What would you like to search for?

ထားဝယ်လမ်းမကြီး စီမံကိန်းအပေါ် အကြံပြုလွှမ်းမိုးနိုင်ရေး ဆောင်ရွက်

19 November 2015

မြန်မာနိုင်ငံ တနင်္သာရီဒေသအတွင်းရှိ သစ်တောများသည် ထိုင်းနိုင်ငံအတွင်းရှိ သစ်တောကြိုးဝိုင်း နှစ်ခုဖြစ်သည့် အနောက်ပိုင်းသစ်တောနယ်မြေနှင့် ကန်ကရာချန် သစ်တောနယ်မြေတို့ကို ဆက်စပ်ပေးထားပါသည်။ ဂေဟစနစ် စင်္ကြန်တစ်ခု ပေါ်ထွန်းမှုက သားငှက်တိရစ္ဆာန်များနှင့် ဂေဟစနစ် ဝန်ဆောင်မှုများအား အထောက်အကူ ဖြစ်စေပြီး ဒေသတွင်းရှိ လူထု၏ စည်ပင်ဝပြောရေး အတွက်လည်း အထူးအရေးပါ ပါလိမ့်မည်။ သို့သော်လည်း ထားဝယ် အထူးစီးပွားရေးဇုံ (SEZ) နှင့် ယင်းနှင့်ဆက်စပ်၍ ထားဝယ်မြို့အား ကန်ချနာဘူရီမှတဆင့် ဘန်ကောက်မြို့သို့ ချိတ်ဆက်ပေးရန် တနင်္သာရီ တောင်တန်းများအား ဖြတ်၍ ဖောက်လုပ်မည့် လမ်းမကြီး စီမံကိန်းတို့က ယင်း ဂေဟစနစ် စင်္ကြန်ကြီးကို ခြိမ်းခြောက်လို့ နေပါသည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း WWF အနေဖြင့် ယင်းလမ်းမကြီး ဖောက်လုပ်မည့် ကုမ္ပဏီ၊ မြန်မာနိုင်ငံ၏ လမ်းဦးစီးဌာနမှ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် အစိုးရအရာရှိများနှင့် အရပ်ဘက်အဖွဲ့အစည်းများအား တွေ့ဆုံ၍ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှု (SEA)၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)၊ လမ်း၏ ဒီဇိုင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချရေး နည်းလမ်းများနှင့် ပတ်သက်သော လိုအပ်ချက်များအား ဆွေးနွေးခဲ့ပါသည်။ စက်တင်ဘာလအတွင်းတွင် WWF-မြန်မာအနေဖြင့် သဘာဝအရင်းအနှီးစီမံချက်မှ အခြေခံအဆောက်အအုံ ဆိုင်ရာ ကျွမ်းကျင်သူများနှင့်အတူ ယင်းလမ်းမကြီးပေါ်သို့ သွားရောက်၍ ဧရိယာအား သုံးသပ်ခြင်း၊ သားငှက်တိရစ္ဆာန် ဖြတ်ကူးလမ်းများ ဖော်ထုတ်ခြင်းနှင့် တံတားများဆိုင်ရာ လေ့လာမှုများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

WWF အနေဖြင့် လမ်းဖောက်လုပ်သူနှင့် အခြားဆက်စပ်ပတ်သက်သူများအား သဘာဝစင်္ကြန်များ ထိန်းသိမ်းရန် အရေးပါသည့် နေရာများအကြောင်း အသိပေးနိုင်ရန် လမ်းမကြီးတလျှောက် သားငှက် မျိုးစိတ်များအတွက် စင်္ကြန်နေရာများ ပုံစံရေးဆွဲနေပါသည်။ “ဒီနေရာတွေက သွားဖို့ ခက်ခဲပြီး သားငှက်တိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ အချက်အလက်တွေလဲ မရှိတာကြောင့် အောက်တိုဘာလ အကုန်မှာ ဒေသခွဲရုံးက သားငှက်မျိုးစိတ်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ခေါ်ယူပြီး ရေးဆွဲထားတဲ့ ပုံစံတွေကို အကဲဖြတ်ခိုင်းဖို့ ရှိပါတယ်။ ဒီပုံစံထုတ်တဲ့ လုပ်ငန်းစဉ်က လမ်းမကြီးအတွက်တင် မကဘဲ ဒေါန-တနင်္သာရီ ဒေသကြီး တစ်ခုလုံးအတွက်ပါ အစီအစဉ် ရေးဆွဲမှုတွေမှာ အကူအညီဖြစ်ပါလိမ့်မယ်။” ဟု သားငှက်မျိုးစိတ်များအတွက် စင်္ကြန် ပုံစံရေးဆွဲမှု လုပ်ငန်းစဉ်အား ဦးစီးဆောင်ရွက်နေသည့် WWF-မြန်မာမှ ဦးပိုင်စိုးက ဆိုသည်။

ဟောင်ကောင်တက္ကသိုလ်မှ မြေပြင်ဆိုင်ရာ ဗိသုကာများနှင့် ပူးပေါင်း၍လည်း အမဲလိုက်ခြင်းအား ဖြေရှင်းရေးနှင့် မျိုးစိတ်များ စောင့်ကြည့်လေ့လာရေး အစီအစဉ်များ ပါဝင်သည့် သားငှက်တိရစ္ဆာန် ဖြတ်ကူးလမ်းများသာမက မုန်တိုင်း၊ ရေနှင့် မြေဆီလွှာတိုက်စားမှုများ ထိန်းချုပ်ခြင်းအတွက် ရွေးချယ်စရာ ပုံစံများ ပါဝင်မည့် လမ်းပုံစံထုတ်ခြင်း လက်စွဲစာအုပ်တစ်အုပ်ကို ရေးသားနေပါသည်။ သားငှက်တိရစ္ဆာန် စင်္ကြန်များ ပုံစံထုတ်ခြင်းနှင့် လမ်းပုံစံထုတ်ခြင်း လက်စွဲစာအုပ်များသည် ယခုနှစ် နှစ်ကုန်ပိုင်း ထားဝယ်လမ်းမကြီး စတင် တည်ဆောက်မည့်ကာလ မတိုင်မီတွင် ပြီးစီးမည်ဟု မျှော်လင့်ရပါသည်။ သို့သော်လည်း မြေယာအသုံးချမှုကို ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် လေ့လာခြင်းနှင့် ဒေါန-တနင်္သာရီ ဒေသကြီးတစ်ခုလုံး တဆက်တစပ်တည်း ဖြစ်စေရေးနှင့် ယင်းဒေသကြီးအတွင်း မြန်မာနှင့် ထိုင်း နယ်နိမိတ် နှစ်ဖက်စလုံးတွင် အမဲလိုက်မှုများ တားဆီးရေးသည်လည်း ဤဒေသကြီးတစ်ခုလုံး၏ တည်မြဲရေးအတွက် အထူးပင် အရေးပါလှပါသည်။