What would you like to search for?

မြန်မာ့ ဆိုလာစွမ်းအင် သူရဲကောင်း အမျိုးသမီးများ

မြန်မာ့ ကျေးလက်ဒေသမှ အမျိုးသမီးများနှင့် ကျေးရွာ ဘဝများကို မြှင့်တင်ပေးခြင်း

နေမင်းကြီးက ကမ္ဘာ့ အနောက်ဘက်ခြမ်းကို ဝင်သွားတဲ့အချိန်မှာ ကောင်းကင်ဟာ စတင် တောက်ပ လာပါတော့တယ်။ ညအချိန် ရောက်လာတဲ့ အခါမှာတော့ အလင်းတန်းတွေရဲ့ တောက်ပမှုက ခေတ်မီ တိုးတက်နေတဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေပါတယ်။

ကမ္ဘာ့ရဲ့ တစ်ခြား တစ်ဖက်ခြမ်းမှာလည်း မတူခြားနားတဲ့အရာတွေ ဖြစ်ပေါ်နေပါတယ်။

မြန်မာနဲ့ သူ့ရဲ့ကျယ်ပြန့်တဲ့ သစ်တောဖုံးလွှမ်းဒေသက အမှောင်ထုထဲကိုကူးပြောင်းလာပြီး တောတောင်ရေမြေကလည်း သံစုံတေးသွားနဲ့အတူ နိုးထ လာပါတော့တယ်။ အင်းဆက်တွေ၊ ငှက်တွေရဲ့ အသံနဲ့အတူ အာရှဆင်ထီး တစ်ကောင်ရဲ့ ဖြေးဖြေးမှန်မှန် လျှောက်လှမ်းတဲ့ ခြေသံကို မလှမ်းမကမ်းက ကြားနေရပါတယ်။

တောတွင်းနေရာလေးတစ်ခုမှာတော့ အမျိုးသမီးတစ်ဦးက ကြိမ်ခုံပေါ်ကို လှမ်းတက်လိုက်ပါတယ်။ တစ်ခုခုကို အာရုံစိုက်နေပြီး လက်ထဲမှာလည်း ဝက်အူလှည့် ကိုင်ထားပါတယ် သူမက အိမ်ရဲ့ဝါးထရံက ပလပ်စတစ်ဘူးကို ခိုင်မာအောင် နောက်ဆုံး မူလီတစ်လုံးကို ကြပ်နေပါတယ်။ ပြီးနောက် အောက်ကိုဆင်းပြီး ခလုတ် သေးသေးလေးကို နှိပ်လိုက်ပါတယ်။

“အလုပ်ဖြစ်သား” လို့ ရိုးရှင်းတဲ့ အပြုံးလေးနဲ့ ဗမာလို ပြောလိုက်ပါတယ်။ သူမကတော့ နော်ရိုးလေးပါ။ ဟင်းကပိဆိုတဲ့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံကြား နယ်စပ်ကို ခွလျှက်တည်ရှိနေတဲ့ တောင်တန်းဒေသတွင်း ကျေးရွာလေးတစ်ခုက ကလေးနှစ်ယောက်ရဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ နော်ရိုးလေးက သူမရွာမှာ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး အလင်းပေးတဲ့ မီးသီးကို တပ်ဆင်နေတာပါ။ ပြီးတော့ သူ့ရဲ့ မိသားစုနဲ့ ရပ်ရွာအတွက် အခွင့်အလမ်း ခေတ်သစ်အစကို မှတ်ကျောက်ထူခဲ့တာပါ။

စွမ်းအင်ပြဿနာ

ကမ္ဘာအဝှမ်းမှာ ၁.၇ ဘီလီယံသော လူဦးရေဟာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခြင်း မရှိဘဲ နေထိုင်နေကြရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒါက လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်း ရှိပြီး အများစုက ကျေးလက်တောရွာမှာ နေထိုင်ကြသူတွေပါ။ ဒီဒေသတွေဆီ ပင်မဓာတ်အားလိုင်းကို တိုးချဲ့တာက ကုန်ကျစရိတ် ကြီးမားပြီး ခက်ခဲတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်းစွမ်းအင်ကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ အဲ့ဒါသာမရှိရင် တိုုင်းပြည်ရဲ့ကျန်တဲ့နေရာက အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်မှုရဲ့ မခန့်မှန်းနိုင်တဲ့အဆင့်ကို ခုန်တက်သွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ လူနေမှုအသိုင်းအဝိုင်းက နောက်မှာကျန်ခဲ့မှာ ဖြစ်ပါတယ်။


