The WWF is run at a local level by the following offices...
လျှပ်စစ်သွယ်တန်းမှုကို မျောက်လွှဲကျော်များနှင့် သဟဇာတဖြစ်စေခြင်း
မြန်မာနိုင်ငံ တောင်ဘက်ပိုင်းက ဝေးလံတဲ့ ကျေးရွာလေးတစ်ရွာမှာ မျောက်လွှဲကျော် တစ်ကောင်ဟာ အသစ်တပ်ဆင်ထားတဲ့ ဓာတ်အားလိုင်းတွေကြား လွှဲရမ်း ကစားနေပါတယ်။ သူ မသိရှာတာကတော့ ဓာတ်အားလိုင်းတွေက သူတို့အတွက် ဓာတ်လိုက်ပြီး သေစေနိုင်တဲ့ ထောင်ချောက်တွေဆိုတာပါပဲ။
ဒီရွာလေးမှာ မျိုးသုဉ်းလုနီး ရှားပါး မျောက်လွှဲကျော် အုပ်စု ဆယ်ခုလောက်ဟာ ရွာသားတွေနဲ့ တစ်ရင်းတစ်နှီးနေခဲ့တာဆိုရင်မျိူးရိုးစဥ်ဆက်နှစ်၂၀၀ ကျော်လောက် ရှိပြီလို့ လူကြီးသူမတွေရဲ့ ပြောစကားအရ သိရပါတယ်။ ဒီလို အံ့သြဖို့ကောင်းတဲ့ အတူတကွ ယှဥ်တွဲနေထိုင်မှုမှာ မျောက်လွှဲကျော်နဲ့ ရွာသားတွေဟာ အချင်းချင်း ကူညီရိုင်းပင်းကြတယ်လို့ အရင်ကရွာသူကြီးလုပ်ခဲ့တဲ့ မန်းဝင်းဘိုက ရှင်းပြပါတယ်။ တကယ်လို့ မျောက်လွဲကျော်တွေက နှစ်ရက်လောက် တစ်ဆက်တည်း တိတ်ဆိတ်နေပြီဆိုရင် မလိုလားအပ်တဲ့ သူစိမ်းတွေ ရွာထဲဝင်ရောက်လာတာ၊ ရာသီဥတု ဖောက်ပြန်တာ ဒါမှမဟုတ် ကူးစက်ရောဂါ ပြန့်ပွားတာတွေ ဖြစ်နိုင်တဲ့ မကောင်းတဲ့ နိမိတ်ကိုပြတယ်လို့ ဆိုပါတယ်။ မျောက်လွှဲကျော်တွေဟာ ရွာရဲ့လူမှုဘဝကို ပြည့်စုံစေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဒေသအများစုဟာ လျှပ်စစ်ကို အထူးလိုနေတာ အများသိပြီး ဖြစ်ပါတယ်။ မကြာခင်မှာ လျှပ်စစ်ဓာတ်အား ပို့လွှတ်တော့မယ့် ဓာတ်အားလိုင်းတွေပေါ်မှာ နားမလည်ရှာဘဲ ဆော့ကစားနေတဲ့ မျောက်လွှဲကျော်တွေကို မြင်ရတာ ဒေသခံတွေတွေအတွက် စိတ်ပူပန်စရာ ဖြစ်နေပါတယ်။ အဲ့ဒီကြိုးတွေကို လျှပ်ကာ မအုပ်ထားပါဘူး။ အဲ့တာက တောရိုင်းတိရစ္ဆာန်တွေအတွက် သေစေနိုင်တဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်နေပါတယ်။ အနီးအနားက ရွာတစ်ရွာမှာဆိုရင် မျောက်လွှဲကျော်သုံးကောင်ဟာ ဓာတ်လိုက်လို့ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ တစ်ကောင်မှာ လက်တစ်ဖက် ဆုံးရှုံးပြီး တမြည့်မြည့်နဲ့ နာကျည်ခံစားပြီး သေဆုံးခဲ့ရပါတယ်။
“ဓာတ်ကြိုးတွေ သွယ်တန်းလိုက်တာကို ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မျောက်လွှဲကျော်တွေအတွက် အန္တရာယ်ဖြစ်မှာကို စိတ်ပူပါတယ်။ မျောက်လွှဲကျော်တွေက ကျွန်တော်တို့ကို ဘယ်တော့မှ အန္တရာယ်မပေးခဲ့ပါဘူး။ ကျွန်တော်တို့က သူတို့ကို တမင်တကာဖြစ်ဖြစ် မတော်တဆဖြစ်ဖြစ် နာကျင်အောင် လုပ်မိရင် မကောင်းတာတွေ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က သူတို့ကို ဘေးကင်းစေချင်ပါတယ်။” လို့ ရွာသားတစ်ဦးဖြစ်တဲ့ မန်းစိန်မြင့်က သူ့ရဲ့စိုးရိမ်မှုကို ပြောပြခဲ့ပါတယ်
“ဓာတ်အားလိုင်းတွေ သွယ်တန်းပြီးတာနဲ့ မျောက်လွှဲကျော်တွေက စပြီး တွယ်တက်ကြတော့တာပါပဲ။ အဲ့အချိန်ကတည်းက မျောက်လွှဲကျော်တွေ ဓာတ်လိုက်ပြီး သေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သတိထားမိတာပါ။” လို့ အခြေအနေကို အစတည်းက စောင့်ကြည့်နေတဲ့ မန်းဝင်းဘိုက ပြောပါတယ်။
