What would you like to search for?

ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှုအတွက် အစိမ်းရောင် ဘဏ္ဍာရေး
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် သဘာဝ စီမံကိန်းတို့ ပူးပေါင်း၍ အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းများအတွက် အစိမ်းရောင် ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ SME center ၌ သြဂုတ်လ ၂၃ရက်နေ့ကကျင်းပခဲ့သည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အစိမ်းရောင် ဘဏ္ဍာရေး အသိပညာများ မြှင့်တင်ပေးရန်နှင့် သဘာဝစီမံကိန်းအနေဖြင့် အဆိုပါကိစ္စရပ်များအပေါ် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင်သည်များကို ရှင်းပြရန်ရည်ရွယ်၍ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ၂၀၁၉ခုနှစ် သြဂုတ်လအထိ သဘာဝစီမံကိန်း၏ အကောင်အထည်ဖော်ရေးမိတ်ဖက်အဖွဲ့အစည်းဖြစ်သော ဂျာမနီနိုင်ငံမှ Saving Banks Foundation for International Cooperation (SBFIC)မှ စီမံကိန်း၏ ပြည်တွင်းမိတ်ဖက်ဘဏ်များနှင့် ဆိုလာ၊ ဇီဝလောင်စာထုတ်လုပ်စက်နှင့် ရေဆိုးသန့်စင်စွန့်ထုတ်မှုများ ပြုလုပ်သော ကုမ္ပဏီများကို နားလည်မှုစာချွန်လွှာရေးထိုးနိုင်အောင်ပံ့ပိုးပေးခဲ့သည်။ အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းများရဲ့ ပိုမိုကောင်းမွန်သော သန့်စင်ထုတ်လုပ်မှုဆိုင်ရာအလေ့အကျင့်များကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ရန်နှင့် ဝန်ဆောင်မှုများကို ပေးနိုင်ရန်ရည်ရွယ်ပြီး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

“ သဘာဝကနေ Green loan ကနေတစ်ဆင့်ပေါ့နော်။ လုပ်ငန်းတွေဟာ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစွာနဲ့ပြောင်းလဲဆောင်ရွက်ပြီးတော့ လုပ်နိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ SME law ထဲမှာ green industry တွေ recycling ဖြစ်တာတွေကို incentive ပေးမယ်ဆိုတာ law ထဲမှာ ပြောထားတယ်။ သဘာဝ project ကနေ government ရဲ့ policy ကို support လုပ်နိုင်တာကို တွေ့ရပါတယ်။”လို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားခဲ့သည်။

သဘာဝစီမံကိန်းမှ သဘာဝနှင့်သဟဇာတဖြစ်သော ကုန်ထုတ်လုပ်မှုဆိုင်ရာ မန်နေဂျာ Ujjwal Pokhrelနှင့် သန့်စင်ကုန်ထုတ်မှုဆိုင်ရာ အရာရှိ ဒေါက်တာ မူမူဌေးတို့က စီမံကိန်း၏ အကျဉ်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို စီမံကိန်းမှ မည်သို့ ပံ့ပိုးပုံများကို အလုပ်ရုံဆွေးနွေးပွဲတွင် ရှင်းပြခဲ့သည်။ SBFICမှ အစိမ်းရောင် ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်များဖြစ်ကြသည့် Ilan Wolkov နှင့် ဒေါ်ဆုသက်ရည် တို့မှ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အစိမ်းရောင် ဘဏ္ဍာရေးအောက်မှ ချေးငွေများအကြောင်းကို ရှင်းပြခဲ့သည်။ ငွေကြေးစီဆင်းမှုအပေါ်မူတည်၍ ပေးသောချေးငွေအခြေအနေ နှင့် စီမံကိန်းမှပံ့ပိုးသော မိတ်ဖက်ဘဏ်များ ရည်ရွယ်ထားသော အပေါင်ပစ္စည်းအဖြစ်ထားရန် ထည့်သွင်းစဉ်းစား၍ရသော ခိုင်မာသော ပိုင်ဆိုင်မှု၊ ဝတ္ထုပစ္စည်းမရှိသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ချေးငှားပေးနေပုံနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းနည်းသော KfW နှင့် JICAမှ ပံ့ပိုးထားသော ချေးငွေများအကြောင်းတို့ကိုပါ ရှင်းလင်းတင်ပြခဲ့သည်။
စီမံကိန်း၏ မိတ်ဖက်ဘဏ်များဖြစ်ကြသော ဧရာဝတီတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့မှ ကိုယ်စားလှယ်များက အစိမ်းရောင် ဘဏ္ဍာရေးနှင့် ၄င်း ဝန်ဆောင်မှုကို မည်ကဲ့သို့ ရယူနိုင်ကြောင်းကို ရှင်းပြခဲ့သည်။ ချေးငွေရယူမှုလုပ်ငန်းစဉ်၊ လိုအပ်သော အထောက်အထားများနှင့် အစိမ်းရောင် ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတများကို အလုပ်ရုံဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့သည်။ သက်ဆိုင်ရာဘဏ်များ၏ အသေးစားနှင့် အလတ်စား ချေးငွေဌာနမှ ကိုယ်စားလှယ်များကလည်း စီးပွားရေးလုပ်ငန်းရှင်များ ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် အစိမ်းရောင် ဘဏ္ဍာရေးဆိုင်ရာအခွင့်အလမ်းများကိုဆွေးနွေးခဲ့သည်။ မိတ်ဖက်ဘဏ်များကလည်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်သာမက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် သီးခြားဆွေးနွေးရန်လည်း စိတ်ပါဝင်စားမှုများရှိခဲ့သည်။

