The WWF is run at a local level by the following offices...
လျှပ်စစ်စွမ်းအင်
ကိုရွှန်းစိုဦးနှင့် စကားစမြည်
ကိုရွှန်းစိုဦးက WWF-မြန်မာရဲ့ စွမ်းအင်ကဏ္ဍ အစီအစဉ်
မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။
သူဟာ ရည်မှန်းချက်အကြီးမားဆုံးသော
အစီအစဥ်တွေထဲက တစ်ခုဖြစ်တဲ့
“ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ မျှော်မှန်းချက်” ရဲ့
နောက်ကွယ်က ပုဂ္ဂိုလ်တစ်ဦးလည်း
ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက်က
မြန်မာနိုင်ငံအတွက် ၂၀၅၀ မှာ
ပြန်ပြည့်မြဲစွမ်းအင် ၁၀၀ ရာခိုင်နှုန်း
အသုံးပြုနိုင်ရေး ကြိုးပမ်းသွားဖို့ ဖြစ်ပါတယ်။
ကိုရွှန်းက ဒါကို ဖြစ်နိုင်တယ်လို့
ယုံကြည်ပါတယ်။
သူက စွမ်းအင်ကဏ္ဍဆိုင်ရာ အစီအစဉ်က
ကြိုးပမ်းနေတာတွေဟာ
ပဉ္စလက်ဆန်သလောက် တကယ်လက်တွေ့ကမ္ဘာမှာ
ဖြစ်နိုင်တဲ့ အရာတွေပါလို့
အခိုင်အမာ ခံယူထားပါတယ်။
ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းရဲ့ အဓိက ပန်းတိုင်တွေက ဘာများလဲ။
ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုက အရမ်းမြင့်ပါတယ်။ ပြောရရင် ကျွန်တော်တို့ တကယ်လိုအပ်နေတာက ယုံကြည်အားထားလောက်တဲ့ စွမ်းအင်အရင်းအမြစ် ရရှိဖို့ပါပဲ။ ဆည်တမံတွေ၊ ဓာတ်အားပေးစက်ရုံတွေ ဆောက်မယ့်အစား ကျွန်တော်တို့ တကယ်လိုအပ်တာက ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ အရင်းအမြစ်က လာတဲ့ ရေရှည်တည်တံ့မှုရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဆီက လက်ဆောင်ရထားတဲ့ အရင်းအမြစ်တွေကြောင့် ရှင်သန်နိုင်မယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့က တစ်နိုင်ငံလုံးကို သန့်ရှင်းပြီး စျေးသက်သာတဲ့ လျှပ်စစ်ဓာတ်အားကို မြန်မြန်ဆန်ဆန် ရစေချင်တာပါ။
၂၀၁၈ တုန်းက Barefoot စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျေးလက်က အိမ်ထောင်စု ၁၀၀၀ ကို နေစွမ်းအင်နဲ့ လျှပ်စစ်အလင်းပေးဖို့ ဦးတည်ကြိုးပမ်းခဲ့တာ၊ အောင်မြင်ခဲ့ပါသလား။
အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်တို့က တကယ်တော့ အိမ်ထောင်စု “၁၀၃၀” ကို ၂၀၁၈ မှာ လျှပ်စစ်အလင်းရောင် ပေးခဲ့တာပါ။ ပြီးတော့ အမျိုးသမီးကြီး ၁၆ ယောက်ကို နေရောင်ခြည်စွမ်းအင် အင်ဂျင်နီယာတွေ ဖြစ်လာအောင် သင်တန်း ပေးခဲ့ပါတယ်။ (အောက်မှ ဗီဒီယိုတွင် ကြည့်ပါ) အခုအချိန်မှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ့် နည်းလမ်းတွေ ရှာနေပါတယ်။ အဲဒီစီမံကိန်းရဲ့ အကောင်းဆုံး အပိုင်းကတော့ ကျွန်တော်တို့က အရေးကြီးတဲ့ လူမှုရေးရှုထောင့်ကနေ ကျားမတန်းတူညီမျှမှုအတွက် အမျိူးသမီးတွေကို သင်တန်းပေးနိုင်ခဲ့တာပါပဲ။
တကယ်လို့ ရည်ရွယ်ထားတဲ့ပစ်မှတ်ကို မရောက်နိုင်ခဲ့ဘူးဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ အားဖြည့်မလဲ။
