What would you like to search for?

PR:မြန်မာ့ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များအကြောင်း လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာထွက်ရှိ

23 September 2020

ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်တို့ ကျန်းမာကြံ့ခိုင်စေရန် သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေဆဲ မြန်မာ့မြစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်ကြောင်း WWF ၏ အစီရင်ခံစာသစ်က တိုက်တွန်း

ရန်ကုန်၊ စက်တင်ဘာလ ၂၃ ရက် - မြန်မာပြည်သူတို့၏ ကျန်းမာရေးနှင့် သာယာဝပြောရေးအတွက် မြန်မာနိုင်ငံ၏ တမူထူးခြား အဖိုးတန်လှသော သဘာဝအတိုင်း လွတ်လပ်စွာစီးဆင်းနေဆဲ မြစ်များကို ချက်ချင်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြထားသည့် အစီရင်ခံစာသစ် တစ်စောင်ကို WWF-မြန်မာက စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့မြစ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် ထုတ်ပြန်လိုက်ပါသည်။
 
မြန်မာ့ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များအကြောင်း လေ့လာဆန်းစစ်ခြင်းအစီရင်ခံစာသည် မြန်မာပြည်သူတို့၏ စီးပွားရေးနှင့် အသက်ရှင်သန်မှုအတွက် သဘာဝအတိုင်း လွတ်လပ်စွာစီးဆင်းနေဆဲ မြစ်များ၏ အရေးပါပုံကို မီးမောင်းထိုး ဖော်ပြထားပြီး အပူပိုင်းအာရှဒေသ၏ နောက်ဆုံးလက်ကျန် ရှည်လျားပြီး လွတ်လပ်စွာ စီးဆင်းနေဆဲ ဧရာဝတီ၊ ချင်းတွင်းနှင့် သံလွင်မြစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းထားပါသည်။
 
ကမ္ဘာ့ရှည်လျားတဲ့ မြစ်ကြီးတွေရဲ့ သုံးပုံတစ်ပုံကပဲ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် စီးဆင်းမြဲ မြစ်တွေအနေနဲ့ ကျန်ရှိတော့ပြီး အဲဒီထဲက စင်းက မြန်မာနိုင်ငံထဲမှာ စီးဆင်းနေပါတယ်။ မြန်မာ့မြစ်တွေက တမူထူးခြားပြီး အထောက်အကူပြုနိုင်စွမ်း မြင့်မားသလို ဇီဝမျိုးစုံမျိုးကွဲတွေလည်း ကြွယ်ဝပါတယ်။ အပူပိုင်းအာရှဒေသရဲ့ နောက်ဆုံးလက်ကျန် ရှည်လျားပြီး သဘာဝအတိုင်း လွတ်လွတ်လပ်လပ် စီးဆင်းနေဆဲ မြစ်ကြီး စင်းက ဒီနိုင်ငံရဲ့ ပြည်သူတွေအတွက် ကာကွယ်စောင့်ရှောက်ရမယ့် အရာတွေအဖြစ် သတ်မှတ်ခံရဖို့ လိုပါတယ်ဟု WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး နစ်ကော့စ်က ပြောပါသည်။
 
ဧရာဝတီ မြစ်ဝှမ်းအခြေအနေ ဆန်းစစ်လေ့လာမှု (SOBA) အရ ဧရာဝတီမြစ်ကြီး၏ ဂေဟစနစ် ဝန်ဆောင်မှုများ သက်သက်ပင်လျှင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ၇ ဘီလီယံအထိ တန်ကြေးရှိပြီး ယင်းပမာဏမှာ လူတစ်ဦးကျ GDP ၏ ၅ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိကို ကိုယ်စားပြုနေပါသည်။ ထို့ပြင် အဆိုပါ မြစ်များမှ ရှရှိသော ငါးများသည် ပုံမှန်စားသုံးနေကျ မြန်မာ့အစားအစာတွင် ပါဝင်သော အသားဓာတ်၏ သုံးပုံနှစ်ပုံကို ထောက်ပံ့ပေးနေပြီး အဆိုပါ ငါးသယံဇာတများသည် နိုင်ငံ့လူဦးရေ ၆ ရာခိုင်နှုန်းကျော်၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များအတွက် ငါးလုပ်ငန်းနှင့် ငါးပုစွန်မွေးမြူရေး ကဏ္ဍများမှ တိုက်ရိုက် ပံ့ပိုးပေးလျက် ရှိပါသည်။
 
