The WWF is run at a local level by the following offices...
အလေးထားသင့်တဲ့
လျှပ်စစ်ပုစ္စာ
မှောင်မိုက်နေတဲ့ ညတစ်ညမှာ မီးလုံးက ဖျော့တော့တော့ မီးအလင်းရောင်ကို စိုက်ကြည့်နေတဲ့ လူတစ်ယောက်ဆီက သက်ပြင်းရှည်ကြီး တစ်ခုကြားလိုက်ရပါတယ်။ ထမင်းတစ်အိုးချက်ဖို့ မီးအားပြည့်ချိန်ကို စောင့်ရမလား ထင်းနဲ့ပဲ ချက်ရမလား လမ်းပျောက်နေရတဲ့ အခြေအနေကို သူ့အနေနဲ့ အကြီးအကျယ်စိတ်ပျက်နေပါပြီ။
သူကတော့ WWF-မြန်မာရဲ့ ထားဝယ်အခြေစိုက် စွမ်းအင်အရာရှိ ကိုအောင်ကျော်စိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကာလက စစ်ကိုင်းတိုင်းဒေသကြီးထဲမှာရှိတဲ့ သူ့ရဲ့ ဇာတိရွာကို ကိုအောင်ကျော်စိုးတစ်ယောက် အလည်ပြန်ရောက်လာတာကနေ ဒီအဖြစ်အပျက်ကို သူကြုံခဲ့ရတာပါ။
“အဲ့ဒီအချိန်မှာ ဘာတွေးမိလဲဆိုတော့ ရွာကို လာတဲ့မီးသာ မီးအား တည်တည်ငြိမ်ငြိမ်နဲ့ အပြည့်ရမယ်ဆိုရင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ မကြာခဏ ပျက်စီးတဲ့ဒုက္ခ၊ မီးအားမြှင့်စက် ဈေးကြီးပေး ဝယ်သုံးရတဲ့ ဒုက္ခတွေ မရှိတော့မှာမို့ ထားဝယ်မှာလို တစ်ယူနစ် ၂၀၀/၂၅၀ ပေးရလည်း တန်တယ်ဆိုတဲ့ စိတ်ဖြစ်မိတယ်။ ဒါကတော့ ကျွန်တော့် တစ်ယောက်တည်း အတွေးပေါ့နော်” လို့ ဝမ်းနည်းစွာရင်ဖွင့်လာပါတယ်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ရွှေဘိုမြို့ရဲ့ အနောက်ဖက် (၁၄)မိုင်အကွာမှာတည်ရှိနေတဲ့ ဆင်အင်းရွာ လို့ခေါ်တဲ့ သူ့ရွာကလေးဟာ မဟာဓါတ်အားလိုင်းက ပေးတဲ့ လျှပ်စစ်ကို ရရှိတာ တစ်နှစ်တောင်မပြည့်သေးပါဘူး။ ဗို့အားပြည့် ၂၂၀ မှာ သူ့ရွာမှာ ရတဲ့ မီးကတော့ ဗို့အား ၆၀ ကနေ ၈၀ လောက်ပဲရှိပါတယ်။ ဒါတောင် တစ်ခါတစ်ခါ ဗို့အား ၄၀ လောက်အထိကျသွားတတ်တယ်လို့ သူကဆိုပါတယ်။ ဒီပြဿနာကို ဖြေရှင်း ဖို့အတွက် သူ့ရပ်ရွာထဲက ငွေကြေးတတ်နိုင်တဲ့ သူတွေက ကုန်ကျစရိတ်ကြီးပြီး အာမခံချက်မရှိတဲ့ မီးအားမြှင့်စက် တွေ ဝယ်ယူ တပ်ဆင်လာကြပါတယ်။
မြန်မာပြည်ရဲ့ လျှပ်စစ်ဓါတ်အားရရှိမှုအခြေအနေ
မြန်မာနိုင်ငံမှာ ရှိတဲ့ အိမ်ထောင်စုပေါင်း ၄၄ ရာခိုင်နှုန်းသာ မဟာဓါတ်အားလိုင်းက ပို့လွှတ်တဲ့ လျှပ်စစ်ဓါတ်အားကိုရရှိနေပြီး လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု အမြင့်ဆုံးပမာဏဟာ မဂ္ဂါဝပ်ပေါင်း ၃၇၀၀ ခန့် ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ၂၀၃၀-၂၀၃၁ ခုနှစ်မှာတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ အိမ်ထောင်စုအားလုံး ရာနှုန်းပြည့် လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်ဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ အဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်မှုနဲ့ လိုအပ်မှုတို့အကြား ကွာဟချက်ဟာ မြင့်မားနေဆဲ ဖြစ်ပါတယ်။
လျှပ်စစ်သုံးဆွဲမှု အမူအကျင့်များ
