What would you like to search for?

သာမန်မဟုတ်သော အမှတ်တရ
ကျားနှင့် တွေ့ဆုံခြင်း

၂၀ဝ၆ ခုနှစ်၏ ညတစ်ည...။ စောကဲ တစ်ယောက် ထားဝယ်ခရိုင်ထဲက ကျိုက်ဖီးလန်ရွာကလေးအနီး ဘန်းချောင်းမှာ ငါးမျှား ရင်း ခုနေများ တောရိုင်းကျားကို မြင်ရရင် ကောင်းမယ်လို့ စိတ်ထဲတွေးနေမိပါတယ်။ သူ့ဘဝမှာ ကျားကို မြင်ဖူးခြင်း မရှိသေးပါဘူး။ ဒီတောထဲမှာ ကျားရှိတယ်လို့ ကြားဖူးပေမယ့် အသက် (၅၀) ကျော်သည်အထိ ကျားကို အပြင်တွင် မျက်မြင်ကိုယ်တွေ့မတွေ့ဖူး သူ သူ့အတွက် ယုံတမ်းစကား တစ်ခုအဖြစ်သာ မှတ်ယူထားသူပါ။

ငါးမျှား ရင်း ညလည်း နက်သထက်နက်လာပြီမို့ ပါလာတဲ့ ထမင်းဗူးလေးကို ဖွင့်စားနေတုန်း အသံတစ်သံကို သူ ကြားမိလိုက် ပါတယ်။ ညကလည်း မှောင်မှောင် နဂိုတည်းက အမြင်အာရုံအားနည်းတာကြောင့် လှမ်းကြည့်လိုက်ပေမယ့် ဘာရယ်မှန်းတော့သူမသိပါဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ တစုံတယောက် သူ့အနား ကပ်လာသလိုတော့ ထင်နေမိ ပါတယ်။ ဘေးနားမှာ အသင့်ပါတဲ့ ဓါးမြှောင်ကို ကိုင်လုဆဲဆဲ မှာတော့ သူ့ဆီကို လာနေတဲ့ အရာက ဘာဆိုတာ သူသိသွားပါပြီ။

အဲ့တာကတော့ သူ အရမ်းကို မြင်ဖူးချင်နေတဲ့ ကျားပဲ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက် ခဏတာ အကြည့်ချင်းဆုံအပြီးမှာတော့ အံသြထိတ်လန့်မှု အပြည့်နဲ့ ဦးစောကဲတစ်ယောက်ဟာ ဘန်းချောင်းထဲကို ဒိုင်ဗင်ထိုးချပြီး လှေနဲ့ ရွာဆီကို အမြန်လှော်ခတ် ထွက်ပြေးလာခဲ့ပါတော့တယ်။ နောက်တစ်နေ့ မနက်မှာတော့ သူ့ရွာကသူတွေကို ပြောပြပြီး ညက သူ ငါးမျှားခဲ့တဲ့နေရာကို တစ်ခေါက်ပြန်သွားကြည့်ချိန်မှာတော့ ကျားခြေရာကြီးကြီးတခုကို မြင်တွေ့ခဲ့ရပါတယ်။

ဒီအဖြစ်အပျက်တွေကို ပြန်ပြောပြသူက ကျိုက်ဖီးလန်ရွာက သင်းအုပ်ဆရာ မန်းကြာသိန်း ဖြစ်ပါတယ်။


“အဲ့ဒီတုန်းက သူပြောတာ ဘယ်သူမှ မယုံကြဘူးလေ။ မနက်လင်းတော့မှ သူပြောတဲ့နေရာကို သွားကြည့်တော့ ကျားခြေရာ အကြီးကြီး တွေ့ခဲ့ရတယ်။ တော်တော်ကြီးတဲ့ ခြေရာပဲ။ ဒါဆို ကျားက ၁၂ တောင် (၁၈ ပေ) လောက် ရှိမယ်လို့ ခန့်မှန်းကြတယ်။ သူ ငါးမျှားတဲ့နေရာနဲ့ တစ်တောင်လောက်ပဲ ကွာတာ။ တော်တော် နီးနီးကပ်ကပ် ဖြစ်လို့လဲ သူ မြင်ခဲ့ရတာ”

