What would you like to search for?

PR:COVID-19 ရောဂါပျံ့ပွားမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တောရိုင်းတိရစ္ဆာန် စျေးကွက်များ ပိတ်သိမ်းရေး ထောက်ခံသူများပြား

07 April 2020

ရန်ကုန်၊ ဧပြီ ၇။ ။ ယနေ့ကျရောက်သည့် ကမ္ဘာ့ကျန်းမာရေးနေ့တွင် ထုတ်ပြန်သည့် WWF ၏ သုတေသနပြုချက်သစ်အရ လက်ရှိ ကမ္ဘာတစ်ဝှမ်း ဆိုးရွာလှသော ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများကို ကြုံတွေ့နေရချိန်တွင် တရားမဝင်နှင့် ကြီးကြပ်အရေးယူမှုမှ လွတ်ကင်းနေသော တောရိုင်းတိရစ္ဆာန် စျေးကွက်များကို ပိတ်သိမ်းသွားရန် မြန်မာနိုင်ငံမှ စစ်တမ်းဖြေဆိုသူများ၏၉၆ ရာခိုင်နှုန်းက အားပေးထောက်ခံကြောင်း တွေ့ရှိရသည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါက တိရစ္ဆာန်များမှ တစ်ဆင့် လူများထံသို့ ကူးစက်နိုင်သည့် ရောဂါများ၏ အန္တရာယ်ကြီးမားပုံကို ပြသနေပြီး၊ တောရိုင်းတိရစ္ဆာန် စျေးကွက်များသည်လည်း အလေးထား စောင့်ကြည့်ရမည့် နေရာများ ဖြစ်လာခဲ့သည်။
ထို့ကြောင့် အဆိုပါစျေးကွက်များ တည်ရှိနေသည့် နိုင်ငံများအနက် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင် နှင့် ဂျပန် နိုင်ငံတို့မှ လူဦးရေ ၅၀၀၀ ခန့်ပါဝင်သည့် စစ်တမ်းတစ်ခု[၁] ကို မတ်လ အစောပိုင်း က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်တမ်းတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံမှ ဖြေဆိုသူများ၏ ၇၉ ရာခိုင်နှုန်းက လက်ရှိဖြစ်ပေါ်နေသည့် ရောဂါအခြေအနေများ အပေါ် အလွန့်အလွန် သို့မဟုတ် အလွန် စိုးရိမ်ပူပန်မိကြောင်း   ဖြေဆိုခဲ့ကြပြီး၊ ၉၁ ရာခိုင်နှုန်းက နိုင်ငံအတွင်းရှိ တရားမဝင်နှင့် ကြီးကြပ်အရေးယူမှုမှ လွတ်ကင်းနေသော တောရိုင်းတိရစ္ဆာန်စျေးကွက်များကို ပိတ်သိမ်းခြင်းဖြင့် အလားတူ ကပ်ရောဂါမျိုး ထပ်မံမဖြစ်ပွားစေရန် ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။

“မြန်မာနိုင်ငံသား အများအပြားဟာ အန္တရာယ်များတဲ့ တောရိုင်းတိရစ္ဆာန်စျေးကွက်တွေ ပိတ်သိမ်းသွားရေး အစိုးရကို ထောက်ခံအားပေးသွားမှာ ဖြစ်ကြောင်း ပြသထားပါတယ်။ တရုတ်နိုင်ငံကတော့ စတင် လုပ်ဆောင်ခဲ့ပါပြီ။ ဗီယက်နမ်နိုင်ငံမှာလည်း အလားတူပါပဲ။ ဒါပေမယ့် အခုအချိန်မှာ ဒေသတွင်း နိုင်ငံတွေ က အစိုးရတိုင်းဟာ ယခုထက် ပိုပြီးတော့ အင်တိုက်အားတိုက် ဆောင်ရွက်ရမယ့်အချိန် ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန် ရောင်းချမှုတွေ၊ တောရိုင်းတိရစ္ဆာန်နဲ့ အစိတ်အပိုင်းတွေကို စားသုံးဖို့၊ ဆေးဝါးဖော်စပ်ဖို့နဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးစားဖို့အတွက် ဝယ်ယူနေမှုတွေ အားလုံး ကို လူသားတွေ အားလုံးရဲ့ အကျိုးကို ရှေ့ရှုပြီး ရပ်တန့်ပစ်ရမယ့် အချိန်ရောက်နေပါပြီလို့ ပြောကြားလိုပါတယ်” ဟု WWF-မြန်မာ ၏ ဌာနေညွှန်ကြားရေးမှူး  နစ်ခ်ကော့စ် က ပြောကြားခဲ့သည်။      
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ရောဂါသည် တောရိုင်းတိရစ္ဆာန်များမှ တစ်ဆင့် လူများထံသို့ ကူးစက်ဖြစ်ပွားသော ရောဂါဖြစ်ကြောင်း အတည်ပြုထားပြီး၊ ယခင်က ကူးစက်ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါများ ဖြစ်ကြသည့် ဆားစ်၊ မားစ် နှင့် အီဘိုလာ တို့သည်လည်း တောရိုင်းတိရစ္ဆာန်များမှ တစ်ဆင့် လူသားတို့ထံ ကူးစက်ဖြစ်ပွားသော ရောဂါများ ဖြစ်ကြသည်။ တရုတ်နိုင်ငံ အစိုးရသည်လည်း ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်၍ နိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်း ကို တားမြစ်ခဲ့သည်။ ယခုစစ်တမ်း သည် အာရှတိုက် အတွင်း COVID-19 နှင့် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုအကြား ဆက်စပ်မှုနှင့် ပတ်သက်၍ အများပြည်သူ၏ သဘောထားအမြင်များကို စုစည်းထားသည့် ပထမဦးဆုံးသော စစ်တမ်းဖြစ်ပါသည်။

