What would you like to search for?

PR: WWF နှင့် WildAid တို့သည် ကပ်ရောဂါဆိုးထပ်မဖြစ်စေရန် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးအတွက် 'The Price We Pay' အမည်ဖြင့် ပညာပေးကမ်ပိန်း စတင်

21 July 2022

ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်သလို ဇီဝမျိုးစိတ်များ ဆုံးရှုံးစေသည့် အွန်လိုင်းမှနေ၍ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာနေခြင်းကို တားဆီးရန်အတွက် မြန်မာနိုင်ငံရှိ အမူအကျင့်များကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါသည်။

ဇူလိုင်လ ၂၀၂၂၊ ရန်ကုန် – မြန်မာနိုင်ငံနှင့် အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းတွင် တောရိုင်းတိရစ္ဆာန်များအား အွန်လိုင်းမှ တရားမဝင် ရောင်းဝယ်နေမှု များပြားလာခြင်းကြောင့် ဝယ်လိုအား လျှော့ချရန်နှင့် ကပ်ရောဂါဆိုးထပ်မဖြစ်စေရန် WWF သည် “The Price We Pay” ဟုခေါ်သည့် ကမ်ပိန်းကို WildAid နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပါသည်။
 

WWF အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံး၏ မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနအရ ၂၀၂၀ မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ ရောင်းချသည့် Facebook ပို့စ်များ ၇၄% အထိ တိုးလာကြောင်း တွေ့ရှိရသည်။ အဆိုပါ အရောင်းပို့စ်များတွင် ပါဝင်သော မျိုးစိတ်များ၏ ၇၁% သည် မြန်မာနိုင်ငံ ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ “လုံးဝကာကွယ်ထားသည့်” တိရစ္ဆာန်မျိုးစိတ်များ ဖြစ်သည်။ WWF ၏ ၂၀၂၀ အစီရင်ခံစာက မဟာမဲခေါင်ဒေသကြီး (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်) သည် COVID-19 မှ အစပြု၍ တိရစ္ဆာန်မှ လူသို့ ကူးစက်သည့် ကပ်ရောဂါမျိုး အနာဂတ်တွင် စတင် ဖြစ်ပွားနိုင်ခြေ မြင့်မားသည့် ဒေသအဖြစ် ထောက်ပြ သတိပေးခဲ့သော်လည်း ရောင်းဝယ်မှု မြင့်တက်နေဆဲဖြစ်သည်။

ယနေ့ထွက်ရှိလာသည့် နှစ်မိနစ်စာ ဗီဒီယိုတွင် ကြည့်ရှုသူများကို  တောရိုင်းတိရစ္ဆာန်များအား အထိန်းအကွပ်မဲ့ ရောင်းဝယ်ဖောက်ကားမှုအတွက် မြန်မာနိုင်ငံတွင် ကျန်းမာရေးအန္တရာယ်ကျရောက်ပြီး မည်ကဲ့သို့ ပေးဆပ်ကြရနိုင်သည်ကို သရုပ်ဖော် ပြသထားသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်း COVID-19 ကြောင့် မည်မျှဆုံးရှုံးခဲ့ရပြီး တောရိုင်းတိရစ္ဆာန်များကို ဆက်လက်ရောင်းဝယ်နေလျှင် ကပ်ရောဂါထပ်ဖြစ်နိုင်မယ့် အန္တရာယ်ကို ထောက်ပြ သတိပေးထားသည့် ဗီဒီယိုလည်းဖြစ်သည်။

ယခုဗီဒီယိုတွင် ပါဝင်ခဲ့သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် သုတေသနပညာရှင် ဒေါက်တာ နေမျိုးရွှေက “သဘာဝတရားမှာ အရာအားလုံးက သူ့ကဏ္ဍနဲ့သူ အရေးပါ ပါတယ်။ သဘာဝဒေသတွေထဲက တောရိုင်းတိရစ္ဆာန်တွေကို  ဖယ်ရှားလိုက်ခြင်းက ဂေဟစနစ်ကို ပျက်စီးစေပါတယ်။ မြန်မာ့တောတောင်၊ ရေမြေ၊ ကောင်းကင်တွေမှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့သွားတာမျိုး မဖြစ်ဖို့နဲ့ မြန်မာနိုင်ငံရဲ့လက်ရှိစိန်ခေါ်မှုတွေမှာ နောက်ထပ်ကပ်ရောဂါတစ်ခုကိုပါ ထပ်မထည့်မိစေဖို့ အပြုအမူတွေကို ပြောင်းလဲသင့်ပါပြီ” ဟု ပြောသည်။

