The WWF is run at a local level by the following offices...
“သဘာဝ” စီမံကိန်း စတင်မိတ်ဆက်ခြင်း အခမ်းအနား
ပိုမိုအကျိုးထိရောက်မှုရှိအောင်မြှင့်တင်ပေးခြင်း၊ လူသားများနှင့် ပတ်ဝန်းကျင်အတွက် ပျက်စီးဆုံးရှုံးမှုနှင့် အန္တရာယ်များကို လျော့ကျစေခြင်းဖြင့် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းကဏ္ဍတွင် ညစ်ညမ်းစေမှု ပိုနည်းသော ကုန်ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်း။
ရန်ကုန်၊ ၂၉ ရက်၊ မေလ၊ ၂၀၁၈ ခုနှစ်။ ။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) သည် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) နှင့် Savings Bank Foundation for International Cooperation (SBFIC) တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ စားသောက်ကုန်နှင့် အဖျော်ယမကာ (F&B) လုပ်ငန်း နယ်ပယ်အတွက် “သဘာဝ” ဟုခေါ်သည့် ညစ်ညမ်းစေမှု ပိုနည်းသော ကုန်ထုတ်လုပ်မှုဖြစ်စေရေး စီမံကိန်းကို စတင်လိုက်သည်။
“သဘာဝ” ၏ လေးနှစ်တာစီမံကိန်းကို ဥရောပသမဂ္ဂ (EU) ၏ အာရှပစိဖိတ်ဒေသအတွင်း ရေရှည်အကျိုးစီးပွားကို မျှော်ကိုးသော စားသုံးမှုနှင့် ထုတ်လုပ်မှုအတွက် ကြိုးပမ်းလှုပ်ရှားမှု များကို SWITCH-Asia Programme မှတဆင့် ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။ “သဘာဝ” စီမံကိန်းမှ စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းကဏ္ဍ (F&B) အတွက် ရေရှည်တည်တံ့၍ ပိုမိုကောင်းမွန်သော အနာဂတ်သို့ ဦးတည်လုပ်ဆောင်လျက်ရှိသည့် အစိုးရအပါအဝင် လုပ်ငန်းနယ်ပယ် နှင့် သက်ဆိုင်သူများ အားလုံးကို အထောက်အကူပြုပေးနိုင်ရန် ရည်မှန်းထားသည်။
စီမံကိန်း စတင်လုပ်ဆောင်ခြင်း ဖွင့်ပွဲအခမ်းအနားကို မေလ ၂၉ ရက်နေ့တွင် Rose Garden ဟိုတယ်၌ ကျင်းပပြုလုပ်သွားပါသည်။F&B လုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းနယ်ပယ်အားလုံး၏ ၆၀ % ရှိပြီး နံပါတ်တစ် လုပ်ငန်းနယ်ပယ် တစ်ခု ဖြစ်သည်။ ထိုကြောင့်လည်း လုပ်ငန်းနယ်ပယ်တိုးတက်ဖွံ့ဖြိုးမှုလုပ်ဆောင်ရာတွင် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစား၍ သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားပြီး တာဝန်သိစွာ စီမံခန့်ခွဲကြရန်မှာ အထူးပင် အရေးကြီး ပါသည်။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုုင်ရာ သံအမတ်ကြီး Kristian Schmidt က “ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေကို သဘာပတ်ဝန်းကျင်နဲ့ ပိုမိုကိုက်ညီတဲ့ စိမ်းလန်းပြီး ရေရှည်အကျိုးစီးပွားကို မျှော်ကိုးတဲ့ နည်းလမ်းတွေကို ပြောင်းလဲကျင့်သုံးလာနိုင်အောင် ကူညီပေးဖို့ ကျွန်တော်တို့ “သဘာဝ” လှုပ်ရှားမှုကို စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံရဲ့ တုနှိုင်းမရတဲ့ သဘာဝအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အောင်လုပ်ဖို့ မလိုအပ်ဘူးဆိုတာကို ဒီ သဘာဝအစီအစဉ်က သက်သေပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
MFPEA မှ ဒုတိယဥက္ကဌဖြစ်သူ ဦးစိန်သောင်းဦးက “ပြည်တွင်း အသေးစား အလတ်အစားလုပ်ငန်း အများအပြားက သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုထဲမှာ ဒီသဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေကို ထည့်သွင်းလုပ်ကိုင်နိုင်ဖို့ မှန်ကန်တဲ့ နည်းပညာနဲ့ ဗဟုသုတတွေ မရှိကြပါဘူး။ လုပ်ငန်းလုပ်ဆောင်မှု နည်းလမ်းအသစ်တွေကို သင်ယူလေ့လာ ကျင့်သုံးခြင်း အားဖြင့် သဘာဝပတ်ဝန်းကျင်ကြီးကို သူရဲ့နဂိုမူလ အခြေအနေပြန်ရောက်အောင် ကူညီပေးရာရောက်ပါတယ်။” ဟု ပြောကြားခဲ့သည်။
