ရာသီဥတုနှင့် စွမ်းအင် | WWF

What would you like to search for?

ကျွန်တော်တို့က လူသားမျိုးနွယ်အတွက် အကြီးမားဆုံး
စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်

© Hkun Lat WWF-Myanmar
ရာသီဥတုနှင့် စွမ်းအင်

ရာသီဥတုနှင့်စွမ်းအင်

လူသားတွေဟာ သက်ရှိတွေ ကြုံတွေ့ခဲ့ဖူးသမျှမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့တိုက်ကြီးတိုင်းက ရာသီဥတုပြောင်းလဲမှုရဲ့ ဒဏ်ကို ခံစားနေရပါတယ်။ ပြင်းထန်တဲ့ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေဟာ အကြိမ်ရေရော ပြင်းထန်မှုအားဖြင့်ပါ မြင့်တက်လာပြီး သန္တာကျောက်တန်းတွေ သေဆုံးကာ ဝင်ရိုးစွန်းရေခဲပြင်တွေ အရည်ပျော်လာပြီး တောမီးလောင်မှု ပြင်းထန်လာသလို ရေရှားပါးတာတွေပါ ဖြစ်နေပါတယ်။

စွမ်းအင်ကို ရယူရာမှာ ကျွန်တော်တို့ရဲ့ မတင်းတိမ်နိုင်တဲ့ လောဘစိတ်က အဓိက အကြောင်းအရင်းပါပဲ။ စက်မှုတော်လှန်ရေး ကာလက စလို့ ကာဗွန်ထုတ်လွှတ်မှုဟာ ထိန်းချုပ်လို့ မရနိုင်အောင် တဖြည်းဖြည်း တိုးတက်လာနေချိန်မှာ သစ်တောတွေနဲ့ သန္တာကျောက်တန်း တွေလို သဘာဝရဲ့ ကာဗွန်စုပ်ယူပေးသူတွေဟာ စိုးရိမ်ဖွယ် ကောင်းလောက်အောင် လျော့ပါး ပျောက်ကွယ် လာနေကြပါတယ်။ ကမ္ဘာ့အရေးမှာ သန့်စင်တဲ့ အစိမ်းရောင် အဖြေရှာမှုတွေက အမြင့်ဆုံး ဦးစားပေး ဖြစ်လာသလို ကမ္ဘာ့ နိုင်ငံတွေက သူတို့ရဲ့ စွမ်းအင် အသုံးချမှု ပုံစံတွေကို ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်နေကြရချိန် မြန်မာကတော့ အခုမှ စတင် လုပ်ဆောင်နေချိန် ဖြစ်ပါတယ်။

လူဦးရေရဲ့ ၃၈% ပဲ အားထားလောက်တဲ့ လျှပ်စစ်စွမ်းအင်ကို ရရှိနေတာပါ။ ဒီလို ကြီးမားတဲ့ ကွာဟချက်က တိုင်းပြည် ဖွံဖြိုးရေးအတွက် အရေးကြီးပေမယ့် ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို ကမ္ဘာ့ ဒုတိယ အဆိုးရွားဆုံး ခံစားနရတဲ့ နိုင်ငံ ဖြစ်တာကြောင့် ရာသီဥတုဒဏ် ခံစားရမှု သက်သာစေရေးနဲ့ ဂေဟစနစ် ထိန်းသိမ်းရေးကလည်း အလားတူ အရေးကြီးပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ဆောင်နေမှုများ

မြန်မာနိုင်ငံဟာ ရုပ်ကြွင်းလောင်စာအပေါ်မှီခိုနေတာမျိုး ဟိုးအရင်ကတည်းက မရှိတာကြောင့် အိမ်နီးချင်း နိုင်ငံတွေရဲ့ စွမ်းအင်ဆိုင်ရာ အမှားမျိုးကို ရှောင်ရှားနိုင်ပြီး နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူတွေကို တလှည့် အကာအကွယ်ပေးနိုင်တယ့် ဂေဟစနစ်ကို ကာကွယ်နိုင်ဖို့ တကယ့် အခွင့်ထူးနေရာမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ နေနဲ့ လေ စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်တွေအပေါ် အဓိက အခြေခံပြီး တစ်နိုင်ငံလုံးကို လျှပ်စစ်ရအောင် လုပ်ဆောင်ပေးမယ့်အဖြေကို အစိုးရနဲ့ လက်တွဲ လုပ်ဆောင်နေပါတယ်။

