What would you like to search for?

PR: မြန်မာ့ စွမ်းအင် လိုအပ်ချက် အဖြေရှာရန် အစိမ်းရောင် စွမ်းအင်သည် အမြန်ဆုံး လမ်းစဉ်ဖြစ်

30 March 2017

“မြန်မာ့ လျှပ်စစ်ကဏ္ဍ မျှော်မှန်းချက်” အစီရင်ခံစာက အစိမ်းရောင် စွမ်းအင်သည် မြန်မာ့ အနာဂတ် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး လတ်တလော စွမ်းအင် လိုအပ်ချက်အတွက် အဖြေရှာရန်လည်း အမြန်ဆုံး လမ်းစဉ်ဖြစ်ကြောင်း ပြသနေသည်။ အစိမ်းရောင် စွမ်းအင်ကဏ္ဍက လာမည့် ၃၅ နှစ်တာ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃.၈ သန်း ဖန်တီးပေးနိုင်ပြီး ယင်းသည် ရုပ်ကြွင်းလောင်စာ အခြေပြု စွမ်းအင်ကဏ္ဍက ဖန်တီးပေးနိုင်သည်ထက် ၂ ဆမှ ၃ ဆအထိ ပိုမိုပါသည်။

ရန်ကုန်၊ ၂၉ မတ် ၂၀၁၇ – “မြန်မာ့ လျှပ်စစ်ကဏ္ဍ မျှော်မှန်းချက်” အစီရင်ခံစာက အစိမ်းရောင် စွမ်းအင်သည် မြန်မာ့ အနာဂတ် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး လတ်တလော စွမ်းအင် လိုအပ်ချက်အတွက် အဖြေရှာရန်လည်း အမြန်ဆုံး လမ်းစဉ်ဖြစ်ကြောင်း ပြသနေသည်။ အစိမ်းရောင် စွမ်းအင်ကဏ္ဍက လာမည့် ၃၅ နှစ်တာ ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃.၈ သန်း ဖန်တီးပေးနိုင်ပြီး ယင်းသည် ရုပ်ကြွင်းလောင်စာ အခြေပြု စွမ်းအင်ကဏ္ဍက ဖန်တီးပေးနိုင်သည်ထက် ၂ ဆမှ ၃ ဆအထိ ပိုမိုပါသည်။
 
“မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဦးဆောင်သူဖြစ်နိုင်မယ့် အလားအလာတွေ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း နေစွမ်းအင်နဲ့ လေစွမ်းအင်အတွက် ကုန်ကျစရိတ်တွေက သိသိသာသာ ကျဆင်းလာနေပြီး ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေ သုံးတာနဲ့ ယှဉ်ရင် အစိမ်းရောင် စွမ်းအင် စီမံကိန်းတွေက ပိုမို စရိတ်သက်သာပြီး မြန်ဆန်လာနေပါပြီ။” ဟု WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး ခရစ္စတီး ဝီလျံက ပြောကြားခဲ့သည်။
 
WWF၊ Spectrum - Sustainable Development Knowledge Network နှင့် မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင် အသင်း (REAM) တို့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် နေစွမ်းအင် ၄၆%၊ လေစွမ်းအင် ၁၇%၊ ဇီဝလောင်စာ ၁၇%၊ ရေအား ၁၄%၊  မြစ်တွင်း ရေစီးအား ၄%၊ ဘူမိအပူ ၁% နှင့် ပင်လယ်လှိုင်း ၁% တို့ကို ပေါင်းစပ် အသုံးပြုခြင်းဖြင့် ၂၀၅၀ ပြည့်နှစ် ရောက်သည့်အခါ မြန်မာ့ စွမ်းအင်လိုအပ်ချက် ၁၀၀% ကို ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ကြောင်း အကြံပြုထားသည့် အနာဂတ် ခန့်မှန်း ဖြစ်တန်ချေ တစ်ခု အပါအဝင် အနာဂတ် ခန့်မှန်း ဖြစ်တန်ချေ သုံးခုကို ဖော်ပြထားပါသည်။
 
“မြန်မာနိုင်ငံက လျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာနေပြီး စွမ်းအင် လိုအပ်ချက်ကလည်း ပိုမို ကြီးထွားလာနေပါတယ်။ ဒီလိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်တာကတော့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ပါပဲ။ အကြီးစား နေစွမ်းအင် စီမံကိန်း တွေကို တစ်နှစ်အတွင်း အပြီးသတ် လုပ်ဆောင်နိုင်သလို လေစွမ်းအင် စီမံကိန်းတွေကလည်း နှစ်နှစ်နဲ့ သုံးနှစ်အတွင်းမှာ စတင် လည်ပတ်နိုင်ကြပါတယ်။” ဟု WWF-မြန်မာမှ စွမ်းအင်ကဏ္ဍဆိုင်ရာ မန်နေဂျာ ဦးရွှန်းစိုဦးက ဆိုပါသည်။
 
ဤအစီရင်ခံစာတွင် ရေရှည် အကျိုးရှိစွာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ရာသီဥတု ထိခိုက်နိုင်မှု လျှော့ချနိုင်ခြင်းတို့ အပါအဝင် အစိမ်းရောင်စွမ်းအင်၏ ကောင်းသော လူမှုရေး၊ ပတ်ဝန်းကျင်အရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို အသားပေး ဖော်ပြထားသည်။
 
“ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုတာက နေစွမ်းအင်သုံး မီးအိမ်လေးတွေနဲ့ နေစွမ်းအင်သုံး အိမ် မီးလင်းရေး စနစ်တွေထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။” ဟု REAM ၏ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားခဲ့သည်။
 
“ဒီစွမ်းအင်က သန့်ရှင်တယ်၊ မြန်မြန် အကောင်အထည်ဖော်နိုင်သလို ကုန်ကျစရိတ်လည်း သက်သာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုပြီး ဖန်တီးပေးနိုင်တာမို့ အားလုံးအတွက် အကျိုးရှိတဲ့ ကိစ္စပါပဲ။” ဟု Spectrum အဖွဲ့၏ ညွှန်ကြားရေးမှူး ဒေးဗစ် အလန်က ဆိုသည်။
 
အဆိုပါအစီရင်ခံစာကို အစိုးရအဖွဲ့ထံသို့ ပေးပို့ မျှဝေပြီး ဖြစ်သလို နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း တင်ပြထားပြီး ဖြစ်ပါသည်။  
 
အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ရယူနိုင်ပါသည်။
 
WWF ဆိုသည်မှာ
ကမ္ဘာ့အကြီးဆုံးနှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများအနက် တစ်ခု ဖြစ်ပြီး ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ထောက်ခံ အားပေးသူ ၅ သန်းကျော်၏ အကူအညီဖြင့် လည်ပတ် ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ကို အသုံးပြုရန်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေး တိုက်တွန်းခြင်းအားဖြင့် ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန်နှင့် လူသားနှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်း အများအပြားသည် တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို အဓိက အာရုံစိုက်သည်။ WWF ၏ အခြား ဆောင်ရွက်နေမှုများကို သိနိုင်ရန် www.wwf.org.mm တွင် လေ့လာနိုင်ပါသည်။
 
WWF ၏ အမည်အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့ သားငှက်တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ဟု လူသိများပါသည်။)
 
မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင် အသင်း (REAM)

မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင် အသင်းကို ၁၉၉၅ ခုနှစ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းအဖြစ် စတင် တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင် ရရှိခဲ့ပါသည်။ REAM သည် ဒေသခံလူထုများအား အခြေခံလိုအပ်ချက်များ ဖြစ်သည့် အစားအစာ၊ ရေနှင့် စွမ်းအင်ဆိုင်ရာ အကျိုးကျေးဇူးများ ပေးစွမ်းရန် အလို့ငှာ အများပြည်သူ အသိပညာပေးရေး လမ်းစဉ်ဖြင့် မြန်မာနိုင်ငံအဝှမ်း ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့ပါသည်။ REAM အနေဖြင့် မကြာသေးမီကလည်း စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များ ကဏ္ဍများတွင် အမျိုးသားအဆင့် မူဝါဒများ ရေးဆွဲရေးအတွက် ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ပါသည်။
 

Spectrum - Sustainable Development Knowledge Network 
Spectrum - Sustainable Development Knowledge Network သည် မြန်မာနိုင်ငံအတွင်း နိုင်ငံအဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းစနစ်များနှင့် ပိုမိုကောင်းမွန်သော မူဘောင်များ ပေါ်ပေါက်လာစေရန် သဘာဝပတ်ဝန်းကျင်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုနှင့် သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှုတို့ဆိုင်ရာ အရေးအရာများတွင် အပြုသဘော ချိတ်ဆက် ဆောင်ရွက်လျှက် ရှိပါသည်။ ယင်းကို ၂၀၀၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ Spectrum သည် အားလုံး လက်လှမ်းမီ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထုအား အားပေးမြှင့်တင်ပေးခြင်းတို့အပြင် ပွင့်လင်းမြင်သာ ရှိမှုနှင့် တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်များကို အထူး စိတ်ဝင်တစားရှိပါသည်။ Spectrum သည် အစိုးရအဖွဲ့၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုတို့နှင့် ချိတ်ဆက်၍ သတင်းအချက်အလက် မျှဝေရေး ကွန်ရက်တစ်ခု အနေဖြင့် အသိပေးခြင်း၊ အားပေးမြှင့်တင်ခြင်းနှင့် ပညာပေးခြင်းတို့ကို ဆောင်ရွက်လျှက် ရှိပါသည်။ Spectrum သည် အရင်းအမြစ် ပစ္စည်းများနှင့် သင်တန်းများ ပံ့ပိုးပေးခြင်း၊ သက်ဆိုင်ရာ သုတသနနှင့် လေ့လာမှု ရလဒ်များ မျှဝေပေးခြင်းနှင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူလူထုတို့အကြား အပြုသဘော ထိတွေ့ဆက်ဆံနိုင်မှုကို မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်လျှက် ရှိပါသည်။
 
ဆက်သွယ်ရန်
အသေးစိတ် ထပ်မံ သိရှိလိုပါက ကိုရဲမင်းသွင် thwin.yemin@wwfgreatermekong.org ထံသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။