What would you like to search for?

PR: မြန်မာနိုင်ငံ၏ သန့်စင်ကုန်ထုတ်လုပ်မှု အလေ့အကျင့်များဆိုင်ရာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု webpage စတင်ထုတ်လွှင့်ကြောင်း မိတ်ဆက်ခြင်း

27 January 2021

ရန်ကုန်၊ ဇန်နဝါရီလ ၂၇ရက် - ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးထားသော သဘာဝစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း(F&B)များအတွက် အစိမ်းရောင်နှင့်သန့်စင်ကုန်ထုတ်လုပ်မှု အလေ့အကျင့်များ အကြောင်း အထူးပြုဖော်ပြထားသော ပတ်ဝန်းကျင်စီမံခန့်ခွဲမှု webpageကို ဒီနေ့တွင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ webpageကို မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MFPEA) websiteတွင် အခြေပြု တည်ဆောက်ထားခြင်းဖြစ်ပါသည်။

စိတ်ပါဝင်စားသောစီးပွားရေးလုပ်ငန်းများအနေဖြင့် သန့်စင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေရှိသော ကုန်ထုတ်လုပ်မှုအလေ့အကျင့်များမှ အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၏ သတင်းအချက်အလက်များနှင့် ရေဆိုးသန့်စင်မှုနည်းစနစ်၊ စွမ်းအင်ထိရောက်စွာ အသုံးချမှုနည်းစနစ်များနှင့် ပတ်သတ်သော နမူနာများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှု webpageတွင်လေ့လာနိုင်ပါသည်။ စီးပွားရေးလုပ်ငန်းများကို အစိမ်းရောင်နည်းပညာ (green solutions)များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သတ်ပြီး အကြံပေး၊ ပံ့ပိုးပေးနိုင်သော အဆိုပါ နည်းပညာများဆိုင်ရာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီ/လုပ်ငန်းများနှင့် အကြံပေးပညာရှင်များ၏ ဆက်သွယ်ရမည့် လိပ်စာများစာရင်းကိုလည်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှု webpageတွင် ထည့်သွင်းဖော်ပြပေးထားပါသည်။ အလားတူ ၄င်း webpageတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် သဘာဝစီမံကိန်း၏ မိတ်ဖက်ဘဏ်များမှ အစိမ်းရောင်ဘဏ္ဍာရေး (green finance)ကဏ္ဍအောက်မှ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ရယူနိုင်ရန်နှင့် ပတ်သတ်သော သတင်း အချက်အလက်များကို ဖော်ပြထားပါသည်။ ခြုံငုံပြီး ဖော်ပြရမည်ဆိုလျှင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု webpageသည် သန့်စင်ကုန်ထုတ်လုပ်မှု အလေ့အကျင့်များဆိုင်ရာ ရေဆိုးသန့်စင်နည်းပညာ၊ စွမ်းအင်ထိရောက်စွာအသုံးချမှုနည်းပညာ နှင့် အစိမ်းရောင်ဘဏ္ဍာရေး (green finance)များနှင့် ပတ်သတ်သော သတင်းအချက်အလက်များနှင့် အဆိုပါ နည်းပညာများကို အသုံးပြုအကောင်ထည်ဖော်လိုလျှင် လိုအပ်သည့် အချက်အလက်များကို အသေးစိတ်ဖော်ပြ ထားခြင်း ဖြစ်သည်။ 
 
အခု မိတ်ဆက်ပေးလိုက်တဲ့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု webpageက စီးပွားရေးလုပ်ငန်းတွေကို သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ အလေ့အကျင့်တွေဆိုတာ ဘာလဲဆိုတာကို ပိုမို နားလည်စေအောင် ကူညီပေးမှာပါ။ နောက်ပြီး ဒီအလေ့အကျင့်တွေဆိုတာ ဘယ်လိုမျိုးလဲ၊ အလေ့အကျင့်တစ်ခုချင်းစီရဲ့ ဥပမာတွေနဲ့ပေါ့။ နောက်ပြီး အဲ့အလေ့အကျင့်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ သက်ဆိုင်တဲ့ အကြံပေး ပညာရှင်/ကျွမ်းကျင်ပညာရှင်တွေကို ရှာဖွေတွေ့ရှိဖို့လည်း ကူညီပေးပါလိမ့်မယ် ”ဟု မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) ဒုတိယ ဥက္ကဌ ဦးစိန်သောင်းဦးက ဆိုပါတယ်။ 
 
