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းများအတွက် စွမ်းအင်ခြိုးခြံချွေတာမှုဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ”
သဘာဝ စီမံကိန်းရဲ့ “ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းများအတွက် စွမ်းအင်ခြိုးခြံချွေတာမှုဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ” ကို ဧပြီလ ၅ရက်နေ့က UMFCCI အဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။ အစားအစာနဲ့ အဖျော်ယမကာ ကဏ္ဍက စီးပွားရေးလုပ်ငန်းရှင် ၁၇ဉီး၊ အစိုးရဌာနမှ ကိုယ်စားလှယ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ်က ပါမောက္ခများနဲ့ မိတ်ဖက်ဘဏ်၄ခုမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပါတယ်။

စွမ်းအင်ခြိုးခြံချွေတာမှုနဲ့ဆိုင်တဲ့ အသိပညာတိုးမြှင့်ဖို့နဲ့ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းရှင်များ အကြား အစိမ်းရောင်ငွေကြေးကဏ္ဍတိုးမြှင့်ရေးကို ရည်ရွယ်ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။ သဘာဝစီမံကိန်း လက်ရှိလုပ်ကိုင်နေတာတွေ၊ စွမ်းအင်ခြိုးခြံချွေတာမှုနဲ့ အစိမ်းရောင် ဘဏ္ဍရေး အကြောင်းအရာတွေကို သက်ဆိုင်တဲ့ ပညာရှင်တွေက ရှင်းလင်းတင်ပြပေးခဲ့ပါတယ်။ လုပ်ငန်းရှင်များအတွက် သတင်းအချက်အလက် မျှဝေပေးတဲ့ပွဲတစ်ခုဖြစ်ခဲ့ပြီး သူတို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို ပြောကြား မျှဝေလို့ရတဲ့ ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

“အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းရှင်အချို့က သူတို့ထုတ်လုပ်မှုအတွက် စွမ်းအင်ဘယ်လောက်လိုတယ်ဆိုတာကို သဘောမပေါက်ကြဘူး။ ဒါကြောင့် သူတို့ကနေ့စဉ်ပုံမှန်ကိစ္စထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာ ပိုက်ဆံတွေကို ဖြုန်းမိမှန်းမသိဖြုန်းမိနေတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ကိုယ်စွမ်းအင်ဘယ်လောက်သုံးစွဲတယ်ဆိုတာကို သိဖို့လိုတယ်။နောက်ပြီးအဲ့လိုသုံးစွဲမှုကြောင့် လုပ်ငန်းမှာ ဘယ်လောက်ဆုံးရှုံးမှုဖြစ်နေစေတယ်ဆိုတာတွေကို သိဖို့ အသိပညာမြှင့်တင်ဖို့လိုတယ်။တကယ်တော့ ကိစ္စတော်တော်များများမှာ အဲ့လိုယိုပေါက်တွေကို ရပ်တန့်ပြီး ပိုက်ဆံအသုံးစရိတ်စချွေတာဖို့ တကယ်မခက်ခဲတဲ့ ကိစ္စပါ” လို့ SUSTENT ရဲ့ ဒါရိုက်တာ Mr. Rajat Batra ကပြောပါတယ်။ တကယ်လက်တွေ့ဆောင်ရွက်ခဲ့ဖူးတဲ့ နမူနာ စီးပွားရေးလုပ်ငန်းတချို့အကြောင်းကိုလည်း သူကရှင်းလင်းတင်ပြခဲ့ပါသေးတယ်။

ဒီလို အလုပ်ရုံဆွေးနွေးပွဲမျိုးကို ပထမဆုံးတက်ရောက်ဖူးတဲ့ Golden Key သစ်သီးဖျော်ရည်လုပ်ငန်းရဲ့ မန်နေဂျာ ဦးစောထွန်းနိုင်က “ဒီအလုပ်ရုံဆွေးနွေးပွဲမှာတက်နေရင်းနဲ့ပဲ ကျွန်တော်တို့ လုပ်ငန်းမှာ ဘာတွေလိုနေတယ်ဆိုတာကို ပြန်ဆန်းစစ်လို့ရတယ်ဆိုတာကို သိလာရတယ်။ ဘယ်လောက် သုံးစွဲနေပြီး မသိဘဲနဲ့ ဘယ်လောက်အလေအလွင့်ဖြစ်နေလဲဆိုတာတွေကိုပေါ့” လို့ ပြောပြပေးခဲ့ပါတယ်။