ကျွန်တော်တို့ရဲ့အပြုအမူကို မပြောင်းလဲဘဲ ဆက်ပြီး တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မွေးနေကြမယ်၊ တောကောင်သားတွေကို စားသုံးနေကြမယ်ဆိုရင် အကျိုးဆက်ကို ပြန်ပေးဆပ်ရပါလိမ့်မယ်။ လူနဲ့ တိရစ္ဆာန်တွေကြား ကူးစက်ရောဂါတွေ ဖြစ်လာနိုင်တာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး  ကမ္ဘာတစ်ဝန်းက လူတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်” ဟု WildAid ၏ လုပ်ငန်းအစီအစဉ်များဆိုင်ရာ အရာရှိချုပ် John Baker က ပြောကြားခဲ့သည်။

လက်ရှိတွင် WWF သည် Myanmar Responsible Tourism Institute နှင့် လက်တွဲပြီး ခရီးသွားလုပ်ငန်းရှင်များအား သင်တန်းပေးလျှက်ရှိသည်။ အဆိုပါသင်တန်းတွင် တောရိုင်းတိရစ္ဆာန် မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အကျိုးကျေးဇူးများ၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်နေမှုကို ခရီးသွားကဏ္ဍက တစ်ဖက်တစ်လမ်းမှ တားဆီးနိုင်ပုံ နှင့် အများပြည်သူကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုများအကြောင်း အသေးစိတ် ပို့ချပေးသည်။

တောရိုင်းတိရစ္ဆာန်တွေရော ကိုယ့်ကိုယ်ကိုပါ ကာကွယ်နိုင်ဖို့ ဒီတရားမဝင် ကိစ္စရပ်တွေကို အတူပူးပေါင်းတားဆီးကြဖို့ ၊ တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ ” တောရိုင်းတိရိစ္ဆာန်တွေကို လူတွေရဲ့အနီးနား ခေါ်ဆောင်လာခြင်းက သူတို့အတွက်ရော ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ ဂေဟစနစ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေကို တကယ် ချစ်ပြီး ကာကွယ်ချင်တယ်ဆိုရင် သဘာဝအတိုင်းပဲ ဘေးကင်းစွာနေကြပါစေ ဟုလည်း WWF-US ၏ အကြီးတန်းအကြံပေး Jan Vertefeuille က ထည့်သွင်းပြောကြားခဲ့သည်။

WildAid နှင့် WWF တို့အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည့် ယခု ဗီဒီယိုကို Peach Marketing Consultancy မှ ဖန်တီးပေးထားပါသည်။  မြန်မာနိုင်ငံတွင်တွေ့ရသော မျောက်မျိုးစိတ်နှင့် ပိုမိုနီးစပ်စေရန် မျောက်တစ်ကောင်၏ နဂိုရှိပြီးသား 3D ရုပ်လုံးကြွ ဖိုင်တစ်ခု၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်၊ အမွေးနှင့် အသားအရောင်တို့ကို လေ့လာပြီးကိုက်ညီအောင် ပြုလုပ်ထားသည်။ သို့ဖြစ်သောကြောင့် 3D ရုပ်လုံးကြွပုံစံထည့်သွင်းပြီး လှုပ်ရှားနိုင်သော ရုပ်ပုံများကို ဖန်တီးနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် 3D နည်းပညာဖြင့် ဖန်တီးထားသော စီးပွားဖြစ်ကြော်ငြာများ ယခင်က ရှိသော်လည်း တောရိုင်းတိရစ္ဆာန်ပညာပေးအတွက် သုံးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

'The Price We Pay' ဗီဒီယိုအပြင်  အခမဲ့သုံးစွဲနိုင်စေမည့်  Viber စတစ်ကာများဖြင့်  တရားမဝင် တောရိုင်းတိရိစ္ဆာန်ကုန်သွယ်မှုကို ပိုမိုသိရှိနားလည်လာစေရန်နှင့် အပြုအမူများကို မပြောင်းလဲလျှင် ဖြစ်လာနိုင်ချေရှိသောနောက်ဆက်တွဲဆိုးကျိုးများကို အသိပညာဖြန့်ဝေသွားမည်ဖြစ်သည်။  'ဖိုးဉာဏ်' ဟုခေါ်သော အဆိုပါ စတစ်ကာများကို  ယခု Link မှ ရယူနိုင်သည်။ https://vb.me/phoenyan_media