မြန်မာနိုင်ငံရှိ ကုမ္ပဏီများတွင် ၆၀%က စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍမှာ တည်ရှိနေပြီး အဆိုပါ လုပ်ငန်းများ၏ ၅%အောက်သာ ရေဆိုးသန့်စင်မှုနည်းစနစ်ကို အကောင်အထည်ဖော် အသုံးပြုနေခြင်းဖြစ်ပါသည်။ 
 
 “COVID-19 ကပ်ရောဂါကြီး အခုလို ဖြစ်ပွားနေတဲ့အချိန်မှာ အဲ့လို ဖြစ်ပွားနေတာက ကျွန်တော်တို့အားလုံး ကိုယ့်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝအရင်းအမြစ်တွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကို သတိပေးနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ အလေ့အကျင့်နဲ့ဆိုင်တဲ့ သတင်း အချက်အလက်နဲ့ အသိပညာဗဟုသုတတွေအပေါ် အလေးထားခြင်းက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့လုပ်ငန်း ကြီးထွားဖို့၊ ပိုက်ဆံပိုချွေတာနိုင်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိနိုင်ဖို့အတွက် အခွင့်အရေးဖန်တီး ပေးနေတာပါ။ WWFအနေနဲ့ သဘာဝစီမံကိန်းက အခုပြုလုပ်လိုက်တဲ့ ကြိုးပမ်းမှုက အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းတွေ ပိုပြီးစိမ်းလန်းတဲ့ နည်းပညာတွေ ရွေးချယ်နိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ ယုံကြည်ပါတယ် ”လို့ သဘာဝစီမံကိန်း၊ သဘာဝ သဟဇာတကုန်ထုတ်လုပ်မှု မန်နေဂျာ Mr. Ujjwal Pokhralကဆိုပါတယ်။ 
 
သဘာဝစီမံကိန်းအနေနဲ့ ရေဆိုးသန့်စင်စက်ရုံ (၅)ခု တည်ဆောက်အသုံးပြုနိုင်အောင် ကူညီပေးခဲ့ပြီး စွမ်းအင် ထိရောက်စွာအသုံးချမှုဆိုင်ရာ စစ်ဆေးပေးမှု (၁၅)ခု လုပ်ဆောင်ပေးခဲ့ခြင်းနှင့် ပြည်တွင်း အကြံပေးပညာရှင် (၁၀)ဦးနှင့် အထက်ကိုလည်း အဆိုပါ စွမ်းအင်ထိရောက်စွာ အသုံးချမှုဆိုင်ရာ စစ်ဆေးပေးမှု လုပ်ဆောင်နိုင်အောင် သင်ကြား ပို့ချပေးခဲ့ပါသည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (၁၈၅)ခုကျော်ကို သန့်စင်ခြင်းနှင့် အစိမ်းရောင် ကုန်ထုတ်လုပ်မှုအလေ့အကျင့်ဆိုင်ရာ သင်တန်းများလည်း ပို့ချပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ အတွက် အစိမ်းရောင် ဘဏ္ဍာရေး (green finance)အကြောင်းကိုလည်း မိတ်ဖက်ဘဏ် (၄)ခု၊ Responsible Business Fund (RBF)တို့နှင့် ပူးပေါင်း၍ ရှင်းလင်းပြောပြခဲ့ပါသည်။ 
 
ဖော်ပြပါ ပံ့ပိုးကူညီမှုများအပြင် အနာဂါတ်တွင် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဥ် (EMP)နှင့် ပတ်သတ်၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို သဘာဝစီမံကိန်းအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန(MoNREC)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာန(ECD)နှင့် အတူပူးပေါင်း၍ လုပ်ကိုင် ဆောင်ရွက်နေပါသည်။ 
 