လျှပ်စစ်မီးရအောင် ဆောင်ရွက်ရာမှာလည်း ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနဲ့ ဂေဟစနစ် ကာကွယ်ထိန်းသိမ်းရေးတွေကနေ ရာသီဥတုဒဏ်ခံနိုင်မှုတို့ထိ သေချာအောင် ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။ ကံကောင်းထောက်မစွာပဲ မြန်မာက အိမ်နီးချင်းနိုင်ငံတွေလိုမျိုး စွမ်းအင်ဆိုင်ရာ အမှားတွေကနေ ရှောင်ရှားနိုင်ဖို့ တကယ့်ကို ကောင်းမွန်လှတဲ့ နေရာမှာ ရှိနေပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ မေားင်းနှင်ပေးနိုင်မယ့် အနာဂတ်ကို ခုန်ကူး အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

စီမံကိန်းအဖွဲ့ မိတ်ဆက်

ရွှန်းစိုဦး
ရွှန်းစိုဦး
ရာသီဥတုနှင့် စွမ်းအင်ဆိုင်ရာ အစီအစဉ်မန်နေဂျာ

ဘာတွေ လုပ်သလဲ

မျက်လှည့်ဆရာပါ။ နေတို့ ရေတို့ လေတို့ကနေ မီးလင်းအောင်လုပ်ပြပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

"ငယ်ငယ်ကတည်းက အမှောင်ကို ကြောက်လို့ပါ။"

ကိုရွှန်းစိုဦးက ဟာသလေးဖောက်ပြီး အခုလိုလဲ ပြောပါတယ်... "ဆိုလာတို့၊ လေစွမ်းအင်တို့လို ခေတ်မီနည်းပညာတွေက မြန်မာနိုင်ငံ လိုက်မမှီလောက်သေးပါဘူး ဆိုတာကို အိတ်ကပ်ထဲမှာ အိုင်ဖုန်းကြီး တကားကားနဲ့ ပြောနေတဲ့သူတွေကိုလဲ ဟားချင်လို့ ဒီအလုပ် လုပ်တာပါ။"

အူဂန် မနန်ဟာ
အူဂန် မနန်ဟာ
ရာသီဥတုနှင့် စွမ်းအင်ဆိုင်ရာ အကြံပေး

ဘာတွေ လုပ်သလဲ

ပြန်ပြည့်မြဲစွမ်းအင်တွေနဲ့ ဆန်းသစ်တီထွင်မှုတွေ လုပ်ပါတယ်။ ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေချင်စဖွယ်နေရာ ဖြစ်အောင် ဖန်တီးနေပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

ကျွန်တော်တို့မှာ ကမ္ဘာဆိုတဲ့ နေအိမ် တစ်ခုပဲ ရှိပါတယ်။ ဒီနေအိမ်ကို ကျွန်တော်တို့ မျိုးဆက်တွေ အမွေဆက်ခံခဲ့ကြသလို နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်း ပေးခဲ့ရပါမယ်။

ပြည့်ဖြိုးအောင်
ပြည့်ဖြိုးအောင်
စွမ်းအင်အစီအစဉ် အကြီးတန်းအရာရှိ

ဘာတွေ လုပ်သလဲ

“လူတွေကို ရေရှည်အကျိုးရှိတဲ့ စွမ်းအင် ရရှိနိုင်အောင် ကြိုးပမ်းနေပါတယ်။”

ဘာဖြစ်လို့ လုပ်တာလဲ

“ပိုတောက်ပပြီး စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို ခံစားကြနိုင်စေချင်လို့ပါ။”