“အဓိကကတော့ ရှိပြီးသားလုပ်ငန်းမှာ စွမ်းအင်ချွေတာတဲ့လုပ်ငန်းစဉ်အတွက် ဆိုလာတပ်ပြီးတော့ သုံးချင်တယ်။ အဲ့လို လုပ်ငန်းတွေအတွက်ဆိုရင် လည်းရတယ်။ အဓိကက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာတွေလျော့နည်းစေတဲ့ လုပ်ငန်းတွေ၊ ရေဆိုးသန့်စင်တဲ့ဟာတွေ၊ ဒါမှမဟုတ် ဆိုလာတပ်မှမဟုတ်ဘူး မီးချောင်းပြည့် မီးလုံးပြည့်တပ်ထား တာကို LED မီးလုံးတွေပြောင်းတပ်ချင်တယ်ဆိုတဲ့ ချွေတာတဲ့ လုပ်ငန်းထဲမှာ ပါတယ်။ နောက်ပြီးရေဆိုးသန့်စင်တဲ့လုပ်ငန်းတွေမှာ သန့်စင်တာပဲဖြစ်ဖြစ် တခြားနည်းပညာတွေလောင်စာချွေတာတဲ့ဟာတွေ မှာ သုံးချင်တယ်ဆိုလည်းရပါတယ်” လို့ ဧရာဝတီတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အသေးစားနှင့် အလတ်စား ချေးငွေဌာနမှ အကြီးအကဲ ဦးစောဟန်တာဝင်းရဲမှ ပြောကြားခဲ့သည်။

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိတ်ဖက်ဘဏ်များမှ ကိုယ်စားလှယ်များ၊ စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍအပါအဝင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များနှင့် အစိမ်းရောင်နည်းပညာဆိုင်ရာ ထောက်ပံ့ ပံ့ပိုးပေးနိုင်သော ကုမ္ပဏီများက အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။
စီးပွားရေးလုပ်ငန်းများ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ဘဏ်များမှ ထောက်ပံ့ပေးနိုင်သော အစိမ်းရောင် ဘဏ္ဍာရေးအောက်မှ ရရှိနိုင်သော ချေးငွေများအကြောင်းကို တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များမှ ဆွေးနွေးခဲ့သည်။

“ပထမတော့ green financing ဘာမှန်းမသိဘူး။ နောက်တော့ တကယ် environmental safety အတွက်ကိုလုပ်ပေးတာဖြစ်တဲ့ အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေပေါင်းပြီးလုပ်တာဖြစ်တဲ့ အတွက် လိုအပ်နေတဲ့သူတွေအတွက်တော့ အရမ်းကောင်းပါတယ်” လို့ Great Nature traditional fruit juice မှ ပိုင်ရှင် ဒေါ်အေးသီတာအောင်က ပြောကြားခဲ့ပါသည်။

သဘာဝစီမံကိန်းကို ဥရောသမဂ္ဂ၏ SWITCH-Asia အစီအစဉ်မှ ရန်ပုံငွေပံ့ပိုးပေးထားပါသည်။ ရေဆိုးသန့်စင်စွန့်ထုတ်မှု စနစ်၊ စွမ်းအင်ထိရောက်စွာ အသုံးပြုမှုနှင့် ပြန်ပြည့်မြဲ စွမ်းအင် ကဏ္ဍများကို မြှင့်တင်ခြင်းအားဖြင့် စားသောက်ကုန်နှင့်အဖျော်ယမကာ ကဏ္ဍအတွင်းရှိ သန့်စင်ကုန်ထုတ်လုပ်မှုများကို ပံပိုးပေးသည်။ သန့်စင်ကုန်ထုတ်လုပ်မှုကို ဦးစားပေးသော ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးသော ငွေကြေးအဖွဲ့အစည်းများကို ပံ့ပိုးကူညီပါသည်။
MORE FROM THE FIELD