WWFရဲ့ စွမ်းအင်မန်နေဂျာ ကိုရွှန်းစိုဦးက “ပညာရေး၊အသေးစားစီးပွားရေးလုပ်ငန်းများ၊ဆေးပညာ ဒါတွေအားလုံးကို လျှပ်စစ်စွမ်းအင်က ဖြစ်မြောက်စေတာပါ” လို့ပြောပါတယ်။

ရွှန်းက ၂၀၁၅မှာ WWF-မြန်မာကို ဝင်ရောက်ခဲ့ပါတယ်။ သူရဲ့ တာဝန်ကတော့ နိုင်ငံအဝှမ်း ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အစီအစဉ်တစ်ခု ဖြစ်မြောက်လာအောင် လုပ်ဆောင်ပေးဖို့အပြင် ကျေးလက်ဒေသတွေအတွက် လူမှုအသိုင်းအဝိုင်းပုံစံ တည်ထောင်နိုင်ဖို့ ဖြစ်ပါတယ်။ အိုင်ဒီယာက မြန်မာနိုင်ငံ လူဦးရေအားလုံးကို ပြန်ပြည့်မြဲစွမ်းအင်ကို ရရှိသုံးစွဲနိုင်စေပြီး မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်တွေ ဆက်လက်ပျက်စီးနေတာကို ရှောင်ရှားသွားနိုင်ဖို့ပါ။

ဒီရည်မှန်းချက် အကောင်အထည်ဖော်နိုင်အောင် WWF အနေနဲ့ နိုင်ငံတော်အဆင့်မှာရော ကွင်းဆင်းအဆင့်မှာပါ လုပ်ဆောင်နေပါတယ်။

အကျိုးများစေတဲ့ခရီး

၂၀၁၇ ခုနှစ်အစပိုင်းမှာ မြန်မာကျေးလက်ဒေသက ရွာသုံးရွာက အမျိုးသမီး ငါးဦးက ပထမဦးဆုံးအကြိမ် လေယာဉ် စစီးခဲ့ပါတယ်။ သူတို့က ကမ္ဘာအရပ်ရပ်က တခြားအမျိုးသမီးတွေနဲ့ တွေ့ဆုံပြီး အတူတကွ နေရောင်ခြည်စွမ်းအင်သုံး အင်ဂျင်နီယာတွေ ဖြစ်လာအောင် လေ့ကျင့်သင်ယူဖို့ အိန္ဒိယက Barefoot ကောလိပ်ကို ဦးတည်ခဲ့ပါတယ်။ သူတို့တွေက လူတိုင်း နားလည်နိုင်တဲ့ ဘာသာစကားတွေဖြစ်တဲ့ အရောင် သင်္ကေတ၊ ရုပ်ပုံအညွှန်းတွေနဲ့ အကြိမ်ကြိမ် အဖန်ဖန် လေ့ကျင့်မှုတွေကို အသုံးပြုပြီး အိမ်သုံးဆိုလာစနစ်တွေကို တည်ဆောက်၊ တပ်ဆင်၊ ထိန်သိမ်းပြီး ပြင်ဆင်ပုံတွေကို သင်ယူခဲ့ပါတယ်။


"ကျွန်မတို့တွေ ဆားကစ်တွေနဲ့ စက်အမျိုးမျိုးအကြောင်းကို သင်ခဲ့ရပါတယ်။ ပြီးတော့ ကျန်းမာရေးပိုင်ဆိုင်ရာနဲ့ မီးဖိုလိုမျိုး အသုံးဝင်တဲ့အရာတွေကို ဘယ်လို တည်ဆောက်မလဲ ဆိုတာကိုပါ သင်ခဲ့ရပါတယ်။ ကျွန်မက အရင်က ခင်ပွန်းနဲ့ တစ်ရက်ထက်ပိုပြီးတောင် ခွဲမနေဖူးတာကြောင့် သူ့ကိုတအားသတိရပါတယ်။ ဒါပေမယ့် ရပ်ရွာကို လျှပ်စစ်မီးရအောင် လုပ်ဆောင်နိုင်ခဲ့တာမို့ ထိုက်တန်ပါတယ်” လို့ Barefoot ကောလိပ်မှာ ပညာသင်ယူဖို့ အိန္ဒိယ သွားရောက်ခဲ့တဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ မစန်းမော်က ပြောပါတယ်။