"COVID က ကျွန်မတို့အားလုံး ကို လှုပ်နှိုးလိုက်တာပါ။ ကြီးကြပ်အရေးယူနိုင်မှု အားနည်းနေတဲ့ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုကြီးဟာ ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ စီးပွားရေး အတွက်သာ အန္တရာယ်ရှိတာ မဟုတ်ဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွေကိုပါ ပျက်ပြားစေပါတယ်။ တိရစ္ဆာန်တွေကနေ တစ်ဆင့် လူသားတွေကို ကူးစက်တက်တဲ့ နောက်ထပ် ကမ္ဘာ့ကပ်ရောဂါတစ်ခု ထပ်မဖြစ်လာအောင် တားဆီးဖို့ဆိုရင် အစိုးရတွေ အနေနဲ့ အခုကိုပဲ တုန့်ပြန်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း အများကြီး အရးပါပါတယ်။ ကျွန်မတို့ ကိုယ်တိုင် နဲ့ ကျွန်မတို့ ချစ်တဲ့ မိသားစုတွေကို ကာကွယ်နိုင်ဖို့အတွက် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို မဝယ်ပါနဲ့၊ မသုံးစွဲကြပါနဲ့" ဟု WWF-မြန်မာ ၏ သားငှက်တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အစီအစဉ် မန်နေဂျာ ဂရေ့စ်ဟွာ က ဆိုသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အဆိုပါစစ်တမ်းတွင် ပါဝင်ခဲ့သူများ၏ ၈ ရာခိုင်နှုန်းက ၄င်းတို့ကိုယ်တိုင် (သို့မဟုတ်) ၄င်းတို့နှင့် သိကျွမ်းသည့် တစ်စုံတစ်ယောက်သည် လွန်ခဲ့သည့် ၁၂ လအတွင်း ပေါ်ပေါ်ထင်ထင် ရောင်းချနေသော တောရိုင်းတိရစ္ဆာန်စျေးကွက် တစ်ခုခုတွင် တောရိုင်းတိရစ္ဆာန်များ ကို ဝယ်ယူခဲ့ကြောင်း ဖြေဆိုခဲ့ကြသည်။ သို့သော် ထိုသို့ ဖြေဆိုခဲ့သူများ အနက်မှ ၈၀ ရာခိုင်နှုန်းက အလားတူ ဝယ်ယူမှုမျိုးကို အနာဂတ်တွင် ပြုလုပ်ရန်  အလားအလာ နည်း (သို့မဟုတ်) အလွန် နည်းကြောင်း ဖြေဆိုခဲ့ကြသည်။

အန္တရာယ်များသည့် တောရိုင်းတိရစ္ဆာန် မျိုးစိတ်များမှာ သင်းခွေချပ်၊ ကြောင်ကတိုး၊ ရက်ကွန်းခွေး၊ တောကြောင်၊ ပရိုင်းမိတ်မျိုးနွယ်များ (ဥပမာ - မျောက်၊ မျောက်မောင်းမ၊ တာစီရာ စသည်)၊ လင်းနို့များ၊ ကိုက်ဖြတ်တတ်သော မျိုးစိတ်များ (ဥပမာ - ကြွက်၊ ရှဉ့်၊ ဟမ်းစတား စသည်)၊ မြွေများ၊ လိပ်များ နှင့် ငှက်များ ဖြစ်ကြသည်။

