What would you like to search for?

PR:စိမ်းရောင်ခြယ်မျိုးဆက်သစ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် အရည်အသွေးပြည့်ဝသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်း ကို မြန်မာနိုင်ငံတွင် စတင်ဆောင်ရွက်

12 August 2020

စိမ်းရောင်ခြယ်မျိုးဆက်သစ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် အရည်အသွေးပြည့်ဝသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်း ကို မြန်မာနိုင်ငံတွင် စတင်ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် ၁၂။       ။ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင်  ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့အကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းကို အတူတကွပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် စာလွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အခြေခံပညာ စာသင်ကျောင်းများတွင် အကောင်အထည်ဖော်မည့် စိမ်းရောင်ခြယ်မျိုးဆက်သစ်များ အမည်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေး ပူးပေါင်းဆောင်ရွက်မှုကို WWF နှင့် Save the Children အဖွဲ့တို့က ပံ့ပိုးကူညီပေးထားသည်။ စီမံကိန်းအခြေပြု လေ့လာသင်ယူမှုများ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ၊ အလေ့အကျင့်ကောင်းများ ရရှိလာစေရေး အတွက် ၂၁ရာစု စွမ်းရည်များဖြင့် ပေါင်းစပ်သင်ယူခြင်းအားဖြင့် အရည်အသွေးပြည့်ဝသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ထားသည်။

စိမ်းရောင်ခြယ်မျိုးဆက်သစ်များ စီမံကိန်း ကနဦးအဆင့်အနေဖြင့် ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ အခြေခံပညာ မူလတန်း နှင့် အလယ်တန်းအဆင့် စာသင်ကျောင်း စုစုပေါင်း (၁၃၀)တွင် ကျောင်းချိန်ပြင်ပလှုပ်ရှားမှု အဖြစ် စတင်အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး၊ လာမည့် ငါးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများတွင် တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး ရည်ရွယ်ထားသည်။

ပညာသင်ကြားပေးရတဲ့ ဆရာတွေ အနေနဲ့ အနာဂတ်မှာဖြစ်ပေါ်လာမယ့် ရာသီဥတုပြောင်းလဲမှု နဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုအကြောင်းတွေ ကို ကလေးတွေ သိရှိနားလည်အောင် ကြိုတင်ပြင်ဆင်ပေးထားရပါမယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို စိစစ်လေ့လာပြီး၊ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို ကလေးတွေကိုယ်တိုင် ဖြေရှင်းဆောင်ရွက်တတ်စေဖို့ စိမ်းရောင်ခြယ်မျိုးဆက်သစ်များ အသင်းတွေ ကနေတစ်ဆင့် အားပေးသွားမှာ ဖြစ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ပတ်ဝန်းကျင် နဲ့ နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး နားလည်သိရှိသွားနိုင်မှာ ဖြစ်ပါတယ်” ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကပြောသည်။

ရေးသားပြုစုထားသည့် သင်ရိုးညွှန်းတမ်းတွင် သဘာဝ၏အရေးပါပုံ၊ သစ်တောများအကြောင်း နှင့် သစ်တောပြုန်းတီးခြင်းများအကြောင်း၊ သားငှက်တိရစ္ဆာန်များအကြောင်း၊ စွန့်ပစ်ပစ္စည်းနှင့် အမှိုက်စီမံခန့်ခွဲမှုများအကြောင်း၊ ရေအသုံးပြုမှု နှင့် ရေညစ်ညမ်းမှုများအကြောင်း စသည့် ခေါင်းစဉ်များ ပါဝင်သည်။

ကမ္ဘာကြီးဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကို ပြန်လည်ကုစားဖို့ ကြိုးပမ်းနေရချိန်မှာ နိုင်ငံအဝှမ်း ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အနာဂတ်မှာ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်မယ့်သူတွေ၊ မြန်မာ့ခေါင်းဆောင်တွေ ဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ နောင်မျိုးဆက် ကလေးငယ်တွေ အနေနဲ့ စိမ်းရောင်ခြယ်မျိုးဆက်သစ်များအသင်းတွေ ကနေတစ်ဆင့် သဘာဝပတ်ဝန်းကျင်ရဲ့ တန်ဖိုး ကို စွဲစွဲမြဲမြဲ နားလည်သဘောပေါက်လာစေမှာ ဖြစ်ပါတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ကပြောသည်။