 Ma San Maw sets up a solar panel at one of the village homes.
“We have always had to worry about things like snakes when the light goes out. Now we can cook and sew without being scared.”
© Hkun Lat/WWF-Myanmar
ကျေးရွာ နေအိမ်တစ်လုံးတွင် ဆိုလာပြား တပ်ဆင်နေသည့် မစန်းမော်။
"အရင်က မှောင်ပြီဆိုရင် မြွေပါးကင်းပါး အမြဲ ကြောက်ခဲ့ရတယ်။ အခုတော့ ဘာမှ ကြောက်စရာ မလိုဘဲ ချက်ပြုတ်နိုင်၊ စက်ချုပ်နိုင်ပြီ။"

၂၀၁၇ အောက်တိုဘာလမှာ အိမ်ကနေ မိုင်ထောင်ပေါင်းများစွာ အချိန်ခြောက်လနီးပါး ဝေးနေရာက ("ထူးဆန်းတဲ့ အစားအစာတွေ စားရဝာာရောပဲ" လို့ မစန်းမော်က ရယ်ရင်းပြောပါတယ်) နောက်ဆုံးမှာတော့ ဒီအမျိုးသမီးတွေ အိမ်ပြန်ကြရပါပြီ။ ပြန်လည်ပေါင်းစည်း တွေ့ဆုံမှုက ကြည်နူးစရာကောင်းလွန်ပါတယ် - ထွေးပွေ့မှုတွေ၊ အပြုံးတွေက မျက်ရည်တွေက ညီတူညီမျှပါပဲ။

“အမေ့ကို အရမ်းလွမ်းတာပဲ။ ဒါပေမဲ့ အဖေက ပိုလို့တောင် ဝမ်းနည်းနေတာပေ့ါ။ နေ့တိုင်းလိုလို အမေ့ကို ဖုန်းဆက်ဖို့ ဖုန်းလိုင်းမိတဲ့ တောင်ထိပ်ကို တက်ရပါတယ်။ အမေပြန်လာတော့ အဖေ အရမ်းကိုပျော်နေမှာပဲ။ " လို့ Barefoot ကောလိပ်မှာ ပညာသင်ခဲ့တဲ့ နော်ရိုးလေးရဲ့ သမီးအကြီးဆုံးက ပြောပါတယ်။ "ကျွန်တော့မိန်းမ နောက်ဆုံးတော့ပြန်လာပါပြီ။ ပြီးတော့ ရပ်ရွာတစ်ခုလုံးအတွက် လျှပ်စစ်မီးကိုလည်း ယူလာပါတယ်။ သူ့အတွက်အရမ်းကိုဂုဏ်ယူပါတယ် " လို့ နော်ရိုးလေးရဲ့ ခင်ပွန်းက ထပ်ပြောပါတယ်။

အလင်းရောင်မရှိခင်ကဘဝ

နောက်နေ့မနက် စောစောမှာတော့ မစန်းမော်က တခြားနှစ်ဦးနဲ့အတူ ကြမ်းပေါ်မှာ ထိုင်နေပါတယ်။ WWF စွမ်းအင်အဖွဲ့က အိမ်သုံးဆိုလာစနစ်တွေနဲ့ ဆိုလာမီးအိမ်တွေ ထည့်ထားတဲ့ သေတ္တာတွေကို လာရောက်ပေးအပ်သွားပါတယ်။ ရပ်ရွာက စုပေါင်းထည့်ဝင်ထားတဲ့ ရန်ပုံငွေနဲ့ အသစ်ဆောက်ထားတဲ့ အမျိုးသမီးတွေရဲ့ အလုပ်ရုံ အတွင်း ပတ်ပတ်လည်မှာ သေတ္တာပုံတွေကို စီကြပါတယ်။ ဒီပိုက်ဆံက အမျိုးသမီးတစ်ဦးချင်းစီအတွက်လည်း လစာအဖြစ် လုံလောက်အောင် ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီပိုက်ဆံတွေက တစ်ချိန်တုန်းက စျေးကြီးပြီးအရည်အသွေးနိမ့်တဲ့ မီးစက်ရဲ့ ဒီဇယ်အတွက် သုံးစွဲခဲ့ကြတာပါ။ မနက်ခင်း နေရောင်ခြည်က သစ်သားပျဉ်ချပ်တွေကြားက နေဖြာကျလာချိန်မှာတော့ အမျိုးသမီးက စကားပြောရင်း သွက်လက်ကျွမ်းကျင်တဲ့ လက်ချောင်းတွေက ကြေးနန်းကြိုး ပလစ်စတစ်အခွံကို ခွာလိုက်ပါတယ်။