 ----- ပြီး -----
 

https://asiapacific.panda.org/?372899/going-viral-report

https://www.wwf.de/fileadmin/fm-wwf/Publikationen-PDF/WWF-Report-Human-Zoonotic-Disease-Risk-in-Southeast-Asia-with-a-Focus-on-Wildlife-Markets.pdf

https://www.worldbank.org/en/news/press-release/2020/12/15/myanmars-economy-hit-hard-by-second-wave-of-covid-19-report
 

အယ်ဒီတာအမှာစာ

Media Asset များကို ရယူရန် : https://drive.google.com/drive/folders/1P1NshDp5lnHSzQAKud4QKT6lOEejprXs?usp=sharing

'The Price We Pay' ဗီဒီယိုကြည့်ရှုရန် :

မြန်မာစာတန်းထိုး : https://youtu.be/OO28-hTXSZQ

အင်္ဂလိပ်စာတန်းထိုး : https://youtu.be/Qy1hg5AHlE8

 

သတင်းမီဒီယာကိစ္စများအတွက် ဆက်သွယ်လိုပါက

စောလင်းထက်

+95 1 8229331

sawlinn.htet@wwf.org.mm

 

WWF ဆိုသည်မှာ                                                  

ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် တောရိုင်းတိရစ္ဆာန်နှင့် ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။

WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)

 

WildAid ဆိုသည်မှာ 

WildAid သည် တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ရောင်းဝယ်မှုနှင့် အခြားအန္တရာယ်များမှ ကာကွယ်ရန် ဦးတည်လုပ်ဆောင်နေသည့် အကျိုးအမြတ်အတွက် မရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ အများစုသည် တိရစ္ဆာန်များအား အမဲလိုက်သတ်ဖြတ်မှုမှ ကာကွယ်ရန် အာရုံစိုက်သော်လည်း WildAid သည် ဆင်စွယ်၊ ကြံ့ချိုနှင့် ငါးမန်းတောင်ဟင်းချိုကဲ့သို့သော နာမည်ကြီး တောရိုင်းတိရစ္ဆာန်ပစ္စည်းများ စားသုံးမှုကို လျှော့ချရန် အဓိကလုပ်ဆောင်သည်။ WildAid သည် ကျော်ကြားသော Ambassador များ၊ ကမ္ဘာကျော်မီဒီယာများနှင့်အတူ လက်တွဲ၍ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း (၂၀၀) ကျော်နှင့် ညီမျှသော မီဒီယာလွှမ်းခြုံမှုရလဒ်ကို "ဝယ်သူမရှိရင် သတ်ဖြတ်ခြင်းလည်း မရှိနိုင်ပါ " ဆိုသည့် ရိုးရှင်းသော သတင်းစကားဖြင့် ရယူပေးနေပါသည်။

ဒေါက်တာနေမျိုးရွှေအကြောင်း 

 

 

ဒေါက်တာနေမျိုးရွှေသည် မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အသိပညာနှင့် အတွေ့အကြုံ (၂၄) နှစ်ကျော် ရှိသူတစ်ဦး ဖြစ်ပါသည်။ ထိုင်းနိုင်ငံ ထုံဘူရီရှိ King Mongkut University of Technology မှ သဘာဝဂေဟဗေဒ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်ဖြင့် ပါရဂူဘွဲ့ ရခဲ့သူ ဖြစ်သည်။ ဒေါက်တာနေမျိုးရွှေ၏ ပညာရေးနောက်ခံနှင့် အတွေ့အကြုံများမှာ ထိန်းသိမ်းရေးဂေဟဗေဒ၊ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု၊ တောရိုင်းတိရစ္ဆာန်နှင့် နယ်မြေထိန်းသိမ်းရေးတို့ ဖြစ်သည်။ မျိုးစိတ်များ၊ ဂေဟဗေဒနှင့် သဘာဝအလှအပထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနစာတမ်းများစွာကိုလည်း ထုတ်ဝေခဲ့သည်။ WWF-မြန်မာ တွင် သားငှက်ထိန်းသိမ်းရေး ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ယခင်က  Flora and Fauna International အဖွဲ့တွင် တနင်္သာရီဒေသ ထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။