WWF-Myanmar ၏ သဘာဝသဟဇာတစီးပွားရေးအစီအစဉ် မန်နေဂျာဖြစ်သူ Gaurav Gupta က “စက်ရုံ အလုပ်ရုံ တွေကြောင့်ဖြစ်တဲ့ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ သဘာဝရင်းမြစ်တွေကို ရေရှည်အကျိုးအတွက် မကြည့်ပဲ အသုံးပြုမှု တွေက နိုင်ငံတစ်နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေရဲ့ အမှားတွေကို သင်ယူလေ့လာပြီး အဲဒီအမှားတွေ မလုပ်မိအောင် ရှောင်ရှားနိုင်ဖို့ အခွင့်အရေး ရှိတဲ့အတွက် ညစ်ညမ်းစေမှု ပိုနည်းတဲ့ ကုန်ထုတ်လုပ်မှုစနစ်ကို အသုံးပြုပြီး နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေမှာ ရေရှည်အကျိုးစီးပွားကိုရှေးရှုတဲ့ ဖွံ့ဖြိုးတိုးတက် မှုမျိုးဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။ “သဘာဝ” စီမံကိန်းက ဒီစိမ်းလန်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို စက်မှု လုပ်ငန်းတွေအနေနဲ့ ဖော်ဆောင်ရယူနိုင်အောင် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ညစ်ညမ်းစေမှု ပိုနည်းသော ကုန်ထုတ်လုပ်မှု၏ ကနဦး ခြေလှမ်းအနေဖြင့် ထိရောက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် (EMP) ကို အသုံးချတတ်စေရန်အပါအဝင် ရေရှည်တည်တံ့ကောင်းမွန်သော လုပ်ငန်းတစ်ခု ဖြစ်လာရန် နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို သက်ဆိုင်ရာနယ်ပယ်အလိုက် လေ့ကျင့်သင်တန်းပေး သွားမည်ဖြစ်သည်။ဘဏ္ဍာငွေကြေးနှင့် ပက်သက်သော အထောက်အကူများမှသည် ရေရှည်တည်တံ့ကောင်းမွန်မှုကို ရှေးရှုသော ရေနှင့် စွမ်းအင်စီမံခန့်ခွဲမှု အလေ့အကျင့်ကို အားပေးအားမြောက်ပြုသည့် မူဝါဒများကိုပါ လေ့ကျင့် အသိပညာပေး သင်ကြားပေး သွားမည်ဖြစ်သည်။အစီအစဉ်များကိုလည်း လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်သူများ အခွင့်အလမ်းများ ပိုမိုရှာဖွေတွေ့ရှိနိုင်ရန်နှင့် ပိုမိုပူးပေါင်း ချိတ်ဆက်လုပ်ဆောင်နိုင်ကြရန် စီစဉ်ရေးဆွဲချမှတ်ထားသည်။
လက်ရှိလုပ်ဆောင်လျက်ရှိသည့် SMART Myanmar ကဲ့သို့သော ညစ်ညမ်းစေမှု ပိုနည်းသော ကုန်ထုတ်လုပ်မှု အစီအစဉ်များအပြင် “သဘာဝ” စီမံကိန်းအနေဖြင့် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းအတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ ပြည်တွင်းပညာရှင်များ နှင့် မြန်မာ့ဘဏ်လုပ်ငန်းများကဲ့သို့ စီးပွားရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းစေမည့် စီမံဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။
“သဘာဝ” စီမံကိန်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MoNREC)၊ စက်မှုဝန်ကြီးဌာန (MoI)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) တို့ကို အထောက်အပံ့ဖြစ်စေမည့်အပြင် ညစ်ညမ်းစေမှု ပိုနည်းသော ကုန်ထုတ်လုပ်မှုအတွက် ပြည်သူလူထု၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ယင်းဝန်ကြီးဌာနများနှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်သည်။
ညစ်ညမ်းစေမှု ပိုနည်းသော ကုန်ထုတ်လုပ်မှုအကြောင်း အသေးစိတ်အချက်အလက်များ ထပ်မံ သိရှိလိုပါက မမေဇော်ထက် ထံသို့ mayzay.htet@wwfgreatermekong.org သို့မဟုတ် +၉၅ ၉ ၄၄၈ ၅၄၂ ၃၇၆ ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။# # #“သဘာဝ” စီမံကိန်းအကြောင်း
ယခု စီမံကိန်း၏ အမည် "သဘာဝ" သည် စက်မှုလုပ်ငန်းများမှ အသုံးပြုနေသည့် သဘာဝနှင့် အရင်းအမြစ်များ အပေါ်တွင် ခိုင်မာသည့် ကတိကဝတ်ပြု၍ လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြသနေသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် လုပ်ငန်းလည်ပတ်မှုနည်းလမ်မျိုးကို လိုက်နာကျင့်သုံးသွားမည်ဆိုသော ကတိကဝတ်ကို ရည်ညွှန်းသည်။WWF အကြောင်း
WWF ဆိုသည်မှာ ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့ သားငှက် တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)ဥရောပ သမဂ္ဂ၏ မြန်မာနိုင်ငံအတွင်း စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့များအကြောင်း
EU မှ အစိုးရ၏ သစ်တော စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်ရေး FLEGT အစီအစဉ်နှင့် ရန်ကုန်နှင့် မန္တလေးမြို့တို့အတွက် ခေတ်သစ်မြို့ပြစီမံခန့်ခွဲမှုစီမံကိန်းများကဲ့သို့သော မြန်မာနိုင်ငံတွင်း စိမ်းလန်းသော စီးပွားရေး စနစ်အား အထောက်အပံ့ ဖြစ်စေမည့် လှုပ်ဆောင်မှုအများအပြား လုပ်ဆောင်လျက်ရှိသည်။ EU အဖွဲ့အစည်းမှ SWITCH-Asia Programme အစီအစဉ်ဖြင့် ရေရှည်အကျိုးစီးပွားကို မျှော်ကိုးသည့် စားသုံးမှုနှင့် ထုတ်လုပ်မှု စီမံကိန်းများကို အထည်ချုပ်လုပ်ငန်း နယ်ပယ်အတွက် SMART Myanmar မှတဆင့်လည်းကောင်း၊ F&B ကဏ္ဍအတွက် သဘာဝစီမံကိန်းမှတဆင့် လည်းကောင်း ရန်ပုံငွေထောက်ပံ့ပေးလျက်ရှိသည်။
MORE FROM THE FIELD