"ကျွန်မတို့ ဒီမှာနေတာ အခက်အခဲတွေ အများကြီး ရှိတယ်။ ဖယောင်းတိုင်မီးက အမြဲ ငြိမ်းငြိမ်းသွားလို့ ကလေးတွေ ညဘက်မှာ စာကျက်လို့မရဘူး။ ဟင်းချက်တာ၊ အပ်ချုပ်တာ၊ အားလုံး အခက်အခဲဖြစ်ပါတယ်။" ဟု မစန်းမော်က ပြောပါတယ်။

“အရေးကြုံပြီဆိုရင်တော့ သတင်းဆိုးပဲ။ ကျန်းမာရေးမှူးအိမ်ကို သွားဖို့ မီးခြစ်ကို သုံးရတယ်။ ပြီးတော့ မြွေတွေလိုမျိုး အဆိပ်ရှိတဲ့ အကောင်တွေကလည်း ရှိသေးတယ်။” လို့ နောက်ထပ် အမျိုးသမီးတစ်ဦး ဖြစ်တဲ့ နော်ရေအေးက ခေါင်းခါရင်း ထပ်ပြောပါတယ်။

“ကလေးတွေ ဘေးကင်းဖို့နဲ့ ပညာရေးက ကျွန်မတို့တွေ အလေးထားဆုံးပါ။ ကျွန်မတို့တွေ မရခဲ့တဲ့ အခွင့်အလမ်းတွေကို ကလေးတွေကို ရစေချင်တာပါ။”လို့ နော်ရိုးလေးက ပြောပါတယ်။

ပြဿနာက ရှုပ်ထွေးသလောက် အဖြေက ရိုးရိုးရှင်းရှင်း

မြန်မာက သာယာလှပတဲ့ သဘာဝ အလှတရားတွေ ရှိတဲ့ မြေပါ။ ရှားပါးပြီး မျိုးသုဉ်းခါနီးတဲ့ မျိုးစိတ်တွေအတွက် နိုင်ငံရဲ့ စိမ်းလန်းစိုပြည်တဲ့ သစ်တောတွေက တည်နေရာဘုံပါ။သူရဲ့ တောင်တန်းတွေက ယဉ်ကျေးမှုအတွက်ကောသမိုင်းဆိုင်ရာအရေးပါမှု အတွက်ပါတန်ဖိုးရှိပါတယ်။ဒါပေမယ့် ဒီအရာတွေ အားလုံးက ဖြစ်အံ့ဆဲဆဲ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ် ပြီးတော့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ဖွံ့ဖြိုးတိုးတက်မှုကို အလျင်လိုရင်တော့ နည်းလမ်းမမှန်တဲ့ ရွေးချယ်မှုတွေက တောတောင်ရေမြေအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံက သန့်ရှင်းတဲ့ အစိမ်းရောင်နည်းပညာကို အသုံးပြုခြင်းဖြင့် နိုင်ငံရဲ့သဘာဝ အံ့သြဖွယ်ရာတွေနဲ့ ဇီဝမျိုးကွဲတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကဲ့သို့ စွမ်းအင်အမှားတွေကို ရှောင်ရှားရန် အခွင့်အလမ်းရှိပါတယ်။ ဟင်းကပိကျေးရွာက အမျိုးသမီးတွေကကျွန်တော်တို့တွေ ပျက်စီးစေတတ်တဲ့ ရုပ်ကြွင်းလောင်စာအပေါ်မှီခိုနေတာကနေ ကင်းလွတ်နိုင်တယ်ဆိုတာကို သက်သေပြတာဖြစ်ပြီး တိုင်းပြည်ရဲ့ တခြားသူတွေပါ လိုက်လုပ်ဆောင်နိုင်တဲ့ အားလုံးပါဝင်နိုင်တဲ့ ရေရှည်ထိန်းသိမ်းနိုင်တဲ့ လမ်းကြောင်းကို မီးမောင်းထိုးပြနေတာပါ။