တကယ်လို့ ရည်မှန်းထားတဲ့အတိုင်း ရလဒ်တွေ မရခဲ့ရင် ရန်ပုံံငွေ ပိုရှာပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရအောင် ကြိုးစားသွားမှာပါ။ စီမံကိန်းအတွက် ရင်းနှီးမြှပ်နှံမှုတွေ ပိုရဖို့ ဘဏ္ဍာရေးအဖွဲ့အစည်း အများကြီးနဲ့ ချိတ်ဆက်ပြီး လုပ်သွားမှာပါ။ ဒါပေမယ့် တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်ရှိပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ကရည်မှန်းချက်တွေဖြစ်တဲ့အိမ်ခြေတွေလျှပ်စစ်မီးပေးတာနဲ့အမျိုးသမီးအင်ဂျင်နီယာတွေကိုသင်တန်းပေးပြီးတာနဲ့ပိုမိုကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့နိုင်အောင်လုပ်ဆောင်ပါတယ်။ကျွန်တော်တို့ကအလှူရှင်ရဲ့ထောက်ပံ့ငွေကိုစောင့်တဲ့ပုံစံထက်ရလဒ်တွေပိုမိုကောင်းမွန်အောင်ကြိုတင်လုပ်ဆောင်ပြီးငွေကြေးဆိုင်ရာပုံစံငယ်ရဖို့ရည်ရွယ်ပါတယ်။
လိုအပ်တဲ့အရင်းအမြစ်နဲ့စီမံကိန်းအတွက်အစီအစဥ်ချမှတ်တဲ့အခါမှာဘယ်လိုလူတွေဒါမှဟုတ်အဖွဲ့အစည်းတွေနဲ့ဘယ်လိုအပြန်အလှန်ဆက်ဆံလဲ။အဲ့လိုဆက်ဆံမှုတွေကဘယ်လောက်အတိုင်းအတာအထိစီမံကိန်းတွေကိုလွှမ်းမိုးမှုရှိသလဲ။
သာမန်လူ့အဖွဲ့အစည်း၊ ပြန်ပြည့်မြဲစွမ်းအင်နဲ့ဆိုင်တဲ့ အဖွဲ့အစည်း၊ Spectrum၊ Climate Justiceနဲ့ တခြား ပုဂ္ဂလိကကဏ္ဍက အဖွဲ့အစည်းတွေ၊ Myanmar Eco Solutions၊ Indigo Solar စသဖြင့်ပေ့ါ...
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစိတ်တွေကို ထိခိုက်မှုမရှိတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လူ့အဖွဲ့အစည်းအနေနဲ့ကလည်း ပြည်သူ့အသံကို အစီအစဉ်တွေရေးဆွဲတဲ့နေရာတွေမှာပါ ပါဝင်စေချင်ပြီး ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့ကလည်း ဒီလိုမျိုးရေရှည်တည်တံ့တဲ့ ကဏ္ဍတွေဆီကနေ အကျိုးအမြတ်ရဖို့ကိုပိုလိုလားပါတယ်။ကျွန်တော်တို့ အားလုံးမှာ နိုင်ငံအတွင်း ပြန်ပြည့်မြဲစွမ်းအင် ပိုသုံးနိုင်လာဖို့နဲ့ လူတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်တဲ့ သင့်တော်တဲ့ စည်းမျည်းတွေ ချမှတ် ပေးနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တစ်ခု ရှိပါတယ်။ အားလုံးပါဝင် လက်လှမ်းမီနိုင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်တော်တို့ရဲ့ ဘုံမျှော်မှန်းချက်ပါပဲ။
အခုအချိန်ထိ ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းအနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေ၊ အတိုက်အခံပြုတာတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။