မြန်မာနိုင်ငံအတွင်းမှာ စွမ်းအင်လေလွင့်မှုနဲ့ ပတ်သက်ပြီး စနစ်တကျ သုတေသနပြုထားတာ မရှိသေးပေမယ့် အကြမ်းဖျဉ်း လေ့လာကြည့်တဲ့အခါ လျှပ်စစ်စွမ်းအင် လိုအပ်ချက် မြင့်မားနေဆဲ ဒီနိုင်ငံမှာ ပြည်သူ အများစုဟာ စွမ်းအင်ချွေတာရေးနဲ့ ပတ်သက်ပြီး သဘောပေါက် အလေးထားမှု နည်းနေသေးတာကို တွေ့ရပါတယ်။ သာဓက အနေနဲ့ ပြရရင် လေအေးပေးစက် (air conditioner) တွေ တပ်ဆင်မှု များပြားကြပေမယ့် လေအေးပေးစက်ကို စွမ်းအင်လေလွင့်မှု မရှိစေရေး စီမံဖို့ သတိပြု အလေးထားသူ နည်းလှတာ တွေ့ရပါတယ်။ လေအေးပေးစက် ဖွင့်ထားပေမယ့် အခန်းကို လုံအောင် ပိတ်မထားတာ၊ မလိုအပ်ဘဲ အလွန်အေးလွန်းတဲ့ အနေအထားထိ ရောက်အောင် လေအေးပေးစက်ကို ဖွင့်ထားကြတာ စတဲ့ အမူအကျင့်တွေကို အတော်လေး တွေ့နေရပါသေးတယ်။
ဘာကြောင့် လျှပ်စစ်မီးကို ချွေတာသင့်ပါသလဲ။
ဒီမေးခွန်းရဲ့ အဖြေကတော့ ရှင်းပါတယ်။ တစ်လတစ်လ ပေးဆောင်ရမယ့် မီတာခ လျော့နည်းအောင် လျှပ်စစ်မီးကို ချွေတာရတယ်လို့ဖြေကြမှာပါ။ ဒါပေမယ့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ကို အနည်းနဲ့ အများဆိုသလို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတဲ့ ရှုထောင့်က ကြည့်ကြည့်ရအောင်။ ဥပမာအားဖြင့် - မြန်မာနိုင်ငံရဲ့ အဓိကလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာ အရင်းအမြစ်ဖြစ်တဲ့ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ မြစ်ချောင်းအင်းအိုင်တွေကို ပိတ်ဆို့ စေပြီး ဆည်များဆောက်ကာ ရေသိုလှောင်ပြီး လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ကြရပါတယ်။ အကျိုးသက်ရောက်မှုကတော့ မြစ်ချောင်းတွေရဲ့ သဘာဝအတိုင်း စီးဆင်းနိုင်မှုကို ထိခိုက်ကာ ဂေဟစနစ်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် သဘာဝတရားအပေါ် အထိခိုက်ခံပြီး ထုတ်လုပ်ရတဲ့ လျှပ်စစ်စွမ်းအင်ကို အလေအလွင့် မရှိအောင် စိစစ်ချွေတာ သုံးစွဲတာဟာ သဘာဝပတ်ဝန်းကျင်ကို တစ်နိုင်တစ်ပိုင် ထိန်းသိမ်းတယ်လို့ ဆိုနိင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီက ကိုယ့်ပတ်ဝန်းကျင်မှာ စွမ်းအင် အလေအလွင့်နည်းအောင် ဂရုစိုက် သုံးဆွဲကြရင်း သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု နည်းနည်းနဲ့ အိမ်ထောင်စု ပိုများများ လျှပ်စစ်သုံးနိုင်လာမယ်ဆိုရင် ပိုမကောင်းပါလား။
ဘယ်လိုချွေတာကြမလဲ
