What would you like to search for?

PR: ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရန်ကုန် နှင့် ပဲခူးတွင် တောဆင်ရိုင်း သတ်ဖြတ်မခံရခြင်း (၂)နှစ်ကျော်ပြီ

05 June 2020

ရန်ကုန်၊ ဇွန် (၅)။ ။ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး တို့အတွင်းရှိ သစ်တောနယ်မြေများအတွင်း ကျက်စားနေသည့် တောဆင်ရိုင်းများ သတ်ဖြတ်မခံရရေး အစိုးရဌာနများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများ နှင့် ဒေသခံများ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများကြောင့် လက်ရှိအချိန်တွင် အဆိုပါ တိုင်းဒေသကြီး (၂)ခု၌ တောဆင်ရိုင်း အသတ်ခံရမှု ဖြစ်စဉ်ဖြစ်ပွားခြင်းမရှိသည်မှာ အချိန်ကာလ (၂)နှစ်ကျော်ပြီ ဖြစ်ကြောင်း သိရှိရသည်။

သစ်တောဦးစီးဌာန နှင့် တောဆင်ရိုင်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းများအရ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နောက်ပိုင်းမှ စတင်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၈ခုနှစ် ဧပြီလ (၄)ရက်နောက်ပိုင်းမှ စတင်၍လည်းကောင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု မရှိတော့ခြင်း ဖြစ်သည်။

ဒီရလဒ်ဟာ တောဆင်ရိုင်းထိန်းသိမ်းရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကြီးကျယ်တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အတူတကွ ကြိုးပမ်းရင် ဒီလိုအောင်မြင်မှုတွေ ရနိုင်တယ်ဆိုတာကိုလည်း ပြသနေပါတယ်။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့က ထိန်းသိမ်းရေးကင်းလှည့် ဝန်ထမ်းတွေ၊ သစ်တောရဲတပ်ဖွဲ့ နဲ့ဒေသခံတွေဟာ အခြားသူတွေ အားကျအတုယူရစေမယ့် မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု WWF-မြန်မာ မှ ဌာနေညွှန်ကြားရေးမှူး နစ်ကော့ခ် ကပြောသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်နှစ်များအတွင်း က တောဆင်ရိုင်းသတ်ဖြတ်ခံရမှုနှုန်း အလွန်မြင့်တက်ခဲ့ပြီး၊ ပျမ်းမျှအားဖြင့် ရက်သတ္တပါတ် တစ်ပတ်လျှင် တောဆင်ရိုင်းတစ်ကောင်နှုန်း အထိ သတ်ဖြတ်ခံခဲ့ရသည်။ ယခင်က ဆင်များသည် ဆင်စွယ်အတွက် အမဲလိုက်သတ်ဖြတ်ခံခဲ့ရသော်လည်း ယခုအခါ အရေခွံခွာယူရန် အတွက်အဓိက အမဲလိုက်သတ်ဖြတ်ခံနေရပြီး၊ ဆင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကို တရားမဝင်တောရိုင်းတိရစ္ဆာန် စျေးကွက်များသို့ တင်ပို့ရောင်းချကြသည်။

ထိုသို့ ဆိုးရွားစွာ ဖြစ်ပွားနေသည့် တောဆင်ရိုင်း သတ်ဖြတ်ခံရမှုဖြစ်စဉ်များအား ရပ်တန့်နိုင်စေရန်အတွက် ၂၀၁၇ခုနှစ်မှစတင်၍ အစိုးရဌာနများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများ နှင့် ဒေသခံများပူးပေါင်းကာ တောတွင်းကင်းလှည့်မှုများ နှင့် ပြည်သူလူထုအား အသိပညာပေးမှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့တွင် တောဆင်ရိုင်း အသတ်ဖြတ်ခံရမှုနှုန်း လျော့ကျသွားခဲ့သော်လည်း အခြားဒေသအချို့တွင်မူ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တရားမဝင်လုပ်ငန်းတွေရဲ့ သဘောက တစ်နေရာမှာ သေသေချာချာတိုက်ထုတ်လိုက်ရင် အခြားအားနည်းတဲ့ တစ်နေရာမှာ ပြန်လည်ပေါ်ထွက်လာလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက တောဆင်ရိုင်းသတ်ဖြတ်မှုများတဲ့ ဒေသတွေမှာ အခုဆိုရင် စနစ်တကျတင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့တဲ့အတွက် အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာနေပါပြီ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံနေရဆဲ ဒေသတွေ ရှိနေပါသေးတယ်” ဟု WWF-မြန်မာမှ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဦးဆောင်ပညာရှင် ဦးပိုင်စိုး ကပြောသည်။

၂၀၁၁ခုနှစ်တွင် ပြုစုထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအကောင်ရေ ၂၀၀၀ အောက်ကျန်ရှိနေသေးကြောင်း ဖော်ပြထားသော်လည်း၊ ကျွမ်းကျင်သူများက လက်ရှိအချိန်တွင် တောဆင်ရိုင်းအရေအတွက်မှာ ယင်းထက်နည်းပါးနိုင်ကြောင်း ယူဆထားကြသည်။

WWF အနေဖြင့် အစိုးရ ကင်းလှည့်ဝန်ထမ်းများနှင့် ဒေသခံများ အတွက် ကင်းလှည့်နည်းစနစ်များ၊ တောဆင်ရိုင်း စောင့်ကြည့်လေ့လာခြင်း နည်းစနစ်များအား သင်တန်းပေးခြင်း၊ ကင်းလှည့်ရာတွင် လိုအပ်သည်များကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
တောဆင်ရိုင်းများသည် သစ်တောတစ်ခု၏ ဂေဟစနစ်ကို ထိန်းညှိရာတွင် အဓိကကျသည့် တိရစ္ဆာန်မျိုးစိတ် တစ်ခုဖြစ်ပြီး၊ သစ်တောဂေဟစနစ် ကောင်းမွန်ခြင်းသည် လူသားတို့၏ ကျန်းမာရေးအတွက်လည်း တစ်ဖက်တစ်လမ်း က အရေးပါလျက်ရှိသည်။
                                                                                   ----- ပြီး -----

 
WWF ဆိုသည်မှာ                                                                                     www.wwf.org.mm
ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။
WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)

မီဒီယာကိစ္စ ဆက်သွယ်ရန် -
ဦးစောလင်းထက်
ဆက်သွယ်ဆက်ဆံရေး အကြီးတန်း အရာရှိ၊ WWF-မြန်မာ
sawlinn.htet@wwf.org.mm ၊ ၀၉ ၄၂၁ ၈၉၈ ၅၆၆