အစိုးရက ကျေးလက်ဒေသတွေ လျှပ်စစ်ဓာတ်အား ရရှိနိုင်အောင် လုပ်ဆောင်နေချိန်ဖြစ်လို့ တစ်ခြားဒေသတွေက တောရိုင်းတိရစ္ဆာန်တွေလည်း ဒီအန္တရာယ်ကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ အာရှဒေသအဝှမ်းမှာ မျောက်လွှဲကျော်လက်ဖြူတွေဟာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ကယ်တော့ မျောက်လွှဲကျော်တွေဟာ မျောက်မျိုးနွယ်စုတွေထဲမှာ မျိုးသုဉ်းနိုင်ခြေ အမြင့်ဆုံး မျိုးစိတ်ဖြစ်ပါတယ်။ သူတို့နေထိုင်တဲ့ သစ်တောတွေကို ပိုမိုကာကွယ်ပေးဖို့ လိုအပ်ပြီးတော့ အစတည်းက အားနည်းတဲ့မျိုးစိတ်တွေကို လျှပ်စစ်ဓာတ်အားကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ လျစ်လျူမရှုနိုင်ပါဘူး။ ကံကောင်းစွာပဲ အဲ့ဒီပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်း ရှိပါတယ်။ လျှပ်ကာအုပ်ထားတဲ့ ဓာတ်ကြိုးတွေ သုံးမယ်ဆိုရင် မျောက်လွှဲကျော်တွေ တွယ်တက်တဲ့အခါ ဘေးကင်းစေနိုင်ပါတယ်။ WWF၊ KWCI နဲ့ Wildlife Asia တို့က ၀.၆၅ မိုင်ရှည်တဲ့ ဓာတ်အားလိုင်းကို လျှပ်ကာအုပ်ထားတဲ့ ဓာတ်ကြိုးတွေနဲ့ လဲလှယ်တပ်ဆင်ဖို့ အတူတကွ လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒေသခံနဲ့ တောရိုင်းတိရစ္ဆာန်တွေ အတူတကွ နေထိုင်တဲ့ဒေသက တပ်ဆင်ပြီးတဲ့ ဓာတ်အားလိုင်းတွေမှာလည်း ဓာတ်မလိုက်အောင် လျှပ်ကာအုပ်ထားတဲ့ ဓာတ်ကြိုးတွေနဲ့ အစားထိုး ပြန်လည်တပ်ပေးဖို့ လိုပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေရှိတယ်ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းမစခင်မှာ သေချာစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်တွေရှိတဲ့ ဒေသမှာ လျှပ်ကာပါတဲ့ ဓာတ်အားကြိုးတွေပဲသုံးဖို့ အစိုးရနဲ့ သဘောတူညီမှုယူဖို့ လိုအပ်ပါတယ်။ ဒီလိုစီမံချက်နဲ့ စတင်လုပ်ဆောင်ရင်မြန်မာက လျှပ်စစ်သွယ်တန်းမှု ခရီးမှာ တန်ဖိုးရှိတဲ့အရာတွေကို မထိခိုက်စေဘဲ ဆက်လက်လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ထိုအချိန်မှာ မန်းဝင်းဘိုက သူ့ကျေးရွာအနီးမှာရှိတဲ့ မျောက်လွှဲကျော်တွေအတွက် အဖြေကို ရှာဖွေနေပါတယ်။ “မျောက်လွှဲကျော်တွေကို သဘာဝအတိုင်း သူတို့နေရာမှာ ပြန်နေနိုင်အောင် ကျွန်တော်တို့က ပတ်ဝန်းကျင်က သစ်တောတွေကို နဂိုအတိုင်း ပြန်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့က ဓာတ်အားလိုင်းတွေနဲ့ ထိနေတဲ့ သစ်ပင်တွေကို သေသေသပ်သပ်ဖြစ်အောင်လုပ်ပြီး မျောက်လွှဲကျော်တွေ အလွယ်တကူ ကူးသွားနိုင်အောင် လုပ်ပေးဖို့လိုပါတယ်။ဓာတ်အားလိုင်းတွေကြောင့် သူတို့ သေရမယ်ဆိုရင် အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျွန်တော်တို့က အချိန်အကြာကြီး တူတူနေခဲ့တာပါ”လို့ သူက ပြောပါတယ်။ သူတို့ နောက်ထပ်အချိန်အကြာကြီး ဆက်နေနိုင်ဖို့လည်း မျှော်လင့်ပါတယ်။