The WWF is run at a local level by the following offices...
PR: ကရင်ပြည်နယ်တွင်း သန့်စင်သောစွမ်းအင်ဖြင့် မီးလင်းရေး အလားအလာကောင်းများ တွေ့ရှိထားပြီး လျှပ်စစ်ထုတ်လုပ်နိုင်သည်ထိ ဆက်လက် လုပ်ဆောင်သွားမည်
01 October 2019
ဘားအံ၊ စက်တင်ဘာ ၂၇ ။ ။ ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၏ ဦးဆောင်မှုနှင့်အတူ WWF-မြန်မာသည် လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း ကရင်ပြည်နယ်အတွင်း နေရာအနှံ့လှည့်လည်၍ သန့်စင်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ အလားအလာကောင်းသည့် ဒေသများကို ဆန်းစစ် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည်အထိ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က သဘောတူစာချုပ် (MoA) တစ်စောင်ကို လက်မှတ်ရေးထိုးခြင်းဖြင့် ပြည်နယ်အတွင်း သန့်စင်စွမ်းအင်မှ လျှပ်စစ် ထုတ်လုပ်နိုင်မည့် နေရာနှင့် အလားအလာများ လေ့လာဖော်ထုတ်ရန်၊ ယင်းသို့ လျှပ်စစ်ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာအောင် ကူညီချိတ်ဆက်ပေးရန် စသဖြင့် ပံ့ပိုးကူညီပေးသွားရန် WWF-မြန်မာအား တာဝန် နှင်းအပ်ခဲ့ပါသည်။“ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ကရင်ပြည်နယ်ရဲ့ နေရာ ၁၆ နေရာမှာ သန့်စင်စွမ်းအင်နဲ့ ဆိုင်တဲ့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ၁၆ နေရာစလုံးဟာ ပြည်နယ်အတွက် နေရောင်ခြည်စွမ်းအင်နဲ့ အသေးစား ရေအားလျှပ်စစ် တို့ကနေ လျှပ်စစ်ထုတ်ပေးနိုင်ဖို့ အလားအလာ အလွန်ကောင်းတာကို တွေ့ရှိထားပါတယ်။” ဟု WWF-မြန်မာမှ ရာသီဥတုနှင့် စွမ်းအင်ဆိုင်ရာ အကြံပေး ယူဂန် မနန်ဒဟာ (Ugan Manandhar) က ပြောပါသည်။
WWF-မြန်မာမှ ပြန်ပြည့်မြဲစွမ်းအင် နည်းပညာဆိုင်ရာအဖွဲ့သည် ကရင်ပြည်နယ်အတွင်း သွားရောက်ခဲ့သော နေရာ ဒေသတိုင်းတွင် ဒေသခံများနှင့် တွေ့ဆုံကာ ဒေသတွင်း စွမ်းအင် လိုအပ်ချက်များအကြောင်း ဆွေးနွေးကာ ယင်းဒေသ အနီးဝန်းကျင်တွင် ပြန်ပြည့်မြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အလားအလာများကို ဒေသခံများ၏ အကူအညီဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့အချိန်ထိ လေ့လာဆန်းစစ်မှု ရလာဒ်များကို စုစည်း၍ ကရင်ပြည်နယ်တွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးလာရေး အတွက် အကောင်အထည်ဖော်နိုင်ရန် ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနထံ အစီရင်ခံစာ ၁၀ စောင် တင်ပြ အကြံပြုထားခဲ့ပြီးလည်း ဖြစ်ပါသည်။
“ကျွန်တော်တို့ရဲ့ ပထမဆုံး စီမံကိန်းဖြစ်တဲ့ ကရင်ပြည်နယ်မှာ အခုလို သန့်စင်စွမ်းအင်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မယ့် အလားအလာကောင်းတွေ တွေ့ရှိခဲ့ရတာ တကယ့်ကို အားတက်စရာပါပဲ။ ကရင်ပြည်နယ်မှာ စံနမူနာပြအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီးတဲ့အခါ ကျန် တိုင်းနဲ့ ပြည်နယ်တွေကိုလည်း အလားတူ ဆက်ပြီး ကူညီသွားဖို့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။” ဟု WWF-မြန်မာ၏ စွမ်းအင်ကဏ္ဍဆိုင်ရာ အစီအစဉ် အရာရှိဖြစ်သူ ဦးစိုင်းထွန်းညီက ပြောပါသည်။
ယခုအခါ ကရင်ပြည်နယ်အစိုးရအနေဖြင့် WWF-မြန်မာ၏ လုပ်ဆောင်ခဲ့မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပြည်နယ်အတွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြန်ပြည့်မြဲစွမ်းအင် နည်းပညာဆိုင်ရာ အကူအညီ အထောက်အပံ့များ ဆက်လက် ပေးအပ်ရန် သဘောတူစာချုပ်ကို သက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့် ခွင့်ပြုလိုက် ပါသည်။
WWF-မြန်မာ အနေဖြင့် လာမည့် တစ်နှစ်တာအတွင်း ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ နည်းပညာ အကူအညီများ သာမက ကရင်ပြည်နယ်၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လျှင်မြန်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာမှ စိတ်ပါဝင်စားသူများ၊ နိုင်ငံတကာ အလှူရှင် များနှင့် ပြည်နယ်အစိုးရတို့အကြား ချိတ်ဆက် ဆွေးနွေးနိုင်အောင်လည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။