The WWF is run at a local level by the following offices...
PR: သန့်စင်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအဖြစ်သို့ တက်လှမ်းနိုင်ရန် ဥရောပသမဂ္ဂမှ ပံ့ပိုးကူညီပေးမှု
15 November 2019
မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား သန့်စင်ကုန်ထုတ်လုပ်မှု လုပ်ငန်းများအဖြစ်သို့ တက်လှမ်းနိုင်ရန် ဥရောပသမဂ္ဂမှ ပံ့ပိုးကူညီပေးမှု
ရန်ကုန်၊ နိုဝင်ဘာလ ၁၅ရက် - မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အများဆုံးကဏ္ဍဖြစ်သည့် ၆၀% အထိရှိနေသော စားသောက်ကုန်နှင့် အဖျော်ယမကာ စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးညစ်ညမ်းမှုသည် မြန်မာနိုင်ငံရှိ ရေချိုအရင်းအမြစ် ဂေဟစနစ်အတွက် သိသိသာသာ ခြိမ်းခြောက်နေပါသည်။ ဥရောပသမဂ္ဂမှ အဆိုပါကဏ္ဍ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ရေရှည်တည်တံ့သော ရေနှင့် စွမ်းအင် စီမံခန့်ခွဲသည့် ဆောင်ရွက်ချက်များနှင့် အတူ အစိမ်းရောင် ကုန်ထုတ်လုပ်မှုဆီသို့ ဦးတည်နိုင်ရန် ပံ့ပိုးကူညီပေးနေပါသည်။
“အခုဆိုရင် တိုးတက်လာတဲ့ စက်မှုလုပ်ငန်များရဲ့ ညစ်ညမ်းမှုကနေ မြန်မာ့ထူးခြားလှပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ အဖိုးတန်လှတဲ့ မြစ်တွေကို ကြီးကြီးမားမားခြိမ်းခြောက်နေမှုကို ကာကွယ်ဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အခုလို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက ရေဆိုးသန့်စင်စနစ်ကို ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်တာကိုတွေ့ရတာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုပါ”လို့ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး Kristian Schmidtက ယနေ့ဖွင့်လှစ်တဲ့ ပြည်တွင်းနို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းတစ်ခု၏ ရေဆိုးသန့်စင်စက်ရုံဖွင့်ပွဲတွင် ပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့တွေ သဘာဝစီမံကိန်းမှ တဆင့် မြန်မာ့ စားသောက်ကုန်လုပ်ငန်း ကဏ္ဍအတွက် နည်းပညာ ပညာရှင်များကို ခေါ်ဆောင်လာနိုင်ခဲ့ပြီး သန့်စင်ကုန်ထုတ်လုပ်မှုကို ဦးတည်စေတဲ့ ခြေလှမ်းလှမ်းနိုင်အောင်လည်း ကူညီပံ့ပိုးပေးနေတာပါ” လိုလည်း ပြောကြားခဲ့ပါတယ်။
“သဘာဝ” စီမံကိန်းဆိုသည်မှာ ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးထားသော သန့်စင်ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ပေးခြင်း၊ သဘာဝအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းပေးခြင်း၊ လူသားများ၏သာယာဝပြောရေးကို ထာက်ပံ့ပေးခြင်း၊ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ပေးခြင်းနှင့် စက်မှုလုပ်ငန်းများ၌ အန္တရာယ် ဖြစ်စေနိုင်မှုကို လျှော့ချခြင်း၊ ကုန်ကျစရိတ် လျှော့ချခြင်းနှင့် ရေနှင့် စွမ်းအင်အသုံးပြုမှု လျှော့ချခြင်း စသည်တို့ကို ကူညီပံ့ပိုးပေးနေသော စီမံကိန်းဖြစ်သည်။
ဒီကနေ့တွင် ငွေစင်ပုလဲမှ ၄င်း၏နို့ထွက်ပစ္စည်းစက်ရုံအတွက် ရေဆိုးသန့်စင်စက်ရုံကို “သဘာဝ” စီမံကိန်း၏ နည်းပညာပံ့ပိုးမှုဖြင့် စတင်လည်ပတ် လုပ်ဆောင်ခဲ့ပြီဖြစ်ပါသည်။ အဆိုပါရေဆိုးသန့်စင် စက်ရုံသည် ရေဆိုးညစ်ညမ်းမှုကို လျှော့ချပေးမည် ဖြစ်သောကြောင့် ၄င်းစက်ရုံနှင့် အနီးအနား ပတ်ဝန်းကျင်ရှိ လူထုနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ရေဆိုးအန္တရာယ် ကျရောက်မှု လျှော့ချပေးနိုင်မည်ဖြစ်သည်။
“သဘာဝ”စီမံကိန်း၏ နည်းပညာ အကူအညီဖြင့် ငွေစင်ပုလဲ နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်းမှ ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ “သဘာဝ” စီမံကိန်းအနေဖြင့် ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးတို့ အတွင်းရှိ စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍ၌ပါ၀င်နေသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်များ၌ သန့်စင်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သတ်သော အသိပညာများ မြှင့်တင်ပေးခြင်းနှင့် အဆိုပါ လုပ်ငန်းများမှ လုပ်ငန်း(၁၁)ခုအတွက် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ရန် သင့်လျော်သော ဒီဇိုင်းနှင့် နည်းပညာ အထောက်အပံ့များကို လည်းပံ့ပိုးပေးခဲ့ပြီးဖြစ်ပါသည်။