လျှပ်စစ်စွမ်းအင်ကို ချွေတာတဲ့နည်းလမ်းက အရမ်းကိုရိုးရှင်းပါတယ်။ လူတိုင်းလည်း လိုက်လုပ်နိုင်ပါတယ်။ လျှပ်စစ်ဓါတ်အားကို လုံးလုံး မသုံးရတာမျိုး မဟုတ်ဘဲ အမှန်တကယ် မလိုအပ်တဲ့ အခြေအနေ/နေရာတွေမှာ မီးတွေထွန်းထားတာ၊ ပန်ကာတွေ၊ လေအေးပေးစက်တွေ ဖွင့်ထားတာ၊ ကြည့်မယ့်သူ မရှိဘဲ တီဗွီတွေ ဖွင့်ထားတာ၊ ရေခဲသေတ္တာ တံခါးကို မလိုအပ်ဘဲ အကြာကြီး ဖွင့်ထားတာ စတဲ့ လျှပ်စစ်စွမ်းအင်ကို အလဟဿ ဖြုန်းတီးရာရောက်တဲ့ အပြုအမူတွေကို သတိထား ဆင်ခြင်ကြဖို့ပဲ လိုပါတယ်။ ဒါ့ပြင် အိမ်မှာ သုံးနေတဲ့ ခေတ်ဟောင်းနည်းပညာ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးချို့ယွင်းသွားလို့ အသစ်ဝယ်ဖို့ လိုလာတဲ့အခါ စွမ်းအင်ချွေတာနိုင်တဲ့ လျှပ်စစ်ပစ္စည်း (ဥပမာ - အင်ဗာတာအမျိုးအစား လေအေးပေးစက်၊ LED မီးလုံး/မီးချောင်း စသည်) တွေကို ရွေးချယ်သုံးစွဲပြီးတော့လည်း လျှပ်စစ်စွမ်းအင်ကို ချွေတာနိုင်ပါတယ်။
ဘာအကျိုးကျေးဇူးရှိမလဲ။
လျှပ်စစ်မီးဟာ မြို့နေလူတန်းစားတွေအတွက်ပါမက ကျေးလက်နေလူတန်းစားတွေအတွက်ပါ အလွန်အရေးကြီးတဲ့ အခန်းဏ္ဍကနေပါဝင်နေပါတယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ရန်ကုန်နဲ့ မန္တလေး တိုင်းဒေသကြီး နှစ်ခုပေါင်း လျှပ်စစ်သုံးစွဲမှု ပမာဏဟာ ကျန် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုပေါင်းရဲ့ သုံးစွဲမှု ပမာဏထက်တောင် ပိုများတာ တွေ့ရပါတယ်။ ဒါကြောင့် မြို့ပြနေ အိမ်ထောင်စုတွေက လျှပ်စစ်သုံးစွဲမှု အမူအကျင့်လေးတွေကို အနည်းငယ်လောက် ကြိုးစားပြုပြင်လိုက်မယ်ဆိုရင် ပိုထွက်လာမယ့် လျှပ်စစ်စွမ်းအင် ပမာဏဟာ လတ်တလော လျှပ်စစ်မီး မရသေးတဲ့ / ရသော်လည်း ဗို့အား မပြည့်တဲ့ အိမ်ထောင်စု အတော်များများကို ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။အခုဆိုရင် ကိုအောင်ကျော်စိုးတို့ ရွာမှာ လျှပ်စစ်ဓါတ်အား ဗို့အား ၁၂၀ လောက်အထိ ရလာပြီလို့ သိရပါတယ်။ ဒါဟာ ပြည်သူတွေအနေနဲ့ လျှပ်စစ်စွမ်းအင်ကို ချွေတာစိစစ် သုံးစွဲလာမှုနဲ့ အတိုင်းအတာ တစ်ခုအထိတော့ သက်ဆိုင်မယ်လို့ ယူဆနိုင်ဖွယ် ရှိပါတယ်။
“အခုရွာမှာ ဗို့အား ၁၂၀ အထိ ရနေပြီလို့ ပြောတယ်။ အဲ့လိုဆိုတော့ မီးတော့ ကောင်းကောင်းထွန်းလို့ရပြီပေါ့ဗျာ” လို့ ကိုအောင်ကျော်စိုးတစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ ဆိုလာပါတယ်။
WWF-မြန်မာအနေနဲ့ မြန်မာ့လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ကူညီကြိုးပမ်းလျှက် ရှိပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ကာဗွန်ရုပ်ကြွင်းလောင်စာများ၊ အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်မှုများ၊ နျူကလီးယားစွမ်းအင်တို့ကို အသုံးပြုခြင်းထက် အသုံးမပြုရသေးသော နေ၊လေ၊မြေအောက်အပူ၊ ဇီဝလောင်စာ၊ သမုဒ္ဒရာစွမ်းအင် စတာတွေကို အလေးပေးအသုံးပြုနိုင်ရန် တိုက်တွန်း ကူညီလျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားသော မြန်မာ့လျှပ်စစ်ကဏ္ဍမျှော်မှန်းချက် အစီရင်ခံစာအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ရောနှောအသုံးပြုခြင်းဖြင့် ၂၀၅ဝပြည့်နှစ်တွင် နိုင်ငံ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။