“ကျွန်တော်ကတော့ ကျွန်တော့် စက်ရုံနဲ့ကိုက်ညီတဲ့ စွမ်းအင်နဲ့ ရေ ချွေတာလို့ရနဲ့ နည်းပညာကို လိုချင်တယ်။ အဖွဲ့အစည်းတစ်ချို့နဲ့ စီမံကိန်း တစ်ချို့က စွမ်းအင်ချွေတာဖို့နည်းလမ်းတွေကူပြီးရှာပေးနေတယ်ဆိုတာတော့ သိပေမဲ့ ကျွန်တော်က တစ်နေ့ကို ရေဂါလံ၅၀၀၀၀သုံးစွဲနေရတဲ့ ကျွန်တော့်စက်ရုံနဲ့ ကိုက်ညီတဲ့ နည်းပညာပေးနိုင်တဲ့ ပညာရှင် သို့ အကြံပေးနိုင်တဲ့ သူကို ရှာနေတာပါ။ အဲ့ရေပမာဏကို ရေဆိုးသန့်စင်စနစ်တပ်ဆင်ဖို့ဆိုရင် ရင်းနှီးမြှုပ်နှံမှုက အတော်ြကီးတယ်” လို့ ငါးကြိတ်ခွဲလုပ်ငန်းကို နှစ်ပေါင်း ၂၅နှစ်လောက်လုပ်ကိုင်လာတဲ့ ဦးကျော်လွင်ကပြောပါတယ်”။ သူက သူ့စက်ရုံမှာ စက်အသစ်လဲလိုက်လို့ အဲ့စက်အသစ်က ထုတ်လုပ်မှုနှုန်းကို ၁၆ရာခိုင်နှုန်းကနေ ၁၈ရာခိုင်နှုန်းအထိတက်လာတယ်လို့လည်းမျှဝေပေးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဒီလိုလွယ်ကူရှင်းလင်းတဲ့ အချက်ကလေးလုပ်လိုက်ရုံနဲ့ လုပ်ငန်းမှာ ထုတ်လုပ်မှုနှုန်းတိုးလာအောင်လုပ်နိုင်တာကိုလည်း ဂုဏ်ယူနေပါတယ်။

