What would you like to search for?

စွမ်းအင်ခြိုးခြံချွေတာမှုဆိုင်ရာ ဆရာဖြစ်သင်တန်း

WWF- မြန်မာ၏ သဘာဝ စီမံကိန်းမှ စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာနည်းပညာ နှင့် သက်ဆိုင်သော အင်ဂျင်နီယာ သို့မဟုတ် သင်ကြားလေ့ကျင့်ပေးမည့် ဘာသာရပ်နှင့် နောက်ခံအကြောင်းအရာ ဆက်စပ်မှုရှိသော စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား သင်တန်းသားများကို ရှာဖွေနေပါသည်။

အဆိုပါသင်တန်းသည် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍတွင် စွမ်းအင်ထိရောက်စွာ အသုံးချနိုင်မှုဆိုင်ရာ ဆရာဖြစ်သင်တန်း (Training of Trainers_-ToT) ဖြစ်ပြီး စာတွေနှင့် လက်တွေ့(ကွင်းဆင်း)အပါအ၀င် (၁၀) ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်သည်။ ရွေးချယ်ခံရသူများအနေဖြင့်လည်း အဆိုပါဘာသာရပ်နှင့်သက်ဆိုင်သော  တဆင့်မြှင့်သင်တန်းတွင်လည်း ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်် ဖြစ်သည်။အဆိုပါ ဆရာဖြစ်သင်တန်းကို နိုင်ငံတကာအကြီးတန်း နည်းပညာရှင်နှင့် ကျွမ်းကျင်ပညာရှင်တို့က သင်ကြားပို့ချသွားမည် ဖြစ်သည်။ သင်တန်းကာလအတွင်း စီမံကိန်းနှင့်ဆက်စပ်နေသည့် ကုမ္ပဏီများသို့  လက်တွေ့ ကွင်းဆင်း လေ့လာခြင်းကိုလည်း ဆောင်ရွက်သွားမည်။

သင်တန်းတွင် ပါ၀င်မည့်အဓိက သင်ခန်းစာများမှာ-
  •  စွမ်းအင်ထိရောက်စွာ အသုံးပြုနိုင်မှုဆိုင်ရာ အခြေခံအကြောင်းအရာများ၊
  •  ယေဘူယျ စက်ရုံသုံး စက်ပစ္စည်း ကိရိယာများနှင့် သက်ဆိုင်သော စွမ်းအင် ထိရောက်စွာ အသုံးပြုနိုင်မှုဆိုင်ရာ နည်းပညာများ၊
  • စွမ်းအင်ထိရောက်မှုဆိုင်ရာ အကြံပေးတစ်ဦး၏ အခန်းကဏ္ဍနှင့် ကွင်းဆင်းစစ်ဆေးအကဲဖြတ်မှုများ  ဆောင်ရွက်ရာတွင် ချဉ်းကပ်ရမည့် နည်းလမ်းများ၊
  • စက်ရုံအများစုတွင် အသုံးများသော စက်ပစ္စည်းကိရိယာများဖြစ်သည့် ဘွိုင်လာ၊ မော်တာ၊ မီးအလင်းပေးယူနစ်   ကဲ့သို့သောပစ္စည်းများ၏ အသေးစိတ်တိကျသော အချက်အလက်များနှင့် စွမ်းအင်အသုံးပြုနေမှုများ၊
  • စက်ရုံများတွင် စွမ်းအင်ထိရောက်စွာ အသုံးပြုနိုင်မှုဆိုင်ရာ ကွင်းဆင်းစစ်ဆေး အကဲဖြတ်မှုများ ဆောင်ရွက်ရာတွင် အသုံးပြမည့် တိုင်းတာရေးကိရိယာများနှင့် အချက်အလက်ဖြည့်သွင်းရမည့် ပုံစံ(template) များ အသုံးပြူပုံ၊
  • စက်ရုံ စီမံခန့်ခွဲမှု တာဝန်ရှိသူထံသို့ တွေ့ရှိချက်များအား အကောင်အထည်ဖော် ဆောင်ရွက်စေရန် အစီရင်ခံစာတင်ပြရေးသားခြင်းများ၊
  • စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်မည့်ပမာဏ တွက်ချက်ခြင်းနှင့် စက်ရုံစီမံခန့်ခွဲမှု တာဝန်ရှိသူထံသို့ အကြံပြုခြင်းများ၊ နှင့်
  • အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် စွမ်းအင်လျှော့ချမှုလုပ်ငန်းစဉ်များ၏ အကျိုးထိရောက်မှု ခိုင်မာကြောင်း သေချာစေရန်လက်တွေ့ တိုင်းတာ တွက်ချက်နည်းများ
အောက်ပါ သတ်မှတ်ချက်များဖြင့် ကိုက်ညီသော စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
  • နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ရှိ​သော၊  စီမံကိန်းလှုပ်ရှားမှုများနှင့် သင်တန်း၏ လိုအပ်ချက်အရ စေ့စပ်ညှိနှိုင်းမှု များတွင် တက်ကြွစွာပါဝင်လိုစိတ်ရှိ​ေသူများ၊
  • ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းများနှင့် စက်ရုံစီမံခန့်ခွဲမှုနည်းပညာရှင်များနှင့် လက်တွဲလုပ်ဆောင်လိုသူများ၊
  • တက်ကြွစွာလေ့လာသင်ယူလိုစိတ်ရှိပြီး အစီရင်ခံစာပြင်ဆင်ရာတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကောင်းမွန်စွာရေးသားနိုင်သူများ၊
  • လျှပ်စစ်အင်ဂျင်နီယာ (သို့) စက်မှုအင်ဂျင်နီယာနှင့် ဆက်စပ်သော အင်ဂျင်နီယာဘွဲ့ရရှိသူဖြစ်ပြီး လုပ်ငန်းခွင် အတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိသူဖြစ်ရန်လိုအပ်သည်။ မဟာဘွဲ့ရရှိထားသူဖြစ်ပါက လုပ်ငန်းခွင် အတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိလျှင်လည်း လျှောက်ထားနိုင်ပါသည်။
  • သင်တန်းကာလအတွင်း စက်ရုံများသို့ ကွင်းဆင်းလေ့လာလိုစိတ်ရှိသူဖြစ်ရမည်။
သင်တန်းပြီးဆုံးပါက စီမံကိန်းမှ ရှေ့ဆက်ဆောင်ရွက်မည့်စွမ်းအင်ထိရောက်စွာအသုံးပြုနိုင်ခြင်းဆိုင်ရာ စက်ရုံတွင်းကွင်းဆင်းစစ်ဆေးအကဲဖြတ်မှုများတွင် လုပ်ဆောင်ပါမည် ဟု စီမံကိန်းအဖွဲ့ဖြင့် ကတိကဝတ် ပြုရန် လိုအပ်ပါသည်။