ငွေစင်ပုလဲ နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်ဝင်းကလည်း “သဘာဝစီမံကိန်းက အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးမှုများသာမက ကျွန်တော်တို့လို စီးပွားရေး လုပ်ငန်းရှင်တွေအတွက် သန့်စင်ကုန်ထုတ်လုပ်မှုကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရာမှာ လုပ်ဆောင်နိုင်ဖို့ပါ နည်းပညာ အထောက်အပံ့တွေကိုလည်းပံ့ပိုးပေးပါတယ်။ ကျွန်တော့် အမြင်ကတော့ ဒီရေဆိုးသန့်စင်စက်ရုံတည်ဆောက်နိုင်တာက သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုကို လျှော့ချနိုင်တာရဲ့ အစပါ။ အခုတော့ ကျွန်တော့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့သာမက နိုင်ငံနဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ နိုင်ငံသားကောင်းတစ်ယောက် အနေနဲ့ပါ ဂုဏ်ယူနိုင်ပါပြီ” လို့ ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ အနေဖြင့် တခြားစီးပွားလုပ်ငန်းတွေကပါ လိုက်ပါလုပ်ဆောင်နိုင်အောင် အခုလို ငွေစင်ပုလဲ လုပ်ငန်းမှ ဦးဆောင်ခြေလှမ်း လှမ်းလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ယခုလို ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်လိုက်ခြင်းအားဖြင့် စားသောက်ကုန်နဲ့ အဖျော်ယမကာကဏ္ဍ၏ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွင်း စံနမူနာကောင်း ဥပမာတစ်ခုပဲဖြစ်ပါတယ်။ သဘာဝစီမံကိန်းအနေနဲ့ကတော့ သန့်စင်ကုန်ထုတ်လုပ်မှုကို နောက်ထပ် စားသောက်ကုန်နဲ့ အဖျော်ယမကာကဏ္ဍမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများတွင်လည်း တိုးမြှင့်ဖို့အတွက် မျှော်လင့်ပါတယ်”လို့ သဘာဝစီမံကိန်း၏ မန်နေဂျာ Ujjwal Pokhrelကပြောပါသည်။
“သဘာဝ” စီမံကိန်းအနေဖြင့် ပိုမိုထိရောက်စေရန်နှင့် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ တည်ဆောက်ဖြစ်ပေါ်လာစေရန် အစိုးရကိုလည်း ပံ့ပိုးကူညီမှုပေးပါသည်။ အထူးအားဖြင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် လုပ်ထုံးလုပ်နည်းများ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် “သဘာဝ” စီမံကိန်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်း၏ ထပ်ဆောင်းအနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ပြည်တွင်း ငွေကြေးအဖွဲ့အစည်းများ အစိမ်းရောင်ငွေကြေးဆိုင်ရာ ရွေးချယ်မှုများ ရရှိနိုင်ရေးနှင့် ပတ်သတ်သည်များကို ပံပိုးကူညီရန် အစိတ်အပိုင်း တစ်ခုအနေဖြင့်ပါဝင်ပါသည်။
“သဘာဝ” စီမံကိန်းအကြောင်း
ယခု စီမံကိန်း၏အမည် "သဘာဝ"သည် စက်မှုလုပ်ငန်းများမှ အသုံးပြုနေသည့် သဘာဝနှင့် အရင်းအမြစ်များ အပေါ်တွင် ခိုင်မာသည့် ကတိကဝတ်ပြု၍ လုပ်ဆောင်သွားမည်ဟု ထုတ်ဖော်ပြသနေသည်။ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် လုပ်ငန်းလည်ပတ်မှု နည်းလမ်းမျိုးကို လိုက်နာကျင့်သုံး သွားမည်ဆိုသော ကတိကဝတ်ကို ရည်ညွှန်းသည်။
၄င်းကို ၂၀၁၈ ခုနှစ်၊ မေလတွင် စတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF)၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း (MFPEA)နှင့် Savings Banks Foundation for International Cooperation(SBFIC)တို့၏ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်သည်။၄င်းသည် မြန်မာနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းများတွင် သန့်စင်ထုတ်လုပ်မှုကို အားပေး တိုက်တွန်းလျှက်ရှိသည်။ “သဘာဝ”စီမံကိန်းသည် လေးနှစ်စီမံကိန်း ဖြစ်ပြီး ဥရောပသမဂ္ဂ၏ SWITCH-Asia Programmeမှ ရန်ပုံငွေ ထောက်ပံ့ထားသည်။
WWF အကြောင်း
WWF ဆိုသည်မှာ ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့ သားငှက် တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)
ဥရောပ သမဂ္ဂ၏ မြန်မာနိုင်ငံအတွင်း စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့များအကြောင်း
ဥရောမသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော စိမ်းလန်းသော စီပွားရေးတစ်ခုအတွက် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ရန်အတွက် Myanmar Climate Change Alliance (MCCA)၊ ပိုမိုကောင်းမွန်သော သစ်တော စီမံခန့်ခွဲမှုအတွက် FLEGTနှင့် မန္တလေးမြို့ရှိ မြို့ပြ စီမံခန့်ခွဲမှုအတွက် MUSIP ကဲ့သို့သော လှုပ်ရှားမှုပေါင်း များစွာရှိပါသည်။ SWITCH-Asia အစီအစဉ်အောက်တွင် ရေရှည်အကျိုးစီးပွားကို မျှော်ကိုးသည့် စားသုံးမှုနှင့် ထုတ်လုပ်မှု စီမံကိန်းများကို အထည်ချုပ်လုပ်ငန်း နယ်ပယ်အတွက် SMART Myanmar မှတဆင့်လည်းကောင်း၊ F&B ကဏ္ဍအတွက် သဘာဝစီမံကိန်းမှတဆင့် လည်းကောင်း ဥရောပသမဂ္ဂမှရန်ပုံငွေထောက်ပံ့ပေးလျက်ရှိသည်။