သဘာဝစီမံကိန်းရဲ့ မန်နေဂျာ Mr. Ujjwal Pokhrel ကလည်း “ ဒီလိုမျိုး စီးပွားရေးလုပ်ငန်းရှင်တွေကို ကိုယ်တွေ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အတွေ့အကြုံတွေနဲ့ မျှဝေပေးနိုင်တဲ့ ပွဲကိုပုံမှန်ကျင်းပပေးတာကအရေးကြီးပါတယ်။ ဒါမှသာ လုပ်ငန်းတွေအနေနဲ့ ကောင်းတဲ့ အလေ့အကျင့်တွေကို ကောင်းကောင်းသဘောပေါက်ပြီး သဘာဝစီမံကိန်းနဲ့ လက်တွဲပြီးလုပ်ကိုင်ဆောင်ရွက်ဖို့လည်း ဖြစ်လာစေနိုင်မှာပါ။ ဒီနည်းလမ်းကသာ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းကဏ္ဍကို သန့်စင်ထုတ်လုပ်မှုဆီသို့ ဖြစ်စေနိုင်မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
သဘာဝစီမံကိန်းအနေနဲ့ကလည်း အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းကဏ္ဍတွေကို စွမ်းအင်ခြိုးခြံချွေတာမှုနည်းလမ်းတွေကို အကောင်အထည်ဖော်ြပန်လည်အသုံးချဆောင်ရွက်စေဖို့နဲ့ မိတ်ဖက်ဘဏ်တွေကနေတစ်ဆင့် အစိမ်းရောင်ဘဏ္ဍရေးဆိုင်ရာ ငွေကြေးများ ရရှိအောင်ပံ့ပိုးပေးနေပါတယ်။ မိတ်ဖက်ဘဏ်များဖြစ်တဲ့ ဧရာဝတီတောင်သူလယ်သမားတိုးတက်ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ မြန်မာနိုင်ငံသားများဘဏ်တွေကိုလည်း အစိမ်းရောင်ဘဏ္ဍရေးဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများပေးနိုင်စေရန် ကူညီပံ့ပိုးဆောင်ရွက်ပေးနေပါတယ်။
"အစိမ်းရောင်ဘဏ္ဍရေးဆိုင်ရာစည်းမျဥ်းများအရ အတိုးနှုန်းပိုနည်းပြီး ချေးငွေသက်တမ်းကိုလည်း ၃နှစ်ကနေ ၅နှစ်စတဲ့ ကာလကြာကြာပေးလို့ရနိုင်ပါတယ်” လို့ CBဘဏ်ရဲ့ SME Banking Department ရဲ့ မန်နေဂျာ စိုင်းနော်လိုင်းကပြောပါတယ်။
MABဘဏ်ရဲ့ Consumer Credit (SME) ရဲ့ ဒုတိယဥက္ကဌ ဦးအောင်ထင်အောင်ကတော့ “ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရေဆိုးသန့်စင်စွန့်ပစ်မှုစနစ်နဲ့ စွမ်းအင်ခြိုးခြံချွေတာမှုစတာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လို့ရှိရင် ရေရှည်မှာ ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်တဲ့ အကျိုးကျေးဇူးတွေရလာမှာပါ။ ဒါကြောင့် အစိမ်းရောင်ဘဏ္ဍရေးက အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေနဲ့ ဘဏ်တွေကိုရော တစ်ချိန်တည်းမှာ သဘာဝပတ်ဝန်းကျင်ကိုပါ အကျိုးရှိစေနိုင်တဲ့ “win-win” situation လိုပုံစံမျိုးပါ” လို့ရှင်းပြပေးခဲ့ပါတယ်။
“ကျွန်မသိသလောက်ပြောရရင် ကျွန်မတို့ ချေးထားပြီးတဲ့ တစ်ချို့ချေးငွေတွေဟာ ဒီအစိမ်းရောင်ဘဏ္ဍရေးကဏ္ဍအောက်ကနေအကျုံးဝင်နေပြီးသားပါ။ ဆိုလိုတာက ဒီစွမ်းအင်ခြိုးခြံချွေတာမှုနဲ့ဆိုင်တဲ့ဟာတွေ၊ တစ်ချို့ အဖျော်ယမကာလုပ်ငန်းတွေ နဲ့ သောက်ရေသန့်လုပ်ငန်းတွေဟာ ရေဆိုးသန့်စင်စွန့်ထုတ်မှုစနစ်လုပ်ဖို့အတွက် ကျွန်မတို့ဘဏ်တွေကနေ ချေးငွေတွေရယူပြီးသားပါ”လို့ MCBဘဏ်ရဲ့ SME & HP Department ရဲ့ အကြီးတန်းဒုတိယဥက္ကဌ ဒေါ် မိုးသိင်္ဂီထွန်းက ထပ်လောင်းရှင်းပြခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးအေးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ “ကျွန်တော်ကတော့ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းရှင်များအနေနဲ့ ဒီအသိပညာဗဟုသုတတွေနဲ့ ရိုးရှင်းတဲ့ အချက်အလက်တွေကို အသုံးပြုနိုင်ဖို့ မျှော်လင့်ပြီး ဒီလိုအလုပ်ရုံဆွေးနွေးပွဲမျိုးကိုလည်း ထပ်ပြီးတော့ စီစဥ်ကျင်းပပေးပါလို့တောင်းဆိုချင်ပါတယ်” လို့သူကပြောကြားသွားခဲ့ပါတယ်။

သဘာဝစီမံကိန်းကတော့ ဥရောပကမဂ္ဂကငွေကြေးအထောက်အပံ့နဲ့ SWITCH-Asia အစီအစဥ်လက်အောင်မှာ အကောင်ထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ၄င်းကိုတော့ ကမ္ဘာလုံးဆိုင်သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနဲ့ Saving Banks Foundation for International Cooperationတို့နဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။
သဘာဝစီမံကိန်းကာလတစ်လျှောက်မှာလည်း ယခုလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေကို ရန်ကုန်တွင်သာမက အခြားနေရာများမှာပါ ကျင်းပပြုလုပ်သွားမှာပါ။
MORE FROM THE FIELD