လျှောက်ထားသူများအတွင်း အစားအသောက်ထုတ်လုပ်ခြင်းနှင့် ၄င်းနှင့်ဆက်စပ်သော စက်မှုလုပ်ငန်းများတွင် အတွေ့အကြုံရှိသူကို ဦးစားပေးစဥ်းစားမည်ဖြစ်သည်။ယခု ဆရာဖြစ်သင်တန်းသည် သင်တန်းကြေး အခမဲ့ဖြစ်ပြီး သင်တန်း၏ ကုန်ကျစရိတ်ကို စီမံကိန်းမှအကုန်ကျခံဆောင်ရွက်ခြင်းဖြစ်ပါသည်။ သင်တန်းသားများကို ရွေးချယ်ရာ တွင် လူတွေ့စစ်ဆေးမေးမြန်းခြင်းလည်းပါဝင်မည်ဖြစ်သည်။

အထက်ပါ အရည်အချင်းနှင့်ပြည့်စုံသော လျှောက်ထားလိုသူ နိုင်ငံသားများသည် mayzaw.htet@wwf.org.mm အီးမေးလ်သို့ မေလ ၂၃ ရက် နောက်ဆုံးထား၍ တက်ရောက်လိုသည့် အကြောင်းအရင်းကို ဖော်ပြသည့် စာ နှင့်အတူ ကိုယ်ရေးအကျဥ်း ပေးပို့လျှောက်ထားနိုင်သည်။

သဘာဝ စီမံကိန်းဆိုသည်မှာ ၄ နှစ်စီမံကိန်းဖြစ်ပြီး ရေဆိုးသန့်စင်မှု၊ စွမ်းအင်ထိရောက်စွာ အသုံးပြုနိုင်မှုနှင့် ပြန်လည်ပြည့်မြဲစွမ်းအင် ကဏ္ဍများကို အစားသောက်နှင့် အဖျော်ယမကာလုပ်ငန်းများတွင် ဖွံ့ဖြိုးလာစေရန် ဥရောမသမဂ္ဂမှ အာရှ-ပစိဖိတ်ဒေသ အတွင်း ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှု ကနဦးလှုပ်ရှားမှုများကို ငွေကြေးထောက်ပံပေးသော SWITCH-Asia အစီအစဥ်မှပံ့ပိုးခြင်းဖြစ်သည်။ သဘာဝ စီမံကိန်း၏ လှုပ်ရှားမှုတစ်ခုအနေဖြင့် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍတွင် စွမ်းအင်အသုံးပြုမှုနှင့် ဆက်စပ်နေသောကုန်ကျစရိတ်များလျှော့ချနိုင်စေရန် အကြံပေးနိုင်သော နိုင်ငံသား ပညာရှင်အစုအဝေးကိုလည်း ဖော်ဆောင်နိုင်ရန် မျှော်မှန်းထားပါသည်။ အဆိုပါပညာရှင်များအနေဖြင့် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFPEA)၌ စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်းနှင့်အတူ အသင်း၏ ကုမ္ပဏီများအတွက် စွမ်းအင်အကျိုးရှိစွာ အသုံးပြုနိုင်ရန် အကြံပေးဝန်ဆောင်မှုများကို အခကြေးငွေဖြင့် ဆောင်ရွက်နိုငမည့် အခွင့်အရေးကိုလည်းရရှိနိုင်ပါမည်။ ယခု ဆရာဖြစ်သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများသည် အဆိုပါပညာရှင်များ အစုအဝေးတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီး အလားအလာရှိသော စီးပွားရေးလုပ်ငန်း နယ်ပယ်ကျယ်သို့ တက်လှမ်းနိုင်သည့် အကျိုးကျေးဇူးများလည်း ရရှိမည်ဖြစ်ပါသည်။