ဆက်ပြီးတော့ မန်းကြာသိန်းက လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က သူ ကျားနဲ့တွေ့ခဲ့ပုံကို ပြောပြပါသေးတယ်။ မန်းကြာသိန်းတစ်ယောက် အဖိုးဖြစ်သူရဲ့ ခိုင်းစေချက်အရ နွား (၂) ကောင်ကို လွှတ်ကျောင်းဖို့ အခု ကျိုက်ဖီးလန်ရွာ တည်ရှိရာ နေရာကို လာခဲ့ရပါတယ်။ အရှေ့တစ်ကောင်၊ အနောက် တစ်ကောင် သူဆွဲလာချိန်မှာပဲ အနောက်မှာရှိတဲ့ နွားတစ်ကောင်ကို ကျားဝင်ဆွဲတာခံလိုက်ရပါတယ်။ နွားနဲ့ ကျား နပန်းလုံးနေတာကို ကြောင်ကြည့်နေမိပြီး ခဏအကြာ သူ သတိပြန်ဝင်လာတော့ ကျန်တဲ့ နွားတစ်ကောင်ကို ခပ်မြန်မြန်ဆွဲပြီး ရွာဖက်ကို သုတ်ခြေတင် ပြန်ပြေးခဲ့ပါတော့တယ်။

သူလဲ အခု အသက် ၅၀ ရှိခဲ့ပြီး အခုတော့ ကျိုက်ဖီးလန်မှာ ကျားတွေ့တဲ့ အထောက်အထား မရှိတော့ပါဘူး။ “အဲ့တာက ကျွန်တော်ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံး ကျားတစ်ကောင်ကို မြင်တွေ့ဖူးတာပဲ။ ကျွန်တော်တို့ရွာရဲ့ အစုဖွဲ့ပိုင် သစ်တောဧရိယာတွေမှာတော့ ကျားခြေရာတွေ တွေ့နေရဆဲဖြစ်လို့ သူတို့ ရှိနေသေးတယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် ကျားတွေ့တယ်လို့တော့ မကြားမိတော့ဘူး”လို့ သူက ဆက်ပြောပြပါတယ်။

ကျားကို နှစ်ကြိမ်တွေ့ဖူးတယ်လို့ ဆိုလာသူက အသက် (၇၀) ကျော် ရှိနေပြီဖြစ်တဲ့ စောဖိုးဇက်ပါ။ ဘန်းချောင်း အရှေ့ဖက်ခြမ်းမှာရှိတဲ့ တောကြီးထဲမှာ တောလိုက် ထွက်ရင်း ပထမဆုံး တွေ့ခဲ့တာလို့ သူက ပြောပါတယ်။ ဒုတိယအကြိမ် ကျားနဲ့ ရင်ဆိုင်မိချိန်မှာတော့ လက်ထဲမှာ အသင့်ပါလာတဲ့ တူမီးသေနတ်နဲ့ ကြောက်လန့်တကြား ပစ်လိုက်ပေမယ့် ထိမှန်ခဲ့ခြင်းတော့ မရှိပါဘူး။


“ပထမတစ်ကြိမ်တုန်းက ဒီတိုင်းလှမ်းပြီးတွေ့လိုက်ရုံပဲ။ နောက်တခေါက်ကျတော့ တော်တော်နီးနီးပဲ။ လက်ထဲပါလာတဲ့ တူမီးနဲ့ ပစ်လိုက်မိတယ်။ သေတော့ မသေဘူး။ ကြောက်ကြောက်နဲ့ ပြန်ပြေးလာခဲ့တယ်။ နောက်တစ်ကြိမ်တော့ ထပ်မတွေ့ချင်ဘူး။ ကြောက်တယ်။” လို့ ပြုံးတုံ့တုံ့ မျက်နှာထားနဲ့ ဆိုပါတယ်။

ဟိုးအရင်က သားရဲတိရိစ္ဆာန်တွေ အထူးပေါများခဲ့တဲ့ ဒီဒေသဟာ အခုတော့ ချေ၊ ဆတ်တို့လိုမျိုးကိုတောင်တွေ့ရဖို့ မလွယ်ကူတော့ပါဘူး။ ဒီလိုဖြစ်ရတာတွေဟာ ဥယျာဉ်ခြံမြေ တိုးချဲ့စိုက်ပျိုးလာသောကြောင့်ဒီဒေသမှာကျင်လည် ကျက်စားနေတဲ့ တောရိုင်းသတ္တဝါတွေရဲ့ စားကျက်မြေတွေ ဆုံးရှုံးလာခြင်းကြောင့်ဖြစ်သလို၊ တောရိုင်းတိရိစ္ဆာန် တွေကို တရားမဝင်သတ်ဖြတ်ပြီး ရောင်းဝယ်ဖောက်ကားတဲ့ ဈေးကွက်ကျယ်ပြန့်လာတာကြောင့်လည်း ရှားပါးပျောက်ကွယ်လာရတာလို့ ဆိုနိုင်ပါတယ်။

WWF အနေဖြင့် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ကျားထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ဒီထူးခြားတဲ့ ကြောင်ကြီးမျိုးနွယ်တွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းရင်း ဒီဇာတ်လမ်းလေးကို ကမ္ဘာ့ကျားများနေ့အတွက် တင်ဆက်လိုက်ပါတယ်။

WWF Today