အခါအားလျော်စွာ အတိုက်အခံလေးတွေ တွေ့ရပါတယ်။ တစ်ခါတစ်လေကျတော့ လူတွေက လေ၊ ရေ၊ နေ စတဲ့ ပြန်ပြည့်မြဲ အရင်းအမြစ်တွေနဲ့ တစ်နိုင်ငံလုံးကို စွမ်းအင် ထောက်ပံ့ပေးနိုင်တယ်ဆိုတာကို ယုတ်တိ မရှိဘဲ ရူးကြောင်ကြောင်နိုင်တယ်လို့ ထင်ကြပါတယ်။ ပထမဆုံး ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကတော့ ပြန်ပြည့်မြဲစွမ်းအင်ကို အထောက်အကူပြုနိုင်တဲ့ လုပ်ဆောင်နိုင်စွမ်းကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့က ဆုံးဖြတ်ချက်ချရတဲ့ နေရာမှာ ရှိနေသူတွေကို ပြန်ပြည့်မြဲစွမ်းအင်ဆိုတာ ဝန်ထုတ်ဝန်ပိုးတစ်ခု မဟုတ်ပါဘူးဆိုတာ သိမြင်လာအောင် လုပ်ရတာ ခက်ပါတယ်။ ပြီးတော့ ဒီမိုကရေစီက အရမ်း အသစ်ဖြစ်နေတာကြောင့် ချေးငွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေက အဆင်သင့် ရှိမနေသေးပါဘူး။ စီမံကိန်းအသစ်တစ်ခုကို စမယ်ဆိုတိုင်း ကျွန်တော်တို့မှာ ချေးငွေရယူဖို့ ခက်ခဲတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။
ဒါတွေက အစီအစဉ်ရဲ့ အောက်ခြေအမြစ်တွေထိ လွှမ်းမိုးမှုရှိတာကြောင့် ဒီလိုစိန်ခေါ်မှုတွေက လုပ်ငန်းကို ကြီးကြီးမားမား သက်ရောက်မှု ရှိမှာပဲ။ ဒါတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းပါလဲ။
ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ပုဂ္ဂလိကကဏ္ဍနဲ့ လူထုကတစ်ဆင့် ချဉ်းကပ်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပြည်တွင်းမှာ အထောက်အပံ့တွေ မရနိုင်တာကြောင့် နိုင်ငံတကာက အကူအညီ အထောက်အပံ့ရဖို့ ကြိုးစားရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ထိခိုက်ခံစားရမှုမှာ ကျွန်တော်တို့က တတိယအဆိုးရွားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ အရမ်းအရေးကြီးတဲ့ အခြေအနေမှာ ရောက်နေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နေပါတယ်။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့က အကူအညီတွေ လိုအပ်နေတာ မှန်သလို အဲဒီအခြေအနေကြောင့်လည်း စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့ အချိန်တွေမှာ တချို့ ငွေကြေး အရင်းအမြစ်တွေဆီက ရယူသုံးစွဲနိုင်တာမျိုး ရှိပါတယ်။ ကျွန်တော်တို့က အစိုးရကို ယုံကြည်လက်ခံလာအောင် စည်းရုံးနေတဲ့ အနေအထားမှာ ရှိနေပြီး ဒါက မြန်မာနိုင်ငံတင် မဟုတ်ဘဲ နိုင်ငံအားလုံးမှာ လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။ နိုင်ငံထဲမှာရှိတဲ့ လူတွေက သမားရိုးကျ အရင်းအမြစ်တွေကို သုံးစွဲပြီး ကြီးပြင်းလာတာကြောင့် လျှပ်စစ်စွမ်းအင် အရင်းအမြစ်အသစ်ကို အသားကျဖို့ အချိန်အနည်းငယ် လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဥ်က အချိန်ယူပြီး လုပ်ဖို့ လိုအပ်ပါတယ်။
ဒီဖြစ်စဉ်ကို ထောက်ကူပေးဖို့ ဘယ်လိုခြေလှမ်းတွေကို
လုပ်ဆောင်ခဲ့သလဲ။
ပထမဆုံးအနေနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်တွေကို စီမံကိန်းရဲ့ လိုအပ်ချက်တွေအကြောင်း ယုံကြည် လက်ခံလာအောင် စည်းရုံး ရပါတယ်။ လက်ခံသဘောတူလာတဲ့ အချိန်မှာ ကျွန်တော်တို့က သတင်း အချက်အလက်နဲ့ အကူအညီတွေကို ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ စွပ်စွဲခံရတဲ့ အချက်တွေထဲက တစ်ချက်ကတော့ “အပြောသက်သက်ပါပဲ” ဆိုတာ ဖြစ်ပါတယ်။ အဲဒီလို အထင်မြင် မခံရဖို့ ကျွန်တော်တို့က ငွေကြေးအရရော နည်းပညာပိုင်းဆိုင်ရာအရပါ ပံ့ပိုးကူညီပေးတာကို စဉ်ဆက်မပြတ် လုပ်ဆောင်ပါတယ်။ ဒီလိုဖြစ်လာဖို့ ဒီနေ့အထိ နည်းလမ်း နှစ်သွယ်နဲ့ ဆောင်ရွက်နေခဲ့ပါတယ်။ အကြံပေးတစ်ယောက်က ပြည်နယ်အဆင့် ဝန်ကြီးတစ်ယောက်နဲ့ လက်တွဲလုပ်ဆောင်နေပြီး၊ စွမ်းအင်ဝန်ကြီးကိုလည်း အကြံဉာဏ် ပေးနေပါတယ်။ အခြားတစ်ယောက်ကတော့ ပြန်ပြည့်မြဲ စွမ်းအင် အရင်းအမြစ် အမျိုးမျိုးကို ဘယ်လိုလည်ပတ် အသုံးပြုနိုင်မလဲဆိုတာကို ပြည်ထောင်စုအစိုးရနဲ့ ချိတ်ဆက် လုပ်ဆောင်နေပါတယ်။
ဒီနေ့ လုပ်နေတာတွေအတွက် မောင်းနှင်အားက ဘာဖြစ်မလဲ။
ကျွန်တော်က ကျွန်တော် မမွေးခင်ကတည်းက လျှပ်စစ်မီး မကြာခဏ ဖြတ်ခံရတဲ့ မြန်မာနိင်ငံမှာ မွေးဖွား ကြီးပြင်းခဲ့တာပါ။ ကျွန်တော် မွေးဖွားခဲ့တဲ့ ရန်ကုန်မြို့မှာ လူတွေက လျှပ်စစ် ပြတ်တောက်တဲ့အခါ မျက်နှာ မဲ့ကြပါတယ်။
"လျှပ်စစ်မီးကို မသုံးစွဲဖူးတဲ့ လူဦးရေ သန်း ၃၀ ကို စဥ်းစား စိတ်ကူးလိုက်တာက ဒီနေ့ အလုပ်လုပ်ဖို့ တွန်းအား
ဖြစ်စေပါတယ်။"
အခုလုပ်နေတဲ့ အလုပ်ကို ဘယ်လိုများ တင်စားချင်ပါသလဲ။
ကျွန်တော့်အတွက်တော့ အခုလုပ်နေရတဲ့ အလုပ်က ဟော့ဂ်ဝပ် ကျောင်းတော်ကြီးမှာ အလုပ်လုပ်ရသလိုပါပဲ။ ဘာလို့လဲဆိုတော့ ပဉ္စလက်အတတ်တွေလောက်နီးနီး ခံစားမှုတွေ ရလို့ပါ။ ကျွန်တော်က လူတွေကို နေ၊ ရေနဲ့ လေကနေ လျှပ်စစ်ဓာတ်အားရအောင် ကူညီ ပေးရတာပါ။ ကျွန်တော့်အလုပ်အတွက် အဲဒါက ပျော်စရာကောင်းတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။
ဒီအစီအစဉ်အတွက် လုပ်ခဲ့တဲ့ အတွေ့အကြုံအရ ဘယ်အရာက အမှတ်တရ အဖြစ်ဆုံးလဲ။
၂၀၁၆ မှာ ကျွန်တော်တို့က ပြန်ပြည့်မြဲစွမ်းအင်နဲ့ဆိုင်တဲ့ နိုင်ငံအဆင့် အသေးစိတ် အစီရင်ခံစာကို နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီကို ပေးပို့ တင်ပြခဲ့ပါတယ်။ အတတ်ပညာရှင် အနေနဲ့ အဲဒါက ကျွန်တော်ရဲ့ အမှတ်တရ အဖြစ်ဆုံး အတွေ့အကြုံပါပဲ။ ဒုတိယတစ်ခုကတော့ ကျေးလက်ဒေသက အမျိုးသမီးကြီးတွေကို ဆိုလာအင်ဂျင်နီယာတွေ ဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တာပါပဲ။ အဲဒီအမျိုးသမီးတွေက သူတို့မိသားစုတွေနဲ့ တစ်ခါမှ မခွဲဖူးကြပေမယ့် သူတို့ ပညာသင်ယူဖို့အတွက် အိန္ဒိယကို သွားခဲ့ကြရပါတယ်။ သူတို့ထဲက တစ်ယောက်ရဲ့ အမျိုးသားက သူ့မိန်းမကို လွမ်းလို့ ညတိုင်းငိုပြီး မိန်းမနဲ့ စကားပြောရဖို့ ဖုန်းလိုင်းမိတဲ့ တောင်ထိပ်ကို လျှပ်စစ်ရအောင် သွားပြီး ဖုန်းခေါ်ပါတယ်။ အဲဒါက ကြားဖူးသမျှထဲမှာ ချစ်စရာအကောင်းဆုံး အချစ်ဇာတ်လမ်း တစ်ပုဒ်ပါပဲ။
စွမ်းအင်နှင့် ရာသီဥတုဆိုင်ရာ အစီအစဉ်အကြောင်း ပိုမိုသိရှိနိုင်ရန် ဤနေရာတွင် ကြည့်ပါ။ ကိုရွှန်းရဲ့အကြောင်း ပိုသိချင်ရင်တော့ အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။