The WWF is run at a local level by the following offices...
မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား သန့်စင်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအဖြစ်သို့ တက်လှမ်းနိုင်ရန် ဥရောပသမဂ္ဂမှ ပံ့ပိုးကူညီပေးမှု
ရန်ကုန်၊ နိုဝင်ဘာလ ၁၅ရက် - မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အများဆုံးကဏ္ဍဖြစ်သည့် ၆၀% အထိရှိနေသော စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးညစ်ညမ်းမှုသည် မြန်မာနိုင်ငံရှိ ရေချိုအရင်းအမြစ် ဂေဟစနစ်အတွက် သိသိသာသာ ခြိမ်းခြောက်နေပါသည်။ ဥရောပသမဂ္ဂမှ အဆိုပါကဏ္ဍ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ရေရှည်တည်တံ့သော ရေနှင့် စွမ်းအင် စီမံခန့်ခွဲသည့် ဆောင်ရွက်ချက်များနှင့် အတူ အစိမ်းရောင် ကုန်ထုတ်လုပ်မှုဆီသို့ ဦးတည်နိုင်ရန် ပံ့ပိုးကူညီပေးနေပါသည်။
“အခုဆိုရင် တိုးတက်လာတဲ့ စက်မှုလုပ်ငန်များရဲ့ ညစ်ညမ်းမှုကနေ မြန်မာ့ထူးခြားလှပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ အဖိုးတန်လှတဲ့ မြစ်တွေကို ကြီးကြီးမားမားခြိမ်းခြောက်နေမှုကို ကာကွယ်ဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အခုလို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက ရေဆိုးသန့်စင်စနစ်ကို ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်တာကိုတွေ့ရတာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုပါ”လို့ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး Kristian Schmidtက ယနေ့ဖွင့်လှစ်တဲ့ ပြည်တွင်းနို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းတစ်ခု၏ ရေဆိုးသန့်စင်စက်ရုံဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့တွေ သဘာဝစီမံကိန်းမှ တဆင့် မြန်မာ့ စားသောက်ကုန်လုပ်ငန်း ကဏ္ဍအတွက် နည်းပညာ ပညာရှင်များကို ခေါ်ဆောင်လာနိုင်ခဲ့ပြီး သန့်စင်ကုန်ထုတ်လုပ်မှုကို ဦးတည်စေတဲ့ ခြေလှမ်းလှမ်းနိုင်အောင်လည်း ကူညီပံ့ပိုးပေးနေတာပါ” လိုလည်း ပြောကြားခဲ့ပါတယ်။
“သဘာဝ” စီမံကိန်းဆိုသည်မှာ ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးထားသော သန့်စင်ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ပေးခြင်း၊ သဘာဝအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းပေးခြင်း၊ လူသားများ၏သာယာဝေပြောရေးကို ထာက်ပံ့ပေးခြင်း၊ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ပေးခြင်းနှင့် စက်မှုလုပ်ငန်းများ၌ အန္တရာယ် ဖြစ်စေနိုင်မှုကို လျှော့ချခြင်း၊ ကုန်ကျစရိတ် လျှော့ချခြင်းနှင့် ရေနှင့် စွမ်းအင်အသုံးပြုမှု လျှော့ချခြင်း စသည်တို့ကို ကူညီပံ့ပိုးပေးနေသော စီမံကိန်းဖြစ်သည်။
ဒီကနေ့တွင် ငွေစင်ပုလဲမှ ၄င်း၏နို့ထွက်ပစ္စည်းစက်ရုံအတွက် ရေဆိုးသန့်စင်စက်ရုံကို “သဘာဝ” စီမံကိန်း၏ နည်းပညာပံ့ပိုးမှုဖြင့် စတင်လည်ပတ် လုပ်ဆောင်ခဲ့ပြီဖြစ်ပါသည်။ အဆိုပါရေဆိုးသန့်စင် စက်ရုံသည် ရေဆိုးညစ်ညမ်းမှုကိုလျှော့ချပေးမည်ဖြစ်သောကြောင့် ၄င်းစက်ရုံနှင့် အနီးအနားပတ်ဝန်းကျင်ရှိ လူထုနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ရေဆိုးအန္တရာယ် ကျရောက်မှု လျှော့ချပေးနိုင်မည်ဖြစ်သည်။