ပတ်ဝန်းကျင်စီမံခန့်ခွဲမှု webpage: https://mfpea.org/environmental-regulations/
 
သဘာဝစီမံကိန်းဆိုသည်မှာ 
ဥရောပသမဂ္ဂ၏ SWITCH-Asiaအစီအစဉ်မှာ ရန်ပုံငွေပံ့ပိုးထားသော လေးနှစ်တာ စီမံကိန်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သဘာဝစီမံကိန်း၏ အဓိက အလေးပေးဆောင်ရွက်မှု ကဏ္ဍမှာ စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှုလုပ်ငန်းကဏ္ဍ၏ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF)၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA)နှင့် Savings Banks Foundation for International Cooperation (SBFIC) စသည့် အဖွဲ့အစည်း ၃ခုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်ပါသည်။ စီမံကိန်း၏ ခြုံငုံသုံးသပ်၍ရသော ဦးတည်ချက်မှာ သန့်စင်ကုန်ထုတ်လုပ်မှု အလေ့အကျင့်များဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နိုင်သော ပတ်ဝန်းကျင်ဖြစ်ရေးကို ဦးတည်ခြင်း ဖြစ်ပါသည်။ ယခု စီမံကိန်း၏ အမည် "သဘာဝ" သည် စက်မှုလုပ်ငန်းများမှ အသုံးပြုနေသည့် သဘာဝနှင့် အရင်းအမြစ်များ အပေါ်တွင် ခိုင်မာသည့် ကတိကဝတ်ပြု၍ လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြသနေသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် လုပ်ငန်းလည်ပတ်မှုနည်းလမ်းမျိုးကို လိုက်နာကျင့်သုံး သွားမည်ဆိုသော ကတိကဝတ်ကို ရည်ညွှန်းသည်။
 
ဥရောပသမဂ္ဂဆိုသည်မှာ
သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာဆောင်ရွက်မှုတို့သည် ဥရောပသမဂ္ဂ၏ အဓိကဦးစားပေး ဆောင်ရွက်မှု တစ်ခုဖြစ်ပါသည်။ Paris Agreement၏ ရည်မှန်းချက်များကို အောင်မြင်စွာ ဆောင်ရွက် အကောင်အထည်ဖော်နိုင်ရန် ဦးတည်၍ နိုင်ငံပေါင်းစုံပါဝင်သော အစုအဝေးများနှင့် နှစ်နိုင်ငံသဘောတူထားသော ပူးပေါင်းဆောင်ရွက်မှုများတွင် ဥရောပသမဂ္ဂအနေဖြင့် ရည်မှန်းချက်ကြီးသော ရာသီဥတုဆိုင်ရာဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်နေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဆောင်ရွက်ရာတွင် အထောက်အပံ့ပေးနေသော ထိပ်တန်း နိုင်ငံတကာ ရာသီဥတုဆိုင်ရာ ငွေကြေးပံ့ပိုးသူလည်းဖြစ်ပါသည်။ ရေရှည်တည်တံ့သော တိုးတက်ဖွံ့ဖြိုးမှုလမ်းစဥ်တွင် အားလုံးပူးပေါင်း ပါဝင်လာမှုကို  တိုးမြှင့်ခြင်း၊ သာမန်ရိုးကျ စီးပွားရေးကို အစားထိုးသည့် စီးပွားရေးနည်းလမ်းတို့ကို ဦးတည်သော ကာဗွန်ထုတ်လုပ်မှုနည်းသော၊ အရင်းအမြစ် ထိရောက်စွာအသုံးချနိုင်သော ၊ စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန်နှင့် ဆင်းရဲမှုလျှော့ချခြင်းတို့တွင် အထောက် အပံ့ပေးခြင်းတို့ကိုလည်း တိုးမြှင့်လုပ်ဆောင် နေပါသည်။ ရေရှည်တည်တံ့သော တိုးတက်ဖွံ့ဖြိုးမှုသည် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံတွင်ဆောင်ရွက်မှုများတွင် အခြေခံဖြစ်သောကြောင့် ပလတ်စတစ်သုံးစွဲမှုတားဆီးခြင်း၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် အထည်အလိပ်၊ စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍများတွင် ရေရှည်တည်တံ့သော သုံးစွဲမှုနှင့် ထုတ်လုပ်ခြင်းများကို အလေးထားသည့် စီမံကိန်းများကို နှစ်ရှည် ကတိကတဝတ်ဖြင့် ရန်ပုံငွေထောက်ပံ့ပေးခြင်းများ ပြုလုပ်နေပါသည်။ 
 
WWF ဆိုသည်မှာ    
ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။
WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)