The WWF is run at a local level by the following offices...
တောရိုင်းတိရစ္ဆာန်စူပါဈေး
မိုင်းလားမြို့... မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံတို့ အကြား အစိုးရဩဇာ သက်ရောက်ခြင်း မရှိသည့် နယ်စပ်မြို့ တစ်မြို့... ဆင်သားရေ များကို ကီလိုချိန်ဖြင့် ရောင်းချသည့် နေရာဟုလည်း ဆိုနိုင်သည်။
ကျွန်ုပ်တို့၏ သားငှက် တရားမဝင် ကုန်သွယ်မှုဆိုင်ရာ ပညာရှင်သည် ဤဒေသသို့ သွား၍ ရောင်းချနေသည့် အကောင်များနှင့် အစိတ်အပိုင်းများ၏ အမျိုးအစားနှင့် ပမာဏကို သိရှိရန် အယောင်ဆောင် စစ်တမ်းကောက်ယူမှု ပြုခဲ့သည်။
ဤဓာတ်ပုံများသည် သူမ၏ အိုင်ဖုန်းဖြင့် ရိုက်ယူလာခဲ့သော တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့် ကျား လက်ဖဝါးများ၊ သင်းခွေချပ် အကြေးခွံအိတ်များ၊ ဝက်ဝံသည်းခြေများ၊ ဆတ်ချိုများနှင့် အင်းကျားများ၏ သားရေနှင့် ဦးခေါင်းခွံများ ဖြစ်ပါသည်။ ဤနေရာတွင် မျောက်မောင်းမ လက်ဖဝါးမှ လုပ်သည့် သော့ချိတ်များနှင့် သံချေးတက်နေသည့် လှောင်အိမ်နှင့် သံကြိုးချည်ခံထားရသော စွန်ရဲများကိုလည်း တွေ့နိုင်သည်။ ဤတိရစ္ဆာန် အများစုကို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သော်လည်း အာဖရိက ဆင်စွယ်၊ ခြင်္သေ့နှင့် ဆိုင်ဂါသမင် အစိတ်အပိုင်းများကဲ့သော အချို့အရာများမှာမူ ကမ္ဘာ့တိုက်ကြီးများ ဖြတ်ကျော် သယ်ဆောင်၍ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။
မိုင်းလားကို အယောင်ဆောင် ဝင်ရောက်လေ့လာရတာ ဘယ်လိုများ နေမလဲ။
မိုင်းလားက ဒီဧရိယာရဲ့ သားငှက်တိရစ္ဆာန် တရားမဝင် ဈေးကွက်တွေထဲက တစ်ခုပဲ ဆိုပေမယ့် ဒါက အကြီးဆုံးလို့ ထင်ပါတယ်။ ၂၀၁၅ ခုနှစ်က သွားခဲ့စဉ်ကထက် ပမာဏ ပိုများလာသလို၊ ဆိုင်ရှင်တွေကလည်း ပိုသတိရှိလာတယ်။ မိုင်းလားက ခုဆို အင်တာနက်မှာ လူသိများလာတော့ သတိထားလာတယ်။ အရင်လို ဓာတ်ပုံရိုက်ယူဖို့ မလွယ်တော့ဘူး။
မေး - ဘယ်လို အယောင်ဆောင်ခဲ့လဲ။
တစ်ခါတစ်လေလည်း ကိုယ့်သူဌေးအတွက် ပစ္စည်းလာရှာတဲ့ “ကြားပွဲစား” အယောင်ဆောင်တယ်၊ အဲဒီအခါ “သူဌေးကို ပြန်ပြောပြရမှာ” ဆိုပြီး ဈေးမေး ဓာတ်ပုံရိုက်ယူလို့ ရတယ်။ ကျန်တဲ့အချိန်တွေ မှာတော့ ကိုယ်တိုင် “သူဌေး” လုပ်ပြီး ဝယ်ဖို့ရှာဟန် ဆောင်ရတယ်။ တစ်ခါမှတော့ မဝယ်ဘူးပေါ့။
မေး - အန္တရာယ် မများဘူးလား။
များတာပေါ့၊ အဲဒီမှာ ဥပဒေ စိုးမိုးမှု မရှိဘူးလေ။ တစ်ရက်ဆို ကျွန်မနောက်ကို ယောကျ်ားတစ်ယောက် အော်ဟစ်ပြီး ပြေးလိုက်တာ ခံရဖူးတယ်။ သူက ကျွန်မ သူ့ဆိုင်ကို ဓာတ်ပုံရိုက်တယ်လို့ ထင်သွားပုံပဲ။ အခြေအနေ တည်ငြိမ်သွားအောင် ဆယ်မိနစ်လောက် ဖြေရှင်းလိုက်ရပြီး နောက်တော့ ကံကောင်းလို့ သူက ကျွန်မကို တိုးရစ်တစ်ယောက် သက်သက်ပဲလို့ ယုံကြည်သွားပြီး ဓာတ်ပုံတွေ ကို Facebook မတင်ဖို့ ပြောပါတယ်။ အဲဒီမိနစ်ပိုင်းအတွင်းမှာ ဘာတွေ ဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်မတို့ မတွေးရဲအောင်ပဲ။
မေး - ကိုယ့်အလုပ်တာဝန်မှာ အခက်ခဲဆုံး အပိုင်းက ဘာလဲ။
ရွှေတြိဂံ ဒေသမှာ အမျိုးအစား စုံစုံ လင်လင် ကျယ်ကျယ်ပြန့်ပြန့် ကုန်သွယ်နေကြတာကို မျက်မြင် တွေ့ကြုံ ရတာပါပဲ။ အံ့ဩလွန်းလို့ ကြက်သေ သေသွားတယ်။ မြန်မာနိုင်ငံထဲက တောရိုင်းတိရစ္ဆာန် ကုန်စည်တွေ တရားမဝင် ရောင်းတဲ့ ဈေးကွက်တွေကိုလည်း ရောက်ဖူးပေမယ့် ဒီလို ရောင်းဝယ်တာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ အဲဒီက လူတွေကတော့ ပုံမှန်အတိုင်းပဲ လမ်းလျှောက် ကြည့်နေကြတာပါပဲ။
မေး - ဒါကို ဘယ်လို တားဆီးကြမလဲ။
အဲဒီမှာ ရောင်းဝယ်နေကြတဲ့ တိရစ္ဆာန် အများစုကို မြန်မာနိုင်ငံထဲကပဲ ဖမ်းကြတာမို့ ဥပဒေ စိုးမိုးမှု မြှင့်တင်ပြီး ကာကွယ်ပေးဖို့ လိုပါတယ်။ ပြီးရင်တော့ ဒီဈေးကွက်တွေ ကို ပိတ်သိမ်းရပါမယ်။ မြန်မာနိုင်ငံထဲက အရင်စတင်ပြီး ရွှေတြိဂံဒေသကြီး တစ်ခုလုံးကနေ ရှင်းပစ်နိုင်ဖို့ မျှော်လင့်ပါတယ်။