တောရိုင်းတိရစ္ဆာန် ကုန်သွယ်ခြင်း သည် ကျက်စားနယ်မြေများ ပျက်ဆီးဆုံးရှုံးရမှု ပြီးလျှင် ကမ္ဘာအဝှမ်း ဇီဝမျိုးစုံမျိုးကွဲများ အတွက် ဒုတိယအကြီးမားဆုံး ခြိမ်းခြောက်မှုကြီး  ဖြစ်သည်။ ၁၉၇၀ ခုနှစ်မှ စတင်၍ ကမ္ဘာပေါ်ရှိ ကျောရိုးရှိသတ္တဝါမျိုးစိတ်များ၏ အရေအတွက်မှာ ပျမ်းမျှအားဖြင့် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှုများဆိုင်ရာ အစိုးရအဖွဲ့များအကြား သိပ္ပံနှင့် မူဝါဒရေးရာ ညှိနှိုင်းလုပ်ဆောင်ရေးစင်္ကြံ (Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services - IPBES) ၏ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးစိတ်များ ၏ ၂၅ ရာခိုင်နှုန်းခန့် သည် လက်ရှိအချိန်တွင် မျိုးသုဉ်းလုနီးပါး ခြိမ်းခြောက်မှု အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။
----- ပြီး -----
 
WWF ဆိုသည်မှာ                                                                                     www.wwf.org.mm
ကမ္ဘာ့အကြီးဆုံး နှင့် အများလေးစားမှု အခံရဆုံးသော အမှီအခိုကင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အနက် တစ်ခု ဖြစ်ပြီး၊ ကမ္ဘာအဝှမ်း နိုင်ငံပေါင်း ၁၀ဝကျော်တွင် ထောက်ခံ အားပေးသူ ၅သန်းကျော်၏ အကူအညီဖြင့် လည်ပတ်ဆောင်ရွက်နေသော အဖွဲ့ကြီး ဖြစ်ပါသည်။ WWF ၏ လုပ်ငန်း ရည်မှန်းချက်မှာ ဇီဝမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့နိုင်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရန် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေ၍ အလဟဿ ပြုန်းတီးစေသည့် အသုံးပြုမှုများအား လျှော့ချရန် အားပေးတိုက်တွန်းခြင်း အားဖြင့် ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှုကို တားဆီးရန် နှင့် လူသား နှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီ ရှင်သန်နေထိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး ဖြစ်သည်။ WWF-မြန်မာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ယင်း၏ လုပ်ငန်းအစီအစဉ်များတွင် သားငှက်ထိန်းသိမ်းရေး၊ ၎င်းတို့ ကျက်စားရာ သစ်တောများ ထိန်းသိမ်းရေး၊ အစိမ်းရောင် စီးပွားရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးမြှင့်တင်ခြင်း၊ ရေချိုဒေသများ ထိန်းသိမ်းရေးနှင့် သဘာဝ သဟဇာတ စီးပွားရေးလုပ်ငန်းတို့ ပါဝင်သည်။
WWF ၏ အမည် အပြည့်အစုံမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး (ယခင်က ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ဟု လူသိများပါသည်။)

မီဒီယာကိစ္စ ဆက်သွယ်ရန် -
ဦးစောလင်းထက်
ဆက်သွယ်ဆက်ဆံရေး အကြီးတန်း အရာရှိ၊ WWF-မြန်မာ
sawlinn.htet@wwf.org.mm ၊ ၀၉ ၄၂၁ ၈၉၈ ၅၆၆    

အယ်ဒီတာများ သိပါရန်
စစ်တမ်းတွေ့ရှိချက်များ ကို သွားရောက်  ဤလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

[၁] GlobeScan မှ ပြုစုခဲ့သည့် အွန်လိုင်းစစ်တမ်း

၂၀၂၀ပြည့်နှစ် မတ်လ (၃)ရက်မှ (၁၁)ရက် အကြားတွင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသ၊ ဂျပန်၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့မှ နိုင်ငံတစ်နိုင်ငံတွင် ဖြေဆိုသူ အယောက် (၁၀၀၀) နှင့် စုစုပေါင်း ဖြေဆိုသူ အယောက် (၅၀၀၀) ကို မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူများ ကို ကျပန်း ရွေးချယ်ထားခြင်း ဖြစ်ပြီး၊ ၄င်းတို့သည် စျေးကွက်အလိုက် အွန်လိုင်း အသုံးပြုသူများ အနက် ကျား/မ နှင့် အသက်အရွယ် အမျိုးမျိုး ကို ကိုယ်စားပြုပါသည်။
 
 
Media Contact
Saw Linn Htet
+95 1 8229331