စိမ်းရောင်ခြယ်မျိုးဆက်သစ်များ အသင်း သင်ရိုးညွှန်းတမ်းသည် ပညာရေးဝန်ကြီးဌာန မှ ဆောင်ရွက်နေသည့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (NESP) တွင် ပါဝင်သည့် ကလေးဗဟိုပြုသင်ကြားနည်း ကို ပိုမိုအားကောင်းလာစေရန် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပါဝင်ဆောင်ရွက်နေသည့် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေးလုပ်ငန်းအဖွဲ့ (AWGEE)၏ လုပ်ငန်းစဉ်များကိုလည်း  အထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး၊  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်လည်း ကိုက်ညီမှုရှိအောင် ရေးသားပြုစုထားသည်။

လက်တွေ့လှုပ်ရှားမှုများ ပြုလုပ်ရာတွင် ကျောင်းသား/ကျောင်းသူများ ကသာ ဦးဆောင်ပြုလုပ်သွားမည် ဖြစ်ပြီး၊ ဆရာ/ဆရာမများ နှင့် မိဘဆရာအသင်းဝင်များ က  ပံ့ပိုးကူညီသူအဖြစ်သာ ဆောင်ရွက်သွားမည် ဖြစ်ကာ အစိုးရက ထုတ်ပြန်ထားသည့် ကပ်ရောဂါဆိုင်ရာ လိုက်နာရမည့် ထုတ်ပြန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။

----- ပြီး -----
 
WWF ဆိုသည်မှာ                                                                      https://www.wwf.org.mm/
ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။
WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)
 
Save the Children ဆိုသည်မှာ                                     https://myanmar.savethechildren.net/                     
Save the Children သည် ၁၉၉၅ ခုနှစ်မှ စတင်ကာ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ အရေးကြီးသော ကဏ္ဍများတွင် ကလေးများကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့သည်။ စတင်ခဲ့စဉ်ကပင် Save the Children သည် ပြည်တွင်းရှိ ၎င်း၏ စီမံကိန်းများကိုတိုးချဲ့ပြီး အန္တရာယ်ကျရောက်ရန်လွယ်ကူကာ အခွင့်အလမ်းမဲ့နေသော ကလေးများနှင့် ၎င်းတို့၏ မိသားစုများအား အာဟာရပြည့်ဝသော အစားအသောက်၊ လုပ်ခကောင်းသော အလုပ်အကိုင်နှင့် ငွေကြေးဝန်ဆောင်မှုများ၊ ရပ်ရွာ၏စောင့်ရှောက်မှု၊ ကလေးအခွင့်အရေး၊ သန့်ရှင်းသောရေနှင့် ပတ်ဝန်းကျင်၊ ငှက်ဖျားနှင့် TB ရောဂါထိန်းချုပ်မှု၊ HIV/AIDS ရောဂါကုသမှုတို့ ရရှိနိုင်စေရန် ကူညီမှုများပေးနေပါသည်။
မြန်မာနိုင်ငံရှိကလေးသူငယ်များအနေဖြင့် ရှင်သန်ခွင့်၊ ကာကွယ်မှုရရှိပိုင်ခွင့်၊ ဖွံ့ဖြိုးခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် စသည့် အခွင့်အရေးများကို ရရှိကာ ဘဝအနာဂတ် တိုးတက်ကောင်းမွန်ရေးအတွက် Save the Children က လုပ်ဆောင်လျက်ရှိပါသည်။ ရလဒ်အနေဖြင့် နိုင်ငံတော်အဆင့် မူဝါဒချမှတ်ရေးလုပ်ငန်းစဉ်များတွင် Save the Children  အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရပါသည်။