The WWF is run at a local level by the following offices...
PR:သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွင် စီးပွားရေးလုပ်ငန်းများ အလေးထား ပူးပေါင်းပါဝင်လာကြစေရန် Earth Hour Challenge ပြုလုပ်မည်
18 December 2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၂။ ။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွင် အလေးထားပါဝင်လာကြစေရန် နှင့် ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးသည့် စီးပွားရေးလုပ်ငန်း များ အားကောင်းလာစေရေးအတွက် WWF-မြန်မာ က ဦးဆောင်၍ Earth Hour Challenge ကို ပြုလုပ်သွားမည် ဖြစ်သည်။
Earth Hour ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းအပေါ် လူအများ ဂရုပြုလာစေရန် အတွက် ပြုလုပ်လေ့ရှိသည့် အခမ်းအနား တစ်ခုဖြစ်ပြီး၊ နိုင်ငံပေါင်း ၁၈၀ ကျော်တွင် နှစ်စဉ် ဆင်နွှဲလေ့ရှိသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အထင်ကရ အခမ်းအနား တစ်ခု ဖြစ်သည်။မြန်မာနိုင်ငံတွင် Earth Hour အခမ်းအနားကို WWF အနေဖြင့် ၂၀၁၇ ခုနှစ် က ပြုလုပ်ခဲ့ဖူးပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင်မူ သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် စီးပွားရေး လုပ်ငန်းများ ပိုမို အားကောင်းလာစေရေး အတွက် ရည်ရွယ်၍ “Earth Hour Challenge” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
“စီးပွားရေးလုပ်ငန်းတစ်ခု တိုးတက်ဖွံ့ဖြိုးလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမို ဖန်တီးပေး လာနိုင်ပြီး နိုင်ငံ့ဝင်ငွေကိုလည်း တိုးတက်စေပါတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက အချို့စီးပွားရေး လုပ်ငန်းတွေ ဟာ သဘာဝပတ်ဝန်းကျင် အပေါ် အလေးထားတဲ့ စီမံမှုတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဒီလို အလေ့အကျင့်ကောင်းတွေကို အားပေးဖို့ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စီးပွားရေးလုပ်ငန်းတွေ အလေးထားလာစေရေးအတွက် Earth Hour Challenge ကို ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု WWF-မြန်မာ ၏ မိတ်ဖက်ဖွဲ့ရေး ညွှန်ကြားရေးမှူး ဒေါ်မေမိုးဝါ က ပြောပါသည်။
Earth Hour Challenge တွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် မိမိတို့ ဆောင်ရွက်လျက်ရှိသည့် သို့မဟုတ် ဆောင်ရွက်သွားမည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်မှုများ ကို သတ်မှတ်ထားသည့် သစ်တော၊ သားငှက်တိရစ္ဆာန်၊ ရေအရင်းအမြစ်၊ စွမ်းအင်၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ ရာသီဥတု စသည့် ခေါင်းစဉ် ၆ ခုအောက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
Earth Hour Challenge တွင် အနိုင်ရရှိသည့် စီးပွားရေး လုပ်ငန်းများအား “Earth Hour Champion, Earth Hour: Brilliance, Earth Hour: Inspiration, Earth Hour: Encouragement” စသည့် ဆု (၄) ဆု သတ်မှတ်ချီးမြှင့်သွားမည် ဖြစ်ပြီး၊ WWF မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ က (၆) လကြာ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။
“WWF အနေနဲ့ သဘာဝပတ်ဝန်းကျင် ကို အလေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ပိုမို ပေါ်ပေါက်လာစေရေး ကူညီပေးလိုတဲ့ ဆန္ဒရှိပါတယ်။ စီးပွားရေးလုပ်ငန်း က ရရှိလာတဲ့ အကျိုးအမြတ်တွေထဲ က တစ်ချို့ကိုအသုံးပြုပြီး ဝန်ထမ်းတွေနဲ့အတူ သစ်ပင်စိုက်ပျိုးကြတာ၊ စက်ရုံက ထွက်တဲ့ ရေဆိုးတွေကို မြစ်တွေ ချောင်းတွေထဲ တိုက်ရိုက် မရောက်စေဘဲ ပြန်လည်သန့်စင်ပြီးမှ စွန့်ထုတ်တာ စတဲ့ အလေ့အကျင့်ကောင်းတွေကို စီးပွားရေးလုပ်ငန်းတွေ အလွယ်တကူ လုပ်ဆောင်လာနိုင်စေဖို့ အနာဂတ်မှာလည်း ကူညီပံ့ပိုး ပေးသွားမှာ ဖြစ်ပါတယ်။” ဟု ဒေါ်မေမိုးဝါ က ပြောသည်။
Earth Hour Challenge တွင် ပါဝင်ယှဉ်ပြိုင်လိုသည့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် အသေးစိတ် အချက်အလက်များ ကို သိရှိလိုပါက WWF-မြန်မာ ဝက်ဘ်ဆိုက် www.wwf.org.mm တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပြီး၊ ဖုန်း ၀၁ ၈၂၂၉၃၃၁ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။