စတင်မြစ်ဖျားခံရာမှသည် ပင်လယ်ထဲသို့စီးဝင်ချိန်အထိ တစ်ဆက်တစ်စပ်တည်း ဆက်စပ်နေပြီး သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေသော မြစ်များသည် ရေနှင့် နုန်းအနည်အနှစ်များကို လွတ်လွတ်လပ်လပ်ဖြင့်  မြစ်အောက်ဘက်ပိုင်းသို့ စီးဆင်းမျောပါစေပြီး ရေချိုမျိုးစိတ်များကိုလည်း အထက်-အောက် လွတ်လပ်စွာ စုန်ဆန်ကူးခပ် သွားလာနိုင်စေပါသည်။ ယင်းလုပ်ဆောင်မှုများက ကျန်းမာသော မြစ်တစ်စင်းအတွက် ၄င်း၏ မတူကွဲပြားမျိုးစုံမှု၊ အကျိုးဖြစ်ထွန်းမှု၊ ရေကြီးခြင်းနှင့် ရာသီဥတုပြောင်းလဲမှု စသည်တို့ကို ကြံ့ကြံ့ခံနိုင်မှုတို့ကို ကာကွယ်ရန် အလွန်အရေးကြီးပါသည်။ မြန်မာ့သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များသည် ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ သောက်သုံးရန်ရေ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အသက်မွေး ဝမ်းကျောင်းမှုတို့ကို သာမက ပြည်တွင်းရေကြောင်းသွားလာမှုကိုလည်း အထောက်အကူ ပြုနေပါသည်။
 
မြန်မာ့မြစ်များအနေဖြင့် အကျိုးပြုမှု မြင့်မားပြီး ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝစွာ ကျန်ရှိနေရခြင်း၏ အဓိက အကြောင်း အရင်းမှာ ယင်းမြစ်များ အနေဖြင့် သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနိုင်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်ဟု ဤအစီရင်ခံစာတွင်ဖော်ပြထားပါသည်။ သို့သော် ရေအားလျှပ်စစ်ဆည်တည်ဆောက်ရေး အစီအစဥ်များက အဆိုပါ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များကို ခြိမ်းခြောက်လျက် ရှိသည် ဟုလည်း ဖော်ပြ
ထားပါသည်။
 
ဆည်တွေ တည်ဆောက်လိုက်ခြင်းက မြစ်တွေ စီးဆင်းမှုကို အဟန့်အတားဖြစ်စေပါတယ်။ ဒီလိုဆို သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်တစ်စင်းက ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ ဆုံးရှုံးရမှာပါ။ အဲဒီဆုံးရှုံးမှုကြောင့် အသက်မွေးဝမ်းကျောင်းအတွက် မြစ်ကို အမှီပြုနေရတဲ့ သူတွေတင် ခံစားရမှာမဟုတ်ဘဲ တစ်နိုင်ငံလုံးအနေနဲ့ပါ ခံစားရမှာပါ။ ဘာလို့လဲဆိုတော့ ငါး နည်းနည်းပဲရတော့မယ်၊ အထွက်မကောင်းတဲ့ လယ်ကွင်းတွေဖြစ်လာမယ်၊ ပြီးတော့ ရာသီဥတု ပြောင်းလဲမှုဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းလည်း လျော့နည်းလာပါမယ် လို့ WWF-မြန်မာ၏ ရေချိုထိန်းသိမ်းရေး အစီအစဥ် အရာရှိ ဦးဆလိုင်းသူရဇော်က ပြောပါသည်။
 
ရေအားလျှပ်စစ်ထုတ်လုပ်သည့်ဆည်များ စီစဥ်ခြင်းနှင့် တည်ဆောက်ခြင်းများက အဆိုပါ တမူထူးခြားပြီး သဘာဝအတိုင်း လွတ်လပ်စွာစီးဆင်းနေဆဲ မြစ်များနှင့် ၎င်းတို့မှပေးသော အကျိုးကျေးဇူးများအတွက် အဓိကခြိမ်းခြောက်မှုကြီးပင်  ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် မြစ်များ၏ အဖိုးတန်မှုကို ထိန်းသိမ်းရန် ရေအားလျှပ်စစ်အစား နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်ပြည့်မြဲ စွမ်းအင်သစ်များကို အလေးထားသည့် စွမ်းအင်မျှော်မှန်းချက် တစ်ခု ဖြစ်ပေါ်လာရန် အရေးကြီးပါသည်။ ပြန်ပြည့်မြဲ စွမ်းအင်သစ်များက သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု နည်းရုံသာမက သက်သာသော စျေးနှုန်းနှင့် တည်ဆောက်ချိန် ပိုမိုမြန်ဆန်မှု စသည့် အကျိုးကျေးဇူးများပါ ရှိပါသည်။
 
သဘာဝအတိုင်းလွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များကို စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် အကျိုးရှိ ထိရောက်သော ယန္တရားတစ်ရပ် အကောင်အထည် မဖော်နိုင်မချင်း  မြန်မာနိုင်ငံတွင် ဆည်အသစ်များ တည်ဆောက်ရန် စီစဉ် အကောင်အထည်ဖော်နေမှုများကို ဆိုင်းငံ့ထားရန် WWF အနေဖြင့် အကြံပြုလိုပါသည်။
 
 
                                                                                  ___ ပြီး___

WWF ဆိုသည်မှာ                                                                                   www.wwf.org.mm
ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။
WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)