ရတနာအိ
ရတနာအိ
အစိုးရ ဌာနဆိုင်ရာ ဆက်ဆံရေးနဲ့ စွမ်းအင်အရာရှိ

ဘာတွေ လုပ်သလဲ

တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ဓာတ်အားပေး ကွန်ရက်ငယ်တွေ တည်ဆောက်ဖြန့်ဖြူးပေးနိုင်ဖို့ အစိုးရဌာနတွေနဲ့ ချိတ်ဆက်ညှိနှိုင်းတာတွေ လုပ်ဆောင်ပေးပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

မြန်မာနိုင်ငံမှာ စိတ်မချရသလို နိုင်နိုင်နင်းနင်းလဲ မထိန်းသိမ်းဖြစ်တဲ့ ဒီဇယ်ဆီသုံး ဓာတ်အားပေး ကွန်ရက်ငယ်တွေကို နေစွမ်းအင်စနစ်နဲ့ အစားထိုးနိုင်ပြီး သင့်တော်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး စနစ်တွေနဲ့ လျှပ်စစ်မီးပေးနိုင်စေချင်လို့ပါ။

မေသီတာမောင်
မေသီတာမောင်
စွမ်းအင်အစီအစဉ် အရာရှိ

ဘာတွေ လုပ်သလဲ

လူတွေကို သဘာဝနဲ့ သဟဇာတဖြစ်တဲ့ စွမ်းအင်ကို ရရှိလက်လှမ်းမီနိုင်စေဖို့ ကူညီပေးပြီး ပြန်ပြည့်မြဲစွမ်းအင်ကို လူသုံးများလာအောင် အားပေးမြှင့်တင်နေပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

မြန်မာနိုင်ငံက ဖွံ့ဖြိုးနေဆဲ အခြေအနေဖြစ်ပြီး မြန်မာပြည်သူတွေ အများကြီးက လျှပ်စစ်စွမ်းအင် မရဘဲ နေနေကြရပါသေးတယ်။ တစ်ဖက်မှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းအင်ကို ပိုလိုလာပါတယ်။ ကျွန်မတို့ နိုင်ငံက တခြားနိုင်ငံတွေရဲ့ စွမ်းအင်ဆိုင်ရာ အတွေ့အကြုံတွေကို လေ့လာပြီး သူတို့ လုပ်ခဲ့တဲ့ အမှားတွေကို ရှောင်လွှဲ၊ သဘာဝနဲ့ သဟဇာတဖြစ်တဲ့ ဖွံ့ဖြိုးမှုဖြစ်ဖို့ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးချနိုင်ဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။

မေသီဟာ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး WWF တွင် တာဝန် မထမ်းဆောင်ခင်က မြန်မာနိုင်ငံအဝှမ်း ဆိုလာစီမံကိန်းပေါင်း များစွာကို တာဝန်ယူ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

စိုင်းထွန်းညီ
စိုင်းထွန်းညီ
စွမ်းအင်အစီအစဉ် အငယ်တန်းအရာရှိ

ဘာတွေ လုပ်သလဲ

မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် ပိုမိုရရှိနိုင်ရေး လုပ်ငန်းစဉ်ကို ပံ့ပိုးလုပ်ဆောင်ပေးပါတယ်။

ဘာဖြစ်လို့ လုပ်တာလဲ

ကမ္ဘာမြေက ပေးတဲ့ လက်ဆောင်မွန်တွေကို မဖြုန်းတီးပစ်ချင်ပါဘူး၊ အထူးသဖြင့် မြန်မာနိုင်ငံလို လျှပ်စစ်စွမ်းအင်ကို အထူးတလည် လိုအပ်နေတဲ့ အနေအထားမှာ ဒီသဘာဝ အရင်းအမြစ်တွေကပဲ ကျွန်တော်တို့ကို ကူညီပေးနိုင်မှာပါ။

အရင်းအမြစ်များ