ဒီနှစ်မှာတော့ Barefoot ကောလိပ်နဲ့ပေါင်းပြီး WWFက အိမ်ထောင်စုပေါင်း ၂၃၅ စုကို လျှပ်စစ်မီးရအောင်လုပ်ဆောင်ပေးခဲ့ပြီးပါပြီ။

 ထားဝယ်ရဲ့ သရက်ချောင်းမြို့နယ် ကရင်တောင်ပျောက်ကျေးရွာတွင် ၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၇ရက်က ဒေါ်မြဆွေရဲ့ သားဖြစ်သူက သူ့သမီးကို ဆိုလာပြားများတပ်ဆင်အပြီးတွင် မီးဖွင့်ပြနေစဥ် ။
© Hkun Lat/WWF-Myanmar
In Kayin Taungpyauk village, a man shows his daughter how to turn on the newly installed solar powered light.

“၂၀၁၈ မှာတော့ နောက်ထပ် အိမ်ထောင်စု ၁၀၀၀ ကျော်စာ ရအောင် စီစဉ်ထားပါတယ်။ ပြီးရင် ၂၀၁၉ မှာ ၁၀,၀၀၀ လောက် ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ ဒီလိုမျိုး လျှပ်စစ်မီးရအောင် လုပ်တာက ရေရည်အတွက် ကျွန်တော်တို့ရနိုင်တဲ့ အကောင်းဆုံး စိတ်ကျေနပ်မှုမျိုးပါ။ ဆိုလာမီးအလင်းရောင်နဲ့ တောက်ပတဲ့အနာဂတ်ကို တွေ့နေရပါပြီ” လို့ ရွှန်းက ပြုံးပြုံးကြီး ပြောလိုက်ပါတယ်။

ဟင်းကပိရွာလေးမှာ ညအချိန်ရောက်လာတော့ နောက်ဆုံး ဆိုလာပြားကို ရွာလူကြီးရဲ့ အိမ်မှာ တပ်ဆင်ခဲ့ပြီးပါပြီ။ တစ်ယောက်ပြီး တစ်ယောက် တစ်အိမ်ချင်းစီက မီးခလုတ်တွေကို ဖွင့်လိုက်တာနဲ့ ဖုန်ထူထူလမ်းတွေက လင်းထိန်လာပါတော့တယ်။ ကလေးတစ်စုကတော့ ကစားဖို့ဟန်ပြင်နေတယ်။ တခြားသူတွေက အိမ်ထဲမှာ စားပွဲတင် DVD စက်နဲ့ ပထမဦးဆုံး ရုပ်ရှင်ကို ကြည့်ဖို့ ကြိုးပမ်းနေကြပါတယ်။ အမျိုးသား အမျိုးသမီးငယ်လေးတွေက ပိုက်ကွန်ပြင်နေကြပြီး ညစာအတွက် ငါးရှာထွက်ဖို့ အနီးအနားက စမ်းချောင်းကို ဦးတည်သွားနေပါတယ်။ မစန်းမော်နဲ့ သူ့သူငယ်ချင်းတွေက အဲဒီအချိန်လေးကို အနောက်ဘက်နေရပ်ပြီး ငေးကြည့်နေပါတယ်။

သူ ပြောလိုက်တာက “အစစ အဆင်ပြေလာတော့မှာပါ” တဲ့။

သူတို့ရဲ့ရွာကို ပြန်လာကြတဲ့ "ဆိုလာစွမ်းအင် သူရဲကောင်း အမျိုးသမီးများ" အကြောင်း ကျွန်တော်တို့ရဲ့ ဗီဒီယိုကို ကြည့်ရှုပေးပါဦး။

WWF Today