“သဘာဝ”စီမံကိန်း၏ နည်းပညာ အကူအညီဖြင့် ငွေစင်ပုလဲ နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းမှ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ “သဘာဝ” စီမံကိန်းအနေဖြင့် ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးတို့ အတွင်းရှိ စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍ၌ပါ၀င်နေသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်များ၌ သန့်စင်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သတ်သော အသိပညာများ မြှင့်တင်ပေးခြင်းနှင့် အဆိုပါ လုပ်ငန်းများမှ လုပ်ငန်း(၁၁)ခုအတွက် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရန် သင့်လျော်သော ဒီဇိုင်းနှင့် နည်းပညာ အထောက်အပံ့များကို လည်းပံ့ပိုးပေးခဲ့ပြီးဖြစ်ပါသည်။
ငွေစင်ပုလဲ နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်ဝင်းကလည်း “သဘာဝစီမံကိန်းက အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးမှုများသာမက ကျွန်တော်တို့လို စီးပွားရေး လုပ်ငန်းရှင်တွေအတွက် သန့်စင်ကုန်ထုတ်လုပ်မှုကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရာမှာ လုပ်ဆောင်နိုင်ဖို့ပါ နည်းပညာ အထောက်အပံ့တွေကိုလည်းပံ့ပိုးပေးပါတယ်။ ကျွန်တော့် အမြင်ကတော့ ဒီရေဆိုးသန့်စင်စက်ရုံတည်ဆောက်နိုင်တာက သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုကို လျှော့ချနိုင်တာရဲ့ အစပါ။ အခုတော့ ကျွန်တော့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့သာမက နိုင်ငံနဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ နိုင်ငံသားကောင်းတစ်ယောက် အနေနဲ့ပါ ဂုဏ်ယူနိုင်ပါပြီ” လို့ ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ အနေဖြင့် တခြားစီးပွားလုပ်ငန်းတွေကပါ လိုက်ပါလုပ်ဆောင်နိုင်အောင် အခုလို ငွေစင်ပုလဲ လုပ်ငန်းမှ ဦးဆောင်ခြေလှမ်း လှမ်းလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ယခုလို ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်လိုက်ခြင်းအားဖြင့် စားသောက်ကုန်နဲ့ အဖျော်ယမကာကဏ္ဍ၏ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွင်း စံနမူနာကောင်း ဥပမာတစ်ခုပဲဖြစ်ပါတယ်။ သဘာဝစီမံကိန်းအနေနဲ့ကတော့ သန့်စင်ကုန်ထုတ်လုပ်မှုကို နောက်ထပ် စားသောက်ကုန်နဲ့ အဖျော်ယမကာကဏ္ဍမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများတွင်လည်း တိုးမြှင့်ဖို့အတွက် မျှော်လင့်ပါတယ်”လို့ သဘာဝစီမံကိန်း၏ မန်နေဂျာ Ujjwal Pokhrelကပြောပါသည်။
“သဘာဝ” စီမံကိန်းအနေဖြင့် ပိုမိုထိရောက်စေရန်နှင့် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ တည်ဆောက်ဖြစ်ပေါ်လာစေရန် အစိုးရကိုလည်း ပံ့ပိုးကူညီမှုပေးပါသည်။ အထူးအားဖြင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် လုပ်ထုံးလုပ်နည်းများ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် “သဘာဝ” စီမံကိန်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်း၏ ထပ်ဆောင်းအနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ပြည်တွင်း ငွေကြေးအဖွဲ့အစည်းများ အစိမ်းရောင်ငွေကြေးဆိုင်ရာ ရွေးချယ်မှုများ ရရှိနိုင်ရေးနှင့် ပတ်သတ်သည်များကို ပံပိုးကူညီရန် အစိတ်အပိုင်း တစ်ခုအနေဖြင့